သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး ● ပုဂံရဲ့ အစစ်အမှန် မူလဝိညာဉ်ကို အသက်ပြန်သွင်းပါ

ငြိမ်းချမ်းအေး ● ပုဂံရဲ့ အစစ်အမှန် မူလဝိညာဉ်ကို အသက်ပြန်သွင်းပါ

(The Ladies News / မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆

မနေ့က (သြဂုတ် ၂၄) ငလျင်ဒဏ်ကြောင့် ဘုရားပေါင်း နှစ်ရာကျော် ပျက်စီးတဲ့ အထဲမှာ ပုဂံက ရှေးဟောင်း ဘုရားတွေ အများအပြား ပါသွားခဲ့တဲ့ အတွက် တိုင်းသူပြည်သား လူအများ လိုပဲ ကျနော်လည်း စိတ်နှလုံးဝမ်းနည်း ကြေကွဲဖြစ်နေရပါတယ်။ ဒါပေမယ့် လူအများဟာ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များဟာ ပုဂံရဲ့ အစစ်အမှန် နှလုံးသားဝိညာဉ် တန်ဖိုးကို အမှန်အကန် သိကြပါရဲ့လား ဆိုပြီးလည်း စဉ်းစားခန်း ဝင်နေမိပါတယ်။

ခတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များ ပုံဖော်ခဲ့တဲ့ ပုဂံကတော့ မြန်မာ လူမျိုးကြီးဝါဒ မဟာမြန်မာ စစ်ပဒေသရာဇ် လက်နက် နိုင်ငံတော် ပုဂံ ပါပဲ။  အာဏာအတွက် ယတြာချေ၊ ဘုရားမြင် မြင်မြင်သမျှ ရွှေချ၊ မူလ နံရံ ဆေးရေးပန်းချီလက်ရာကောင်းတွေကို ကော်ပတ်စားပြီး ရွှေချ၊ နေရာတကာ ထုံးဖြူသုတ်၊ စီးပွားရေးပေါင်းစား အကျိုးအမြတ် အတွက် ဘုရားထဲအထိ ဟိုတယ်ဆောက်၊ ဂေါက်ကွင်းဆောက်၊ နန်းမြင့် မျှော်စင် ဆိုပြီး လုပ်၊ အာဏာ လောဘ ရူးမှု အစုံစုံ စတဲ့ ရှေးဟောင်းတန်ဖိုးတွေကို ဖျက်ချင်တိုင်း ဖျက်ခဲ့ကြတဲ့အပြင် လူမျိုးကြီး လူမျိုးရေးမှိုင်းတိုက်ရာ အဖြစ်ပါ ပုဂံဟာ အသုံးချခံရရှာတယ်။   “ကြီးမြတ်လေသော သမိုင်းကြောင်းများ” ဆိုပြီး လက်နက်ကိုင် အားကြီးသူ နိုင်ရာစားတဲ့ စစ်ဝါဒ မဟာ မြန်မာ ဝါဒ မြစ်ဖျားခံရာ သက်သက် ပုဂံဟာ ဖြစ်ရရှာတယ်။


ပုဂံကို “မဟာမြန်မာ” သာ အတွင်တွင် လုပ်ခဲ့ကြပေမယ့်  အခုလို သိသာမြင်သာတဲ့ သဘာဝဘေးအတိ ကြုံချိန် ပုဂံကို မြတ်နိုးကြသူတွေ၊ ပုဂံအတွက် တုန်လှုပ် ကြသူတွေမှာ မြန်မာ (ဗမာ) မဟုတ်တဲ့ နိုင်ငံသားတွေ၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ၊ ကမ္ဘာအနှံ့က နိုင်ငံခြားသားတွေ အများအပြား ပါ နေတာကို ကြည့်ရင် ပုဂံတန်ဖိုးဟာ လူမျိုး တမျိုး၊ ဘာသာ တခု ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ဘောင်အတွင်းက ကင်းလွတ်နေတယ်ဆိုတာ မြင်နိုင်ရပါမယ်။  အမှန်တော့ ပုဂံကို လူသားရဲ့ ယဉ်ကျေးခြင်း၊ လူသားရဲ့ ပညာဉာဏ် ကြီးရင့်ခြင်း၊ လူသားရဲ့ ကြီးကျယ် ခမ်းနားခြင်း၊ လူသားရဲ့ ဖြစ်တည်မှုကို ရှာဖွေခြင်း၊ တွေ့ရှိခြင်း၊ တည်ဆောက်ခြင်း၊ လူသားဝါဒအတွက် အားကျရာ နှလုံးသား ဝိညာဉ် “ရာဇဝင်များရဲ့ သတို့သမီး” အဖြစ်သာ ပူဇော် ထိုက်ပါတယ်။

 ဒါပေမယ့် စစ်ဝါဒ မှိုင်းဖုန်းတဲ့ သမိုင်းစာအုပ်၊ ကျောင်းစာသင်ခန်း ပြဋ္ဌာန်း စာမှာတင်မက  အိမ်ရှင် အဖြစ် ကျင်းပခွင့်ရတဲ့ အရှေ့တောင်အာရှ အားကစားပွဲလို တိုင်းပြည်ရဲ့ အထင်ကရ ဂုဏ်ဆောင် နိုင်ငံတော် အဆင့် ပွဲကြီးတွေမှာပါ ပုဂံဟာ “မဟာမြန်မာ” အဖြစ်သာ ဂီတ၊ အနုပညာ Soft Power တွေ အဖြစ် လူမျိုးရေး ပြင်းထန်တဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ စစ်ဗိုလ်ချုပ်ကြီးများ ဖန်တီးတဲ့ ခေတ်စနစ်ဆိုးဒဏ်ခံ သားကောင် ကျနော်တို့ အားလုံး၊ အထူးသဖြင့် မျိုးဆက်သစ် လူငယ်များဟာ ရရှိ ခံစား မှိုင်းတိုက် ခံခဲ့ရပါတယ်။

ဓာတ်ပုံ – Corto Maltese @ Flicker

တကယ်တော့ ပုဂံခေတ်ကို ကြည့်ရင် ပန်းပေါင်းစုံ ပွင့်လန်းတဲ့ အယူဝါဒစုံ ထွန်းကားတဲ့ ဗဟုယဉ်ကျေးမှု ကိုသာတွေ့ရမှာဖြစ်ပါတယ်။ ဘာသာ သာသနာဆိုရင်လည်း ခေတ် သဘော စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓ ဘာသာမှ ဆိုတဲ့ ပြင်းထန်တဲ့ အစွဲအလမ်းမျိုး မရှိပါဘူး၊ မဟာယန လည်း ရှိတာပါပဲ။  ဗြဟ္မဝါဒလည်း ထွန်းကားတာပါပဲ။  ဟိန္ဒူ ဓလေ့၊ အယူဝါဒလည်း ကျယ်ပြန့်တာပါပဲ။  အနော်ရထာ မင်းမြတ်က ထေရဝါဒ ဗုဒ္ဓ ဘာသာကို ထိန်းသိမ်းချင်လို့ အရည်းကြီးတွေ နှိမ်နင်းတယ်ဆိုတာ နောက်မှ ဖြစ်လာတဲ့ ယုံတမ်းစကားတွေပါ။  လွတ်လပ်တဲ့ နတ်ကိုးကွယ်မှုလည်း ရှိတယ်။  မင်းက လည်း တဖက်သတ် ဖိနှိပ်၊ တားမြစ်မှုပြုခဲ့ကြောင်း အထောက်အထား မရှိပါဘူး။  မွန်နိုင်ငံကို သာသနာအစစ် လိုချင်လို့ သွားသိမ်းတယ် ဆိုတာလည်း နောက်ပိုင်းမှ အမျိုးသား၊ ဘာသာ သာသနာ ဇောင်းပေး အမြင်နဲ့ တရားမှု ရှာ၊ သမိုင်း ဖန်တီး ကောက်ချ ဆွဲကြတာပါ။  တကယ် သိမ်းရခြင်း အကြောင်းရင်းမှာ ဘာသာရေး အကြောင်းက အဓိက မဟုတ်ပါဘူး။  ယခုခေတ်လို ဘာသာရေး ဗန်းပြပြီး ကျားမ လိင် ခွဲခြား မှုမျိုးလည်း မရှိပါဘူး။  အမျိုးသမီး သာသနာ့ဝန်ထမ်းတွေလည်း အမျိုးသားနဲ့ တန်းတူပါပဲ။

ပုဂံခေတ်သာသာနကို ယုံတမ်းမပါ၊ ချဲ့ကားမပါ သုတေသန အမြင်၊ ပညာပိုင်းဆိုင်ရာ သက်သက် လေ့လာထားတဲ့ စာအုပ်တွေမှာ ဒီအကြောင်းတွေ အသေးစိတ် ဖတ်နိုင်လေ့လာနိုင်ပါတယ်။  သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ “History Of Buddhism In Burma A.D 1000 – 1300 (1956)”  ကျမ်းလို သုတေသနစာတမ်းတွေ၊ ကျမ်းတွေ အများကြီး ရှိပါတယ်။

ပုဂံခေတ် လောက် အယူဝါဒ စုံ အထွန်းကားဆုံး၊ လက်သင့် အခံဆုံး၊ သည်းခံနိုင်မှု အရှိဆုံး၊ ရင်ဘက် အကျယ်ဆုံး၊ နှလုံးအပြည့်ဆုံးခေတ် ဗမာ့ သမိုင်းမှာ မရှိဘူးလို့တောင် ဆိုနိုင်ပါတယ်။ ပုဂံခေတ် ဗိသုကာ မူလလက်ရာမှတ်တမ်းတွေက သက်သေပါပဲ။ အယူဝါဒစုံ လွှမ်းမိုးနေတာ တွေ့ရပါမယ်။

(၂၁) ရာစု ခေတ် ဗမာပြည်က လူတွေ၊ အထူးသဖြင့် လွတ်လပ်ရေးရပြီးကတည်းက တိုင်းပြည်မှာ လက်နက်အားကိုးနဲ့ လူတွင်ကျယ် လုပ်နေတဲ့ တဖက်ပိတ် အစွန်းရောက် အမျိုးသားရေးဝါဒီ စစ်ဗိုလ်ချုပ်ကြီးတွေ (၁၀) ရာစု၊ (၁၁) ရာစု ဝန်းကျင် ပုဂံခေတ်က ရှေးမြန်မာကြီးတွေ လောက် အမြင်ကျယ် နှလုံးသားကြီးရင် လူမျိုးရေး၊ ဘာသာရေး အမုန်းတွေ၊ ပဋိပက္ခတွေ၊ ပြည်တွင်း စစ်ပွဲ၊ ရန်ပွဲတွေ မရှိဘဲ ခွင့်တူညီမျှ လူသားဝါဒ ဖြူစင်တဲ့ လူမျိုးစုံ၊ ဘာသာစုံ ပြည်ထောင်စု ပင်လုံ အိပ်မက် လက်တွေ့ အကောင်အထည် ဖော် နိုင်တာ ကြာလှရှိလို့ တိုင်းပြည်လည်း ကမ္ဘာအလယ်မှာ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာရင်မော့ ခေါင်းကော့ ဖြစ်နေမှာပါ။  အဲဒီလိုဆိုရင် ဘာသာ သာသနာ လည်း အစစ်အမှန် ထွန်းကားကျယ်ပြန့်နေမှာ ဧကန် မလွဲ ဖြစ်ပါတယ်။

ဓာတ်ပုံ – Gordon Johnstone

၁၉၇၅ ပထမ အကြီမ် ပုဂံငလျင် အပြီးကတည်းက မဆလ၊ နဝတ၊ နအဖ စစ်အစိုးရ ခေတ်များ အဆက်ဆက် ဦးနှောက်မဲ့၊ အမြော်အမြင် မဲ့၊ အတ္တအခြေခံ၊ ကိုယ်ကျိုး အာဏာ လောဘ အတွက် ရှေးမူ ပုဂံခေတ် လက်ရာ ဒီဇိုင်း ဗိသုကာ တွေကို ဖျက်ချင်တိုင်း ဖျက်ခဲ့ပုံသာဓကကို PVC ပိုက် ကျိုး ထီးတော်ကနေ ထွက်လာတာက အစ၊ အခု ငလျင်မှာ ကြီးကြီးမားမား ပျက်စီးသမျှ အသစ်ပြင်ထားတဲ့ အစိတ်အပိုင်းတွေ သာ ဖြစ်နေခြင်း အထိ အခု ၂၀၁၆ ပုဂံ ငလျင် မှာ ဓာတ်ပုံ မှတ်တမ်းတွေနဲ့ တကွ ထင်ထင်ရှားရှား မြင်တွေ့ရတော့ လူအများများ တက်တခေါက်ခေါက်နဲ့ ယူကျုံးမရ ဖြစ်နေကြပါတယ်။

တကယ်တော့ လူသားသမိုင်းယဉ်ကျေးမှုစဥ့်ကဲတိုးတက်လာတဲ့ သမိုင်းအမွေအနှစ် အမြောက်အမြားကို  ‘Homo Erectus (မတ်မတ်ရပ်နိုင်ပြီးတဲ့ လူသား)’ ကနေ ‘Homo Sapiens (အသိဉာဏ်ရှိလူသား)’ ဖြစ်စဉ် အဆင့်ဆင့် နောက်ပိုင်း သမိုင်းမတင်မီနဲ့ တင်ပြီး ခေတ်တွေ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စတဲ့ ခေတ်အဆက်ဆက် မှတ်တမ်းမှတ်ရာ အမွေအနှစ် ရှေးဟောင်းလက်ရာတွေ၊ ကျောက်နံရံပန်းချီတွေကို ဗမာပြည် အနှံ့ တောင်ပေါ် မြေပြန့် အညာ အကြေ အရပ်ဒေသမရွေးမှာ တွေ့နိုင်ပါတယ်။  ဒါတွေဟာလည်း ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သူ လူမျိုးအားလုံးရဲ့ သမိုင်းအမွေအနှစ်တွေပါပဲ။  တနည်းအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားကြည့်ရင် ဒါဟာ ကမ္ဘာ့လူသားသမိုင်းက “မဟာလူသား” မျိုးနွယ် တခုလုံးရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေလည်း ဖြစ်ပါတယ်။  ဒီလို လူသားအားလုံးနဲ့ ဆက်စပ်တဲ့ ခေတ်အဆက်ဆက် သမိုင်းအစစ်အမှန် အမွေအနှစ် အစစ်အမှန်တွေကိုလည်း အုပ်စိုးသူ စစ်ဗိုလ်ကြီးများက တန်ဖိုးမထားခဲ့ပါဘူး။  လူသားအစ ရှာနိုင်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုတောင် တချိန်တုန်းက အာဏာနဲ့ ပိတ်သိမ်းတားခဲ့ဖူးပါတယ်။  “မဟာလူသားမျိုးနွယ်” တခုလုံးနဲ့ ဆက်စပ်တဲ့ ရှေးဟောင်းအမွေအနှစ်အားလုံးဟာ အာဏာရစ်မူးသူများရဲ့ မထီမဲ့မြင်ပြုမှုကို ခံခဲ့ရတယ်ဆိုတာလည်း ဒီအချိန်မှာ လူအများ ပြန်လည်သုံးသပ်သင့်ပါတယ်။

စစ်ဗိုလ်ချုပ်ကြီးများ ဖျက်ခဲ့တဲ့ ပုဂံ ဟာ ငလျင်ကြီးတွေထက် ဆိုးရွားခဲ့တာမှန်ပါတယ်။ ဒါကြောင့် ဒေါက်တာသန်းထွန်းက “ပုဂံ ဘယ်သူ တည်သလဲ အသေအချာ ငါမသိဘူး၊ ပုဂံဖျက်သူ၊ ဘယ်သူဆိုတာတော့ သေချာသိတယ်” ဆိုတဲ့ နာမည်ကျော် စကားကို ဆိုခဲ့ခြင်းပါ။

ဒါပေမယ့် ဒီလို စစ်ဗိုလ်ကြီးများ ဖျက်ခဲ့သမျှတွေ ထဲမှာ အဆိုးရွားဆုံး၊ အပြင်းထန်ဆုံးနဲ့ အယုတ်မာဆုံး ဖျက်ခဲ့တာကတော့ ပုဂံဆက်စပ် စိတ်ဓာတ် နာမ်ဝိညာဉ် အဇ္ဈတ္တသန္တာန် လူသားပီသမှုဂုဏ်ရည်တွေပါပဲ။  လူသား ယဉ်ကျေးမှုကို စုတုပြု ရယူတည်ဆောက်ခြင်း၊ မတူကွဲပြားတဲ့ အယူဝါဒဓလေ့တွေကို လေ့လာသင်ယူခြင်း၊ မတူညီမှုတွေကို လက်ခံ ခန္တီပါရမီ (Tolerance) ရင့်သန် ကျင့်ကြံခြင်း၊ လူသားရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်တွေကို နှစ်ထောင်ချီ စံထား အားကျရတဲ့ အထိ တည်ဆောက်ပြနိုင်ခဲ့ခြင်း စတဲ့ လူသားရဲ့ အံမခန်းတဲ့ ဖြစ်တည်မှု ကို ခိုင်မာစေခဲ့တဲ့ ပုဂံရဲ့ အစစ်အမှန် နှလုံးသား ဝိညာဉ်တွေကို အုပ်စိုးသူ စစ်ဗိုလ်ကြီးများ ခေတ်အဆက်ဆက် စနစ်တကျ ဝါဒမှိုင်း အမျိုးမျိုးနဲ့ ဖျက်ခဲ့ကြပါတယ်။

ဒါကြောင့် အခု ဒီမိုကရေစီခေတ်သစ် စနစ်သစ်မှာ ပုဂံကို အမှန်တကယ် ကယ်တင် စောင့်ရှောက်ကာ ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းချင်တယ်ဆိုရင်ဖြင့် ဗိသုကာ လက်ရာတွေကို ပြည်တွင်း ပြည်ပ တတ်သိပညာရှင်များနဲ့ ပညာ ဉာဏ်  အမြော်အမြင် အခြေခံ လုပ်ဆောင်ရမှာ ဖြစ်သလို မဟာမြန်မာ လူမျိုးကြီးဝါဒ ကို ပြည်ထောင်စု ပင်လုံ စိတ်ဓာတ်နဲ့ အစားထိုးကာ ဗဟုဝါဒ အခြေခံ လူမျိုး ဘာသာ ယဉ်ကျေးမှု စုံ ထွန်းကား သက်ဝင်တဲ့ မူလ ပုဂံ ဝိညာဉ်ကို အသက်ပြန်သွင်းဖို့ လိုကြောင်းပါ ခင်ဗျား။

 

ငြိမ်းချမ်းအေး
၂၅ သြဂုတ် ၂၀၁၆

The Ladies News journal တွင် မူလ ထုတ်ခဲ့သည်။  The Laides News စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်ပါသည်။

https://web.facebook.com/News.TheLadies/posts/613368018838171:0

ဓာတ်ပုံများ License Wiki Common
၁) စည်သူ ၂  ဘုရင်လက်ထက် ပုဂံ နိုင်ငံတော် အင်ပါယာ (circa ၁၂၁၀ ခုနှစ်)
၂) ပုဂံလွင်ပြင်ပေါ်မှာ တွေ့မြင်ရတဲ့ ဘုရားပုထိုးစေတီများ (ဓာတ်ပုံရိုက်သည့်နေ့ ၁၄ သြဂတ် ၂၀၀၇) ဓာတ်ပုံပိုင်ရှင်/ဓာတ်ပုံဆရာ – Corto Maltese 1999 @ Flicker
၃) ပုဂံနေဝင်ချိန်ရှုခင်း ဓာတ်ပုံပိုင်ရှင်/ဓာတ်ပုံဆရာ –  Gordon Johnstone


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts