ကဗျာ

ဇေမှိုင်း ● ညကိုချိုးဖျက်ခဲ့ခြင်း

 ဇေမှိုင်း ● ညကိုချိုးဖျက်ခဲ့ခြင်း
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၆


အ ကာလ မဟုတ်ပေမယ့်
နှစ်ကာလများစွာ
ဆန္ဒမဲ့ ငြိမ်ဆိတ်နေခဲ့ရတဲ့ ည
ရှိသမျှကြယ်စင်တို့နဲ့ လမင်း
အလင်းကို အတင်းကာရံထားခံထားရတဲ့ ည
သောကတွေ
ဒဏ်ရာတွေနဲ့လျှာနဲ့သပ်ရင်း
ချဉ်းနင်းလာမယ့်
ချစ်ခြင်းတွေကိုမျှော်ကြ
“ကမ္ဘာမကြေဘူး-
ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ…”
လှိုင်းလုံးတွေမောက်ကြွ
အားကိုးသံ, အားပေးသံတွေ
ဟုန်း ဟုန်း ထခဲ့ပေါ့
ရှစ်ရက်- ရှစ်လ- ရှစ်ဆယ့်ရှစ် ပါ
ကမ်းခြေမှာ အပန်းဖြေတာမဟုတ်ပါ
အာဏာဆိုတာ
ပြည်သူ့ လက်ထဲမှာဆိုတာပြတဲ့ ပွဲ
ကြားနေရေးမဲတွေကို ပုတ်ချ
စက်သေနတ်တွေဘက်ဆီ
ရင်ကော့တက်ချီသွားတဲ့ ပွဲ
သားတော် အစဉ်
မြေးတော် အဆက်
မြစ်တော် အညွန့်
တလွန့်လွန့် ထိုးတက်နေဦးမယ့် ရာဇဝင်မနက်………။

(ကျဆုံးခဲ့ပြီးလေသော ရဲဘော်များနှင့် ရင်းနှီးခဲ့ရ ဘဝများစွာအား အလေးပြုလျက်) ။ ချိုစိမ့်/ ဇေမှိုင်း။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts