ကဗျာ

ခက်သီ – ဘုရားသခင်အတွက် မေးခွန်း

Than Htay Maung

ခက်သီ – ဘုရားသခင်အတွက် မေးခွန်း
(မိုးမခ) သြဂုတ် ၂၆၊ ၂၀၁၆

လမ်းတိုင်းဟာ ရောမကိုရောက်နိုင်ပေမယ့်
ရောမ ကနေ ရောက်နိုင်တာတလမ်းပဲရှိတယ်
အဲ့ဒါဟာ ငရဲပဲ

ဆီဇာဟာ ကလီယိုပတ်ထရာရဲ့ ရင်သားထက်မှာ စစ်ရှုံးခဲ့တယ်
ငါတို့အားလုံးဟာ ဘရုတပ်စ်များသာပေါ့
ရဲရဲကြီး နာမည်ပျက်ကြတာပေါ့။

မာတဲ့ခေါင်းက ရိုက်ခွဲလို့အကောင်းဆုံးပဲ
ညစ်ပတ်ပေရေမှ လျှော်ဖွတ်ရတာမဟုတ်ဘူး
အဖြူလည်း အဖြူစွန်းတာပဲ
အမြဲလျော်ဖွတ်နေရတယ်

မင်းရဲ့ဦးခေါင်းထဲ ယမ်းဘီလူးတွေတပ်ဆင်ထားရင်
မင်းရဲ့နှလုံးသားမှာ ဘယ်ချိုးငှက်မှ
သံလွင်ခက်နဲ့ရောက်မလာဘူး

မင်းရရှိမှာ
ဆူးခက်သရဖူနဲ့ လှောင်ပြောင်သရော်မှု
မင်းရဲ့ရှင်ပြန်ထမြောက်ချိန်ကို
လူသားတွေကကျောခိုင်းလို့ …။

ငတ်မွတ်နေတဲ့ ကလေးငယ်တွေနဲ့
ခြေတဖက်ပြတ်စစ်သားတယောက်က ပြောမယ်
လူတိုင်းက ယေရှုမဖြစ်နိုင်ဘူး
ဖြစ်ရင်းဖြစ် နပိုလီယံပဲ ဖြစ်မယ်တဲ့ …။

အာဟာရပြတ်လဲကျနေတဲ့အဘွားအိုတယောက်က ပြောလိုက်တယ်
ယေဟောဝါက
နပိုလီယံကို နှစ်ယောက်မဖန်ဆင်းခဲ့ဘူး
နပိုလီယံတော့ဖြစ်မှာမဟုတ်ဘူး
နပိုလီယံရူးပဲ ဖြစ်ရမယ် … ။

မင်းတို့ရူးသွပ်မှုအောက်မှာ
ငါ့တောင်ယာခင်းလေးနဲ့
ငါ့လင်သား
ငါ့သားမြေမြစ်များ ပါသွားခဲ့ပြီ
ပျက်သုဉ်းခြင်းဟာ အဆုံးရှိတယ်
အမုန်းတွေဟာ အဆုံးမရှိဘူး
စစ်ပွဲတွေ ဘယ်နည်းနဲ့ပြီးမလဲ
ဘုရားသခင်သာ ဖြေနိုင်မယ့်မေးခွန်းပဲ ။ ။

ခက်သီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts