သူတို့အာဘော် မောင်မိုးသူ

အကောင်းပြိုင်ကြဖို့လိုပြီ နဲ့ ဘကြီးမိုး

အကောင်းပြိုင်ကြဖို့လိုပြီ နဲ့ ဘကြီးမိုး
(ကုမုဒြာဂျာနယ်၊ သြဂုတ် ၁၀) မိုးမခ၊ သြဂုတ် ၃၀၊ ၂၀၁၆
ဩဂုတ်လ ၅ ရက်နေ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက တပ်မတော်အနေနဲ့ အမိန့်စောင့်နေစရာ မလိုဘဲနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်တယ်လို့သိတာနဲ့ တစ်ပြိုင်နက်အဲသည်တပ်ရင်းတပ်ဖွဲ့တွေကို သွားရောက် အကူအညီပေးဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်လို့ ပြောပါတယ်။

တပ်မတော်ရဲ့သဘော၊ စစ်တပ်ရဲ့သဘောသဘာဝအရအမိန့်ရမှလုပ်ပိုင်ခွင့်ရှိသဟာကို ယခုလိုတပ်မတော်အကြီး အကဲတစ်ယောက်က ပြည်သူပြည်သားတွေရဲ့ အခက်အခဲဘေးအန္တရာယ်ကြုံလာရင် အမိန့်စောင့် စရာမလိုဘဲ ကူညီလုပ်ဆောင်ပေး ရမယ်လို့ ပြောကြားလိုက်ခြင်းဟာ ပြည်သူကိုမျက်နှာမူတာပဲ၊ ပြည်သူရဲ့ကောင်းကျိုးကို လိုလားလုပ်ဆောင်တာပဲဆိုပြီး ဘကြီးမိုးဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူနေမိပါတယ်။ တစ်ချိန် တည်းမှာပဲလွန်ခဲ့တဲ့ ၂၇ နှစ်လောက်က ဘကြီးမိုးပြောခဲ့ဖူးတဲ့ မိန့်ခွန်း စကားတစ်ခုကို ပြေးပြီးအမှတ်ရမိပါတယ်။

ဖြစ်ပုံက သည်လိုပါ။ ဘကြီးမိုးဟာ ဖွဲ့စည်းတည်ထောင်ခါစ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လျှောက်လွှာဖောင် ကြေညာစာတမ်း၊ ပြန်ကြားရေးဆိုင်ရာစာရွက်စာတမ်းများကိုတာဝန်ခံပြီး ရိုက်နှိပ်ရပါတယ်။ အဲဒါကို တိုင်းနဲ့ပြည်နယ်အသီးသီးက တာဝန်ခံသူများက ရန်ကုန်ဌာနချုပ်က ဘကြီးမိုးရုံးထဲကဖောင်တွေ စာရွက်စာတမ်းတွေကိုပါသလောက်ပိုက် ဆံပဲပေးကြပြီး အကြွေးယူသွားကြတယ် ခင်ဗျ။ အဲသည်တော့ ဘကြီးမိုးဆီမှာ စာရင်း အရ တိုင်းနဲ့ပြည်နယ်အဖွဲ့များဆီက ရစရာကြွေးတွေ ရှိသပေါ့ခင်ဗျ။ တစ်ခါတော့ဘကြီးမိုးက မွန်ပြည်နယ်မော်လမြိုင်ကို သွားစရာရှိတယ်။ ခရီးသွားဟန်လွှဲမွန် ပြည်နယ် တာဝန်ခံများဖြစ်တဲ့ ဦးလွန်းတင်၊ ဦးချမ်းအေးတို့ဆီကရစရာရှိတဲ့ စာရွက်စာ တမ်းကြွေးတွေ တောင်းရတာပေါ့ခင်ဗျ။ သူတို့ကလည်း ထိုက်တန်သမျှပေးကြပါတယ်။ အဲသည်အချိန်မှာ မော်လမြိုင်နားက မုဒုံထင်ပါရဲ့။ မြို့နယ်ညီလာခံစုံညီ အစည်းအဝေး ရှိတယ်ခင်ဗျ။ အဲသည်တော့ ဦးလွန်းတင်တို့၊ ဦးချမ်းအေးတို့ကလူကြီးလေ။ ဘကြီးမိုးကို ဟေ့ငနဲလေး၊ မောင်ရင်လေးက ဌာနချုပ်ကလာတာ၊ လူကြီးပဲ၊ အဲသည်အစည်းအဝေးမှာ သွားပြီး စကားပြောလိုက်လို့ ညွှန်ကြားတာကိုး။ ဘကြီးမိုးကလည်း စာရေးဆရာ မဟုတ်လား။ စကားပြောရမယ်၊ မိန့်ခွန်းပြောရမယ်ဆိုရင် ဘယ်နောက်တွန့်လိမ့်မှာတုံး။ ရှစ်လေးလုံးကာလမှာကတည်းက မနားမနေတောက်လျှောက် စကားတွေပြောခဲ့တဲ့ ငနဲပဲဟာ။ အဲဒါနဲ့ အဲသည်စုံညီအစည်းအဝေးမှာဘကြီးမိုးကမိန့်ခွန်းသွားပြောခဲ့ပါ တယ်။ ဘကြီးမိုး လက်တန်းစိတ်ထဲမှာရှိတာကိုပြောလိုက်တာပါ။ ဘာတွေညာတွေလည်း စဉ်းစားမနေပါဘူး။ ဘကြီးမိုးက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ဖခင်ဗိုလ်ချုပ်အောင် ဆန်းတို့နှစ်ဦးကို နှိုင်းယှဉ်ပြီးပြောမိတာခင်ဗျ။ ဘကြီးမိုးကပြောတာကသည်လိုလေ။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ရကိုင်ရတာကရှင်းတယ်။ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ရေး လုပ်ပြီးတိုင်းပြည်က တွန်းလှန်တိုက်ထုတ်တယ်။ ပြီးတော့ အင်္ဂလိပ်အစိုးရထံက လွတ်လပ်ရေးရဖို့၊ အင်္ဂလိပ်အစိုးရက မြန်မာပြည်ကနေဆုတ်ခွာသွားဖို့ အင်္ဂလန်သွားပြီး အရေးဆိုရတာကိုး။ ဗိုလ်ချုပ်ကရှင်းတယ်။ ကိုယ့်တိုင်းပြည်မှာရောက်နေတဲ့ ဂျပန်အ စိုးရကိုတွန်းလှန်တိုက်ဖျက်တယ်။ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ အင်္ဂလိပ်အစိုးရကိုလွတ် လပ်ရေးပေးဖို့ တောင်းဆိုတိုက်ပွဲဝင်တယ်။ ဗိုလ်ချုပ်ရဲ့မိန့်ခွန်းက တစ်နှစ်အတွင်း လွတ်လပ်ရေးရရှိရမယ် ဆိုသဟာပဲ။

ဗိုလ်ချုပ်ရဲ့ သမီးဖြစ်တဲ့ ကျွန်တော်တို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်အုပ်ချုပ်ရေးကိုတော်လှန်တိုက်ပွဲဝင်နေရတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာ့တပ်မတော် ကိုမြန်မာပြည်ထဲက ဖယ်ထုတ်ပစ်လို့မရဘူး။ တစ်ချိန်တည်းမှာပဲ တပ်မတော်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကနှင်ထုတ်လို့မရဘူး။ သည်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်အား ယှဉ်ပြိုင်ကြရ မှာက တိုင်းသူပြည်သားများရဲ့ ကောင်းကျိုးကိုဘယ်သူကပိုပြီးစွမ်းဆောင်နိုင် ကြမလဲလို့ အကောင်းပြိုင်ကြရမှာဖြစ်တယ်။ ဒါက ဒီမိုကရေစီတိုက်ပွဲပဲလေ။ ပြည်သူ အတွက် အကောင်းလုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်းကို ပြည်သူကထောက်ခံအားပေးမှာ ပေါ့ဆိုပြီး အဲသည် မုဒုံပဲထင်ပါရဲ့၊ စုံညီအစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကို ပြည်သူ့အတွက်ကောင်းကျိုးကိုအဓိကထားပြီးလုပ်ဆောင်ကြပါဆိုပြီး ခပ်တည်တည်နဲ့ မိန့်ခွန်းပြောဖူးတယ်ခင်ဗျ။ ဘကြီးမိုးကိုယ်တိုင် ကိုယ်နှိုက်ကလည်း တကယ်ပဲ ယုံကြည်တာဖြစ်ပါတယ်။ ပြည်သူ့အကျိုးကို ပိုမိုလိုလားတဲ့အဖွဲ့ အစည်းများကို ပြည်သူကအားပေးမှာပဲလို့။

ယခု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းပြောကြားတဲ့စကားဟာ ပြည်သူရဲ့ကောင်းကျိုးသဘာဝဘေးအန္တရာယ်ကို ကာကွယ်ဖို့ အရေးဆိုရင် အမိန့်စောင့်စရာမလိုဘဲ လုပ်ဆောင်ပေးကြဖို့ ညွှန်ကြားလိုက်တာပဲလေ။ ဒါ ပြည်သူ့အကျိုးကို၊ ပြည်သူ့ကောင်းကျိုးကိုလုပ်ဆောင်လိုက်တာပဲဆိုပြီး ဘကြီးမိုးဝမ်း မြောက်ဝမ်းသာ ကြိုဆိုရခြင်းပါ။

တစ်ချိန်တည်းမှာ ဘကြီးမိုး မုဒုံမှာ ပြောခဲ့တဲ့စကားကို သတိရသွားမိတာဖြစ်ပါတယ်။

အကောင်းပြိုင်ကြဖို့ လိုပြီ နှင့် ဘကြီးမိုးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts