ကိုအောင်မှိုင်း ဝေဖန်ရေးရာ

ကိုအောင်မှိုင်း – တိုက်ချင်လို့ တိုက်တယ်နဲ့ အခြားပုံပြင်များ

ကိုအောင်မှိုင်း – တိုက်ချင်လို့ တိုက်တယ်နဲ့ အခြားပုံပြင်များ
(မိုးမခ) သြဂုတ် ၂၈၊ ၂၀၁၆

ကျနော်တို့ လူအများနားလည်တဲ့စကားနဲ့  ပြောရရင်တခွန်းထဲဘဲဖြစ်ပါတယ်။အဲဒါကတော့ “တိုက်ချင်လို့တိုက်တယ်” ဆိုတာပါဘဲ။ ၂၁ရာစုပင်လုံညီလာခံ စကားနဲ့ ပြောရမလား။ ဂွင်ပြောက်သွားတဲ့ ကိုအောင်မင်းဟိုတလောက ပြောတဲ့ စကားနဲ့ ပြောရမလား။ ငြိမ်းချမ်းရေးညီလာခံမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေပါတယ်ဆိုတဲ့ ကိုခင်ဇော်ဦး စကား နဲ့ ပြောရမလား။ပါးစပ်ရှိလို့ပြောနေတဲ့အစိုးရကိုသေနတ်ရှိတဲ့“ငါတို့ကလဲတိုက်ချင်လို့တိုက်”ပြတာဖြစ်တယ်ဆိုတာပါဘဲ။

သေနတ်သံတွေနဲ့ ဝေနေတဲ့ ထူးခြားတဲ့ ငြိမ်းချမ်းရေးညီလာခံကြီး (တနည်း) ၂၁ ရာစုပင်လုံညီလာခံကြီး လို့ဘဲပြောရ တော့မှာပါ။

NCA ဘာလဲဘယ်လဲ
NCA (Nationwide Ceasefire Agreement) တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဆိုတာ သမ္မတဦးသိန်းစိန်ပြုတ်ကာနီး ပေးခဲ့တဲ့ နောက်ဆုံးအရှုပ်ထုပ်တခုဘဲဖြစ်ပါတယ်။ NCA မှာ အခန်းပေါင်း (၇)ခန်း ၊ အပိုဒ်ပေါင်း (၃၃)ပိုဒ် ပါဝင်ပါတယ်။အခန်း(၁) အခြေခံမူများ ၊ အခန်း(၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ ၊ အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ ၊ အခန်း(၄) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင် ခြင်း ၊ အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ ၊ အခန်း(၆) ရှေ့ ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ အခန်း(၇) အထွေထွေဆိုပြီးပါဝင်ပါတယ်။

ဒီထဲမှာ စစ်ရေး၊နိုင်ငံရေး၊လူမှုစီးပွါးရေးဆိုပြီး အတော်များများရောသမမွှေ ထားသလို NCA လက်မှတ်မထိုးရင်ညီလာခံ မတက်ရ စသဖြင့်ကန့်သန့်ချက်တွေ၊စာချူပ်အပိုဒ် ၂၁ နဲ့ ၂၂ မှာဆို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာပြင်ဆင်ရေးမှာ အညင်းပွါးဖွယ်တွေ ၊ဒီမိုကရေစီရေး ဖက်ဒရယ်ရေးတွေကို ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအောက်ကဘဲလုပ်ရမယ် သ ဘောပါဝင်တဲ့ အကြောင်းအရာတွေကို အချက်အလက်တွေအဖြစ်အခိုင်အမာ ရေးသားဖေါ်ပြထားတာ တွေ့ရပါတယ်။ ဦးသိန်းစိန်ဟာ ငြိမ်းချမ်းရေးရအောင်လုပ်ခဲ့တာလား ငြိမ်းချမ်းရေးမရအောင် နောက်အစိုးရကိုခြေထိုးခဲ့တာလားဆိုတာ ကိုတော့ ကျနော်တို့ NCA နဲ့ ဘဲသဘောပေါက်လောက်ပါတယ်။တကယ်တော့ NCA ဆိုတာ တိုင်းရင်းသားတွေကို နား လှည့်ပါးရိုက်ထားတဲ့ ဂွင်တခုလို့ဘဲ ရှင်းရှင်းလင်းလင်းနားလည်မိပါတယ်။

မယုံရင်ပုံပြင်မှတ်
ဗမာစကားပုံတခုရှိတယ်ထင်တယ်။မယုံရင်ပုံပြင်မှတ်ဆိုတာပါ။တကယ်အပစ်အခတ်ရပ်ချင်ရင်သိတ်လွယ်ပါတယ်။တိုက် ချင်လို့တိုက်ရင်လဲသိတ်လွယ်ပါတယ်။အရင်တုန်းကအကြောင်းတွေပါ။အခုတော့ပုံပြင်ဖြစ်သွားပါပြီ။

ဗိုလ်ခင်ညွန့်လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးအကြောင်းပါ။ ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ခုနှစ်အတွင်း တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ အစည်း ၄၀နဲ့ အပစ်အခတ်ရပ်စဲခဲ့တယ်။တချို့ လဲဆယ်စုနှစ်တစုနီးပါးကြာတယ်။တချို့ လဲဆယ်စုနှစ် တစု ကျော်ကျော်ကြာတယ်။အခြေခံသဘောတူညီချက်က ၃ချက်ဘဲရှိတယ်လို့သိရတယ်။

၁။ကိုယ့်ဒေသကို ဖွံ့ ဖြိုးအောင်လုပ် ၂။ မူးယစ်ဆေးဝါးမလုပ်နဲ့ ၃။ နိုင်ငံရေးဆွေးနွေးတာကို နောက်အရပ်သားအစိုးရတက်မှလုပ်မယ်ဆိုတာပါဘဲ။
အဓိက ကတော့ ကိုယ့်လက်နက်ကိုယ်ကိုင်ထားခွင့်ရတာပါဘဲ။ဒီနေရာမှာ ကျနော်ကိုယ်တိုင်လဲတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  အစည်းတခုမှာ ပါဝင်နေခဲ့တာမို့လို့ ကျနော်တို့သဘောထားကလဲရှင်းရှင်းလင်းလင်းရှိခဲ့ပါတယ်။ ရန်သူဆီကျည်တတောင့် သေနတ်တလက် မြေတလက်မမှ မရောက်ရေးအောက် မှာအပစ်အခတ်ရပ်စဲခဲ့ကြတာဘဲဖြစ်ပါတယ်။အဲဒီအချိန်က အပစ် အခတ်ရပ်စဲရေးလုပ်ရတာ သိတ်လွယ်သိတ်မြန်တယ် လို့ပြောချင်တယ်။

စစ်ထောက်လှန်းရေးရဲ့ အဲဒီကာလအတွေးအခေါ်က“သေနတ်တချက်မှမပစ်ရဘဲရန်သူကိုအနိုင်တိုက်နိုင်တာမှ စစ်သူကြီး ကောင်းဖြစ်တယ်”ဆိုဘဲ။ တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ အဖွဲ့ အစည်းခေါင်းဆောင်တွေကို ဖဲ့ထုတ် ဖျက်ဆီးရေးပေါ်လစီ ဘဲ ဖြစ်ပါတယ်။တချို့ အဖွဲ့ အစည်းတွေနဲ့ အဖွဲ့ အစည်းခေါင်းဆောင်ဆိုသူတွေလဲ ကိုယ်ကျိုးစီးပွါးအောက်မှာ စစ်အုပ်စုကို ဒူးထောက် အညံ့ခဲ့ကြတာပါဘဲ။ ကျန်တဲ့ အများစုကြီးကတော့ ဒီမိုကရေစီရေး ဖက်ဒရယ်ရေးအလံတော်အောက်မှာ ရှိနေ ခဲ့ကြပါတယ်။

ကနေ့အပစ်အခတ်ရပ်စဲရေးအဆင့်မှာတင် ဘာကြောင့်ဒီလောက်ခက်ခဲနေပါသလဲ။ အဖြေကအရှင်းကြီးဖြစ်ပါတယ်။စစ် တပ်အနေနဲ့  တိုက်ချင်သေးတဲ့ဆန္ဒရှိနေသေးလို့ဘဲလို့ပြောရမယ်ထင်ပါတယ်။၁၉၈၉ ခုနှစ်ကတော့ စစ်တပ်ကမတိုက်ချင် လို့ဖြစ်ပြီး အခုတော့တိုက်ချင်လို့တိုက်တာဖြစ်နေတာပါ။တိုင်းရင်းသားအဖွဲ့ အစည်းတွေအနေနဲ့  အပစ်အခတ်ရပ်စဲရေး အတွေ့အကြုံတွေ အများကြီးရှိကြပါတယ်။အပစ်အခတ်ရပ်စဲရေးကာလအောက်မှာ ဘယ်လိုနေ ဘယ်လိုထိုင်ရမယ်က အစသိနေကြပါတယ်။အပစ်အခတ်ရပ်စဲရေးဟာ သူတို့အတွက် ထူးခြားဆန်းကျယ်တဲ့ဖြစ်စဉ်ကြီးတော့မဟုတ်ကြပါဘူး။ အကြောင်းကတော့ ဆယ်စုနှစ်တစုကြာ သူတို့ဖြတ်သန်းခဲ့ကြပြီးဖြစ်ကြလို့ဘဲဖြစ်ပါတယ်။

UNFC စည်းလုံးညီညွတ်သော တိုင်းရင်းသားဖက်ဒရယ်ကောင်စီခေါင်းဆောင်တွေနဲ့  ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ဆွေးနွေးချက်တွေကို ကျနော်တို့ ထူးထူးခြားခြားမှတ်သားမိပါတယ်။အဓိက က Unity, Diversity, Identity ရဲ့ သဘောတရားတွေကို ရှင်းပြခဲ့တာလဲဖြစ်ပါတယ်။ ဒီအတွေးအခေါ်တွေဟာ ကျနော်တို့ နိုင်ငံအတွက် တကယ့်အားတွေဖြစ်ပါတယ်။ ကနေ့လိုကာလအတွက်လိုအပ်တဲ့ သဘောတရားအခြေခံလဲဖြစ်ပါတယ်။

ခက်တာက ဒေါ်စုအနေနဲ့  ပြောရမဲ့နေရာမှားနေတယ်လို့ ကျနော်တို့ပြောရမလိုဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီသဘောတရားတွေကို စစ်ဗိုလ်ချူပ်တွေကို ပြောပြရမှာဖြစ်ပါတယ်။ ကနေ့တိုင်းပြည်မှာ ဗမာလူမျိုးကြီးအမြင်အရှိဆုံးအဖွဲ့  အစည်းဟာ စစ်တပ်ဖြစ်နေလို့ဖြစ်ပါတယ်။ ဗမာလူမျိုးကြီးအမြင်ရယ် စစ်တပ်လူတန်းစားအမြင်တွေဟာ ဘယ်လိုမှတိုင်းပြည် စည်းလုံးညီညွတ်မှုကိုမဖြစ်စေနိုင်ပါဘူး။တိုင်းပြည်အတွက် အားမဖြစ်စေနိုင်ပါဘူး။

ကျနော်တို့အနေနဲ့  ကနေ့နိုင်ငံရေးအခင်းအကျဉ်းနဲ့ ပါတ်သက်ပြီးရှင်းရှင်းလင်းလင်းမြင်ကြပါတယ်။ဗမာပြည်မှာ အင်အား အကြီးဆုံး လက်နက်ကိုင်အဖွဲ့ အစည်းဟာ ဗမာ့တပ်မတော်ဖြစ်ပါတယ်။ ဗမာ့တပ်မတော်နဲ့  ကနေ့ အပစ်အခတ်ရပ်စဲရေး လုပ်မဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေဟာ အင်အားအရအတော်ကွာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ အင်အားကွာပေမဲ့ ဒီအင်အားစုတွေဟာ နှစ်ပေါင်းများစွာမိမိတို့ဒေသ မိမိတို့လူထုနဲ့အတူ မိမိတို့ပြည်သူတွေလွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်နေခဲ့ ကြတာလဲဖြစ်ပါတယ်။နောင်ကာလရှည်ကြာတဲ့တိုင်အောင် ဆက်လက်တိုက်ပွဲဝင်နိုင်တဲ့သူတွေဖြစ်ပါတယ်။သူတို့မှာ အတွေ့အကြုံတွေမကုန်ခမ်းနိုင်အောင် ပြည်တွင်းစစ်ကြီးက သင်ကြားပေးခဲ့တာလဲဖြစ်ပါတယ်။ကျနော်တို့ဆိုလိုချင်တာက အစိုးရဖြစ်စေ စစ်တပ်ဖြစ်စေ ရိုးသားဖြောင့်မတ်စွာ တန်ဘိုးထားဆက်ဆံဘို့လိုမှာဖြစ်သလို ငါတို့က ဘာကောင်ဆိုတဲ့ ကနေ့ ဆက်ဆံရေးမျိုးနဲ့ တော့ လုံးဝအလုပ်ဖြစ်မှာမဟုတ်တာသေချာပါတယ်။

ဗိုလ်ချူပ်အောင်ဆန်းဦးဆောင်ပြီးပင်လုံစာချူပ်ကို ချူပ်ဆိုခဲ့တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုပြီး လွတ်လပ်ရေး ရခဲ့တယ်။ဗိုလ်ချူပ်လဲသေရော ပြည်ထောင်စုဆိုတာနာမည်ဘဲ ကျန်တော့တယ်။ဦးနုက ဗိုလ်ချူပ်တို့ချမှတ်ခဲ့တဲ့ပင်လုံ စာချူပ်ပါအနှစ်သာရတွေကို လစ်လျူပြုခဲ့ပြီး တပြည်တောင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချူပ်ခဲ့တယ်။ဗိုလ်နေ၀င်းလက်ထက် မှာတော့ ပင်လုံစာချူပ်ရော၁၉၄၇ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေကိုရော မီးရှို့ ဖျက်ဆီးပစ်ခဲ့တယ်။ ကျနော်တို့ပြောချင်တာက ဦးနုရော၊ ဗိုလ်နေ၀င်းရော ဗမာတွေဖြစ်ကြလို့ ဗမာခေါင်းဆောင်တွေ တိုင်းရင်းသားတွေကို လိမ်ခဲ့ကြတာလို့ပြောရမှာဖြစ်ပါ တယ်။ဒီအတွက်တိုင်းရင်းသားတွေအနေနဲ့  သံသယနဲ့ ချဉ်းကပ်ကြတာ သဘာဝကျတယ်လို့ပြောချင်တာဖြစ်ပါတယ်။ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ထဲပါဝင်ပါတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့  ဒီအချက်ကို သတိပြုဘို့လိုပါတယ်။

ငြိမ်းချမ်းရေးမှာ ပါဝင်ပါတ်သက်နေတဲ့ ဗိုလ်ချူပ်ဟောင်းတွေအနေနဲ့  ပြောဆိုရေးသားနေမှုတွေဟာ သံသယရှိစရာတွေ အတော်များများတွေ့ရပါတယ်။ ဟိုလူမပါရဘူး ဒီလူမပါရဘူးဆိုတဲ့ စစ်တပ်ရဲ့ သဘောထားတွေကလဲ အတော်စိတ်ပျက်ဘို့ ကောင်းနေပါတယ်။ပြောရရင်တော့ဗျာ ဗိုလ်နေ၀င်းလုပ်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို ဗိုလ်နေ၀င်းကိုယ်တိုင်ဖျက်ခဲ့သလို ကနေ့ ၂၁ ရာစုပင်လုံညီလာခံဆိုတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလဲ ဗိုလ်ချူပ်ဟောင်း/သစ်တွေ ဖျက်ကြဦးမှာလားဆိုတာတော့ တိုင်းရင်းသားတွေနဲ့ အတူ ကျနော်တို့ဗမာတွေကိုယ်တိုင်လဲ သံသယရှိနေကြပါတယ်။

 ဒေါ်စုပြောတဲ့ ၂၀၀၈ဖွဲ့ စည်းပုံအခြေ ခံဥပဒေအောက်က ၂၀၁၀ခုနှစ်မှာ ကြားဖြတ်ဝင်ခဲ့တယ်။၂၀၁၅ခုနှစ်မှာ ရွေးကောက်ပွဲဝင်ခဲ့တယ်။ဒါကြောင့် ကနေ့အစိုးရ ဖွဲ့ နိုင်ခဲ့တယ်ဆိုတာနဲ့ တိုင်းရင်းသားတွေဖက်ဒရယ်ပြည်ထောင်စုကို ၂၀၀၈ဖွဲ့ စည်းပုံအောက်က တည်ဆောက်နိုင်မယ် ဆိုတဲ့အမြင်ကတော့ အတော့်ကိုကွဲလွဲနေတယ်လို့ဘဲပြောပါရစေတော့ဗျာ။

တိုက်ချင်လို့တိုက်နေတဲ့လူတွေ မတိုက်ချင်တော့ရင်တော့ လွယ်လွယ်ကူကူ အပစ်အခတ်ရပ်စဲနိုင်ကြောင်းပါဗျာ။

ကိုအောင်မှိုင်း (၂၇ ရက်သြဂုတ်လ ၂၀၁၆ခုနှစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts