(မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၆
ဒီဆောင်းပါးက ကွန်ပျူတာထဲ အောင်းနေရတာ ၅ နှစ်ကျော်ခဲ့ပါပြီ။ အချိန်တန်ရင် ထုတ်မယ်၊ ဘယ်မှာထုတ်ရင် ကောင်းမယ် စဉ်းစားနေတာကြောင့်လည်း ကြာခဲ့တာပါ။ နောက်တချက်ကတော့ သမိုင်းက မလိမ်ချင်ဘူး၊ သမိုင်းမှာ ကိုယ်ချစ်တဲ့သူ မုန်း တဲ့သူတွေ ပါမှာပါပဲ။
သို့သော် သမိုင်းအမှန်အနေနဲ့ ပကတိအမြင်အတိုင်း လက်ခံနိုင်စွမ်း ရှိရမယ်။ တော်တော်များများရဲ့အမြင်က နိုင်ငံရေးလုပ်ရင် ထောင်ကျဖူးရမယ်၊ ထောင်ကျဖူးမှသာ နိုင်ငံရေးစာမေးပွဲ အောင်လက်မှတ်ကြီး ရနိုင်တယ်လို့ ခံယူထားချက်တွေရှိနေတာ လည်း တွေ့ရတယ်။ ထောင်မကျဘူးပေမယ့် နိုင်ငံ့အရေးကိုတကယ် ဘာမျော်လင့်ချက်မှမရှိဘဲ ကိုယ့်ထောင့် ကိုယ့်နေရာက ပံ့ပိုးခဲ့သူတွေရှိပါတယ်။ သူတို့မှာလည်း ခံစားကြရပါတယ်။ ထောင်လက်မှတ်မရတာသာရှိတာ ပေးဆပ်ပုံတွေမတူပေမယ့် စစ်အာဏာရှင်လက်ထဲမှာရှိတဲ့ လက်ခုပ်ထဲက ရေချင်းကတော့ အတူတူပါပဲ။
အညတြသူရဲကောင်းတွေလို့ပဲ ပြောကြပါစို့။ တော်လှန်ရေးအမျိုးမျိုး ခေတ်အဆက်ဆက်မှာ အညတြ သူရဲကောင်းတွေ ရှိခဲ့ပါတယ်။ သူတို့ဟာ နာမည်ထင်ရှားတဲ့နိုင်ငံရေးသမားကြီးတွေလို ဂုဏ်ပြုခြင်းလည်း မခံရကြပါဘူး။ သူတို့ရဲ့လုပ်ရပ်လေး တွေက ပစ်လိုက်တဲ့ခဲလုံးငယ်ပေမယ့် ဝဲဂယက်ကြီးကြီးတွေ ဖြစ်လာစေနိုင်ပါတယ်။
{သည်အဖြစ်အပျက်များကို ပြန်လည်ပြောပြသူမှာ ၁၇-၇-၂၀၁၁ တွင် ကွယ်လွန်ခဲ့သူ ဦးမောင်မောင်ထွန်းရွှေ ဖြစ်သည်။ ပြန်လည်ပြောပြနေချိန်တွင် ကာယကံရှင်သည် ရောဂါဝေဒနာကြောင့် ပင်ပန်းကြီးစွာ အသက်ကိုလု၍ ရှူနေရသော အချိန် ဖြစ်သည်။ နာမကျန်းဖြစ်စဉ် ဒေါ်အောင်ဆန်းစုကြည်မှ မကြာခဏ လာရောက်ကြည့်ရှု အားပေးခဲ့ပါသည်။
အမှတ်တရကျန်ခဲ့စေလိုသော မိသားစု၏ဆန္ဒကို ဖြည့်ဆည်းသည့်အနေဖြင့်၎င်း၊ ဆေးရုံတက်စဉ်ကာလတွင် ကြပ်မတ် ကု သသူ ဆရာဝန်ကြီးနှင့် စကားစပ်မိရာ …ကိုမောင်မောင် ခင်ဗျားမှတ်မိတာတွေ ချရေးထားပါလားဟု ပြောဖူးသည်ကို အ ကောင်အထည်ဖော်သည့်အနေဖြင့်၎င်း၊ အိမ်တွင်နားနေခိုက် စာရေးနိုင်လောက်အောင် အင်အားမရှိသဖြင့် MP4 နှင့် အသံ သွင်းထားသည်များကို မတည်းဖြတ်ဘဲ တိုက်ရိုက်စာလုံးများအဖြစ် ရေးချထားခြင်းဖြစ်ပါသည်။ မည်သည့်ပုဂ္ဂိုလ်ကိုမျှ ထိ ခိုက်စေလိုသော ဆန္ဒမရှိပါ။ }
**************
ဒီတပတ် ကျနော်ပြောမယ့်အကြောင်းအရာကတော့ ဗိုလ်ချုပ်အောင်ကြီးရဲ့ ၄၂ မျက်နှာ။
အရေးအခင်းတုန်းကထွက်တဲ့ ဗိုလ်ချုပ်အောင်ကြီးရဲ့၄၂ မျက်နှာစာတမ်း ကျနော် ပထမဦးဆုံး ပုံနှိပ်ဖြန့်ဝေခဲ့တဲ့အကြောင်းအရာ။ မနေ့က မမစု (ဒေါ်အောင်ဆန်းစုကြည်) နဲ့တွေ့တော့ မမစုက အရေးအခင်းအတွင်း ဗိုလ်ချုပ်အောင်ကြီးရဲ့အခန်းကဏ္ဍ တွေကို မှေးမှိန်သွားအောင် မလုပ်ကြဖို့အကြောင်း၊ ဗိုလ်ချုပ်အောင်ကြီးရဲ့ ဒီစာတွေဟာ အရေးအခင်းအတွက် ဘယ်လောက် အထောက်အကူပြုခဲ့တယ်ဆိုတာ နားလည်ကြဖို့အကြောင်း လူတွေရှေ့မှာ ကျနော့်ကိုပြောတယ်။
ကျနော်ကလည်း သဘောတူပါတယ်။ ဘာလို့ဆိုတော့ ကျနော်ကိုယ်တိုင်ရိုက်ခဲ့တာကိုး။ ၁၉၈၇-၈၆ လောက်မှာ အစိုးရ က (မဆလအစိုးရက) ငွေစက္ကူ တရားမဝင် (၂) ကြိမ်ကြေညာခဲ့တယ်။ လူတွေလမ်းမပေါ်ရောက်လာကြတယ်၊ မီးပွိုင့်တွေဖျက်၊ ကားတွေမီးရှို့ မကျေနပ်ချက်တွေ ပြကြတယ်။ နောက်တော့ တောင်ကြီးဖြစ်မယ်.. စပြီးတော့ဆူတော့ ပွဲကြမ်းသွားတယ်။ ရဲမှူးကြီးတယောက်လည်း သေတယ်လို့ ကြားတယ်။ နောက်တော့မန္တလေးရောက်၊ ဆက်ဖြစ်တယ်။ အဲဒီအချိန်လောက်မှာ ၈၈ မတ်လလောက်ကြတော့ ရန်ကုန်မှာ ပွဲဆူလာတယ်။ စီတန်းလှည့်လည်ပွဲတွေ ဟိုကြိုကြား ဒီကြိုကြား ဖြစ်လာတယ်။
ကျနော့်အဖေက ဗိုလ်ချုပ်အောင်ကြီးတပည့်၊ နေ့တိုင်းဗိုလ်ချုပ်အောင်ကြီးဆီသွားတယ်။ ဗိုလ်မှူးဘရွှေတို့ ၊ ဗိုလ်မှူးကြီးကြည် ဟန်တို့။ ကျနော်ကတော့ ဒရိုင်ဘာပေါ့ဗျာ။ လိုက်ပို့ဆိုလိုက်ပို့လိုက်တယ်။ ပြန်လာကြိုဆိုကြိုလိုက်တယ်။ ကိုယ်နဲ့လည်း ခင် နေတာကိုး။ တခါတလေလည်း အပေါ်မတက်ပါဘူး။ အောက်ထပ် မီးဖိုချောင်ကြီးထဲမှာ နန်းကြီးလေး ဘာလေးစား…၊ အန်တီမူက လုပ်ကျွေးတယ်။ အဲဒီတုန်းက အန်တီမူ နန်းကြီးက စပါယ်ရှယ်ပဲ။ အရေးအခင်းနဲ့ ဗိုလ်ချုပ်အောင်ကြီးတို့အဖွဲ့နဲ့ ဘာမှမဆိုင်ပေမယ့် ဗိုလ်ချုပ်အောင်ကြီးတို့ အိမ်ရှေ့မှာတော့ မနက်မိုးလင်းရင်ထောက်လှမ်းရေးက ဟိုင်းလပ် မီးခိုးရောင် လေးက ခပ်လှမ်းလှမ်းကရောက်နေပြီး စောင့်ကြည့်နေကြတယ်။
ဗိုလ်ချုပ်အောင်ကြီး စာတစောင်ရေးတယ်ဆိုတာတော့ ကျနော်သိတယ်။ ဦးနေဝင်းဆီ တစောင်ရေးတယ် …ကျနော်မြင်လည်း မြင်တယ်။ ဗိုလ်ချုပ်အောင်ကြီးရဲ့အရည်အချင်းက စာရေးရင် ဖျက်တာတို့ နောက်ပြန်လှည့်တာတို့ မရှိဘူး။ တောက်လျှောက် ရေးသွားနိုင်တယ်။ ဆုံးတဲ့အထိ တဖြောင့်တည်းရေးလို့ရတယ်။
တနေ့သောအခါတော့ ကျနော့်အဖေက ကျနော့်ကို…ဟေ့ကောင် မောင်မောင်.. ဗိုလ်ချုပ် အောင်ကြီး စာရေးပီးသွားပြီ။ အဲဒါ ကို gestener နဲ့ လှည့်ပြီးဝေစေချင်တယ်။ မင်းလုပ်မလား မင်းလုပ်ပေးမလားလို့မေးတယ်။ ကျနော်ကလည်း ဟား…ထောင် နှုတ်ခမ်းနင်းရတဲ့အလုပ်။ သူ့မှာလည်း ယောက်ဖတွေ ညီတွေ သားမက်တွေရှိရဲ့သားနဲ့ ငါ့ခိုင်းတယ်ဟ.. လို့ စိတ်ကတော့ ဖြစ်ပြီ။ ဒါပေမဲ့ ကျနော် စာဖတ်ပြီးတဲ့အချိန်မှာ ဒီစာကိုဝေသင့်တယ် တိုင်းပြည်ကို ဖြန့်သင့်တယ်လို့ဆိုပြီးတော့ ဗိုလ်ချုပ် အောင်ကြီးဆီက အော်ရီဂျင်နယ် စာယူပြီးတော့ ခပ်တည်တည်နဲ့ ဘားလမ်းက ကျနော့်ဦးလေး ဦးဖိုးအောင်ရုံးခန်းကို ချီတက် တယ်။
အဲဒီက ကိုမောင်မောင်ကြည် …စာရိုက်ချင်တယ်…ကိုမောင်မောင်ကြည်ကလည်း လွယ်လွယ်ပဲ ဘားလမ်းထဲက ဆိုင်ကိုခေါ် သွားတယ် ဆိုင်တဆိုင်ပေါ့။ စရိုက်တာပေါ့ဗျာ။ ၄၂ မျက်နှာဆိုတော့ ၂ ရက်လောက်ရိုက်ရတယ်။ အရှေ့မှာ ၄၂ မျက်နှာ ပထမဆုံးစာမျက်နှာက အင်္ဂလိပ်လိုရေးထားတဲ့ Type ဆိုတာ ကျနော့်လက်ရေးပဲ။ ဆိုင်ရှင်ကလည်း ဘာစာမှန်းတောင် မသိဘူး။ ဦးနေဝင်းဆီလိပ်တပ်ထားတာ ဂရုမစိုက်ဘူး။ အဲဒါမျိုးတွေ လာနေကြနဲ့တူတယ်။
ဗိုလ်ချုပ်အောင်ကြီးက စာရွက်အကောင်းနဲ့ အစောင်(၁၀၀) ၊ စာရွက်အကြမ်း စစ်တောင်းနဲ့ အစောင် (၆၀၀) လှည့်ခိုင်းတယ်။ gestener နဲ့လှိမ့် …စာရွက်အကောင်းကိုတော့ စာအုပ်လေးတွေချုပ်ပေါ့လေ။ နောက်ပီးတော့ နိုင်ငံတော်ကောင်စီဝင် အား လုံးဆီ ဦးနေဝင်းအပါအဝင် နိုင်ငံတော်ကောင်စီဝင်အားလုံးဆီ စာရွက်အကောင်းနဲ့ ရောပြီးပို့ခိုင်းတယ်။ စာတိုက်ကနေ ခပ် တည်တည်နဲ့ထည့်တယ်။။ စာအိတ်ထဲထည့်ပြီးတော၊ ကျနော့်လက်ရေးနဲ့အပေါ်ကလည်း ပါတီဥက္ကဋ္ဌကြီးဦးနေဝင်းပေါ့လေ …။ အကုန်လုံး ကျနော့်နာမည်နဲ့တပ်ပြီးတော့ လျှောက်ပို့တော့ စာတိုက်က …ဟာ မရဘူး ဦးနေဝင်းဆိုရင် ပို့တဲ့လူရဲ့နာမည်နဲ့ မှတ်ပုံတင်လိုတယ် …။ ဒီလိုဆိုတော့ ဗိုလ်ချုပ်အောင်ကြီးရဲ့မှတ်ပုံတင်နံပါတ်ကို အဲဒီမှာရေးထားတဲ့အတိုင်း ပြလိုက်တယ်။
ကျနော်ရေးတော့မှ စာတိုက်က လက်ခံလိုက်တယ်။ ကျန်တဲ့စာရွက်အချောတထုတ် ကျန်သလောက်ပေါ့ဗျာ။ အဲဒီကနေ ဗိုလ်ချုပ်အောင်ကြီးဆီပြန်လာတယ် …။ ကျနော်လည်း ကော်ပီဝေရအောင်လို့ ၂၀-၃၀ လောက်ယူထားလိုက်တယ်…။ စာ ရွက်အကောင်းနဲ့တအုပ်ကို ဂျပန်ဆေးရုံမှာ ဒေါ်ခင်ကြည်ဆေးရုံတက်နေတဲ့ကြားမှာ မမစုကို ကျနော်သွားပေးလိုက်တယ်။ အဲဒီ (၆၀၀) ကနေ ပွားသွားလိုက်တာ ဗိုလ်မှူးကြီးတင်ထွန်း (အကိုကြီးတင်ထွန်း) ရဲ့သား သူ့နာမည်လည်း မောင်မောင်ပဲ …အဲ …သူကထပ်ဝေချင်လို့ gestener ပြေးဆွဲတယ်၊ ပြီးတော့ ဗိုလ်ချုပ်အောင်ကြီးကလည်း ပေးခိုင်းလိုက်တယ်၊ ကျနော် သူ့ကိုပေးလိုက်တယ် ။
ကျနော်အဲဒါလုပ်ပြီးကတည်းက ဗိုလ်ချုပ်အောင်ကြီး အိမ်ကို သိပ်မတက်တော့ဘူး။ ကားနားမှာပဲစောင့်နေတယ် ၊ ထောက် လှမ်းရေးတွေကလည်း ကြည့်နေတယ်။ ကျနော်က ကားရပ်ရင် ဘီးကိုခြေထောက်နဲ့ကန်ကြည့်လိုက် …ကားအောက်ကို ငုံ့ကြည့်လိုက်၊ ဘောနက်ဖွင့်လိုက် ၁၅ မိနစ်လောက် လုပ်ပြီးမှ ကျနော်အိမ်ပေါ်တက်တယ်။ အမြင်မှာတော့ ဒရိုင်ဘာပေါ့ဗျာ ။ အဲ…ထင်တဲ့အတိုင်းပဲ ဖမ်းပါလေရောဗျား…။
အဖေရော ဗိုလ်ချုပ်အောင်ကြီးရော၊ တဖွဲ့ကြီးဖမ်းတယ်။ အဲဒီအိမ်မှာ ဗိုလ်ချုပ်အောင်ကြီး သားတွေနဲ့ဆော့နေတဲ့ ခပ်ပျော့ ပျော့ ဒေါက်တာဇော်ဝင်းဦးတဲ့…။ အခုတော့ သြစတြေးလျမှာ ထင်တယ်…သူရှိတယ်။ သူ့ကိုဖမ်းသွားတယ်။ ကျနော်ထင် တာက သူ့ကိုစာရိုက်တယ်ထင်ပြီးဖမ်းတာ။ သူတို့လည်း အကြာကြီးတော့မနေရပါဘူး။ (၇) ရက်လောက်နေတော့ ပြန်လွတ် လာကြတယ်။ ဒေါက်တာဇော်ဝင်းဦးက ကျနော့်တွေ့တော့မေးငေါ့ပြီးတော့… အဲဒီလူကြီး ဒီစာတွေရိုက်တာတွေ့တယ်လို့ ထောက်လှမ်းရေးတွေကိုပြောခဲ့တယ်…မကျေမနပ်နဲ့…။ ကျနော်လည်း ဘာတတ်နိုင်မှာလဲ။ ကျနော့်ကိုလည်းဖမ်းပေါ့ ။
အဲဒီ ၄၂ မျက်နှာစာတမ်းက အင်မတန်အောင်မြင်ကျော်ကြားခဲ့တယ်။ အဲဒီတုန်းက ရင်တထိတ်ထိတ်ပေါ့ …။ ရိုက်ရမယ့်လူက ဟာ…ကျနော်မရိုက်ရဲပါဘူးဆိုပြီးတော့ ရပ်လိုက်ရင် ကျနော်ဒုက္ခပဲ ။ဒီလောက်ပါပဲ ။ သိပ်စွန့်စားခန်းကြီး တော့မဟုတ်ဘူး။ ဒါပေမဲ့ ထောင်နှုတ်ခမ်းတော့နီးခဲ့ရပါတယ်။ ကျနော် အဖမ်းမခံခဲ့ရဘူး …။ ကျနော်တတ်နိုင်သလောက်လုပ်ခဲ့တဲ့နိုင်ငံရေးအဖြစ်အပျက်တခု။
**********
သည်တုန်းက တတ်နိုင်သလောက်လုပ်ခဲ့တဲ့ နိုင်ငံရေးအဖြစ်အပျက်တခုဆိုတဲ့ ၄၂ မျက်နှာကို ဝေလိုက်ပြီး နောက်ပိုင်းအဖြစ် အပျက်တွေကတော့ အားလုံးသိကြတဲ့အတိုင်း လူထုအုံကြွမှုများ၊ အာဏာရှင်နဲ့ လက်ကိုင်တုတ်များရဲ့ရက်ရက်စက်စက်နှိပ်ကွပ်ချေမှုန်းမှုများနဲ့ ရင်နာစရာ တွေချည်းသာပင်။
မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းရဲ့ တွင်းဆုံးထဲ ရောက်နေတာကို မီးထိုးပြလိုက်သလို အားလုံး ကွက်ကွက်ကွင်းကွင်း သိရှိသွား ပြီး လက်ရှိအစိုးရကိုလည်း နာကျည်းသထက် နာကျည်းလာကြပါသည်။ ၄၂ မျက်နှာစာရွက်များကလည်း တီးတိုးဖြန့် ထားရာက အတော်ခရီးပေါက်နေရာ မဖတ်ရသေးသူဆိုလျှင်ခေတ်မမီတော့သည့်ဘ၀ကို ရောက်လာပါသည်။ အင်တာနက် မရှိသေး၊ ရေဒီယိုမှာ ဘီဘီစီ၊ ဗွီအိုအေနားထောင်လျှင် နိုင်ငံခြားမှ သတင်းစာတစောင်စောင်ကိုလက်ဝယ်ဖတ်ရှုမိလျှင် နိုင်ငံ တော်ကိုပုန်ကန်မှု၊ တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဖျက်ဆီးမှုတို့နှင့် အချိန်မရွေး ထောင်ထဲဝင်နိုင်သော ခေတ်၊ တရားစွဲဆိုခြင်း၊ ရုံးတင် စစ်ဆေးခြင်းမရှိ၊ လူတယောက်ကိုထောင်ထဲမှာထားချင်သလောက် ထားနိုင်သောခေတ် ဖြစ်ပါ သည်။
{၈၈၈၈ အရေးအခင်းမဖြစ်မီ မတ်လ ၇ ရက်နေ့က ဗိုလ်ချုပ်အောင်ကြီးမှ ဦးနေဝင်းဆီ စာတစောင် ပို့ခဲ့ပါသည်။ စီးပွားရေးပြပြင်ပြောင်းလဲမှုများလုပ်ရန် အစိုးရတရပ်အသစ်ဖွဲ့ရန် အကြံပြုခဲ့ပါသည်။ ယခင်ကလည်း စာတော်တော်များများ ရေးခဲ့ဖူးပြီး တိုင်းပြည်သို့လည်း ဝေခဲ့ပါသည်။ တိုင်းပြည်အတွင်း အစိုးရဆန်ုကျင်ရေးလှုပ်ရှားမှုများအတွက် အရေးပါသော ထောက်ပံ့ မှုတရပ် ဖြစ်စေခဲ့ပါသည်။ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ပြစ်ပြစ်ခါခါ ဝေဖန်ထားပြီး လူထုအုံကြွမှုကြီး ဖြစ်လာ နိုင်ကြောင်းကိုလည်း သတိပေးထားခဲ့ပါသည်။ ၁၉၈၈ မေလ ၉ ရက်နေ့တွင် စာမျက်နှာ ၄၂ မျက်နှာပါစာကို ဒုတိယ တကြိမ် ရေးပီးပြုပြင်ပြောင်းလဲရေးများ လိုအပ်နေကြောင်းကိုလည်း ထပ်မံပြောကြားခဲ့ပါသည်။} (Wikipidia စာမျက်နှာမှ)
ကျောင်းသားမောင်ဖုန်းမော်သေဆုံးမှုမှစတင်ကာ အထွေထွေသပိတ်ကြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာရသည်မှာ နေပူထဲဓာတ်ဆီဖြန်းပြီးသားလောင်စာကို မီးပွားကျသွားသဖြင့် ၀ုန်းခနဲ ထတောက်လာသည်ဟု မိမိအတွေ့အကြုံအရ ထင်မှတ်မိပါ သည်။ ထိုအချိန်က ယိုယွင်းနေသော မြန်မာပြည်ကို အာဏာရှင်ဦးနေ၀င်းကိုယ်တိုင်က သူ့လက်ထဲမှာ ဆက်လက်ထိန်းသိမ်း နိုင်စွမ်းမရှိတော့။ တပါတီစံနစ်လား ပါတီစုံစနစ်လားတွေ မေးနေရသောဘ၀ကို ရောက်လာခဲ့ပါသည်။ အဆင်းမှာ ထွက်ခတ် ခတ်တတ်သောအာဏာရှင်တို့ထုံးစံအတိုင်း တတိုင်းပြည်လုံးကို စစ်တပ်ဆိုတာ ပစ်ရင်တည့်တည့် ပစ်တယ်လို့ကြိမ်းမောင်းပြီး ဆင်းသွားခဲ့တာပါ။
{ဒီနေရာမှာ မြန်မာပြည်ကအာဏာရှင်တွေရဲ့စရိုက် တူတာတွေ တွေ့မိတာကတော့ သူတို့ဟာ တိုင်းပြည်ရဲ့အဆီအနှစ်တွေ ၀ါးမျိုနေတုန်းကတော့ ကိုယ့်ကိုယ်ကို နာမည်အမျိုးမျိုးတပ်ပြီး မဟာခေါင်းဆောင်လိုလို တိုင်းပြည်တာဝန်ယူထားရတဲ့ပုံဖမ်းကြ၊ အဆီအနှစ်တွေ ကုန်ခမ်းလို့ သူတို့အတွက် အစုပ်ထုတ်ပဲကျန်တယ်လို့ထင်လာတဲ့အချိန်ကြတော့ ပါတီစုံစနစ်ကို အစ ပျိုးပေးခဲ့တယ်တို့၊ တာဝန်လွှဲပြောင်းပေးခဲ့တယ်တို့၊ ဒီမိုကရေစီနိုင်ငံဖြစ်အောင် အစပျိုးခဲ့တယ်တို့နဲ့ နာမည်ကောင်းကလည်း လိုချင် ထိုင်ကျေးဇူးတင်တာလည်း ခံချင်သေးတာ။}
ဘာပဲဖြစ်ဖြစ် နှစ်တွေမည်မျှပင်ကြာပါစေ … ဓမ္မနဲ့အဓမ္မတိုက်ပွဲမှာ ကျဆုံးသွားကြရတာကတော့ အဓမ္မသားတွေဆိုတာ အား လုံး အသိပါ။
ဒီမိုကရေစီ ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာရန် နှစ်ပေါင်းများစွာ အသက်ပေါင်းများစွာ စတေး ပြီးမှ ခက်ခက်ခဲခဲအကြိမ်ကြိမ် ပြန်လည်ရုံးထခဲ့ရပါသည်။ အမှောင်ခေတ်အာဏာရှင်တွေလက်ထဲ တိုင်းပြည်ပြန်မရောက်အောင် ကာကွယ်ရန်မှာ နိုင်ငံ သားတိုင်းမှာ တာဝန်ရှိပါသည်။ နိုင်ငံပြန်လည်ထူထောင်ရေးအတွက် ပြည်သူ့အစိုးရကို အားလုံးဝိုင်းဝန်းပံ့ပိုးကြပါစို့လို့ ၈၈၈၈ ၂၈ နှစ်မြောက်နှစ်ပတ်လည်မှာ တိုက်တွန်းလိုက်ရပါကြောင်း။