နိုင်ငံတကာရေးရာ

ဖိလစ်ပိုင်သမ္မကိုယ်တိုင် မူးယစ်ဆေးသုံးသူတွေကို သတ်ဖြတ်နေတာ တရားသလား

President Duterte says he will protect enforcers involved in shootouts. Image via Concept News Central

ဖိလစ်ပိုင်သမ္မကိုယ်တိုင် မူးယစ်ဆေးသုံးသူတွေကို သတ်ဖြတ်နေတာ တရားသလား
(မိုက်ခဲစိန် ဘာသာပြန်) မိုးမခ၊ သြဂုတ် ၁၀၊ ၂၀၁၆

အမေရိကန်အတွက် အရှက်ရတဲ့ ရေငုံနှုတ်ပိတ်နေမှုကြီးကတော့ ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးသမားတွေကို သတ်ဖြတ်သုတ်သင်ခြင်းခံနေရတာကို ဘာမှ ၀င်မပြောလို့ပါဘဲတဲ့။ အကယ်၍သာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ သာယာဝပြောရေးကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံတကာမူးယစ်ဆေးပြသနာကို ထိန်းချုပ်ရေး၏ အဓိကတချက်သာဆိုရင်တော့ သတ်ဖြတ်မှုတွေကို ရပ်ဆိုင်းရပါမယ်။

ဆောင်းပါးရေးသူက Hannah Hetzer (Alternet) ကပါ။ Salon.com မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်များမှာ ဖိလစ်ပိုင်မှာ လူတွေ သွေးချောင်းစီးအောင် သတ်ဖြတ်ခံနေရပါတယ်။ အသတ်ခံရသူတွေကတော့ မူးယစ်ဆေး ရောင်းဝယ်သူတွေ၊ မူးယစ်ဆေး သုံးစွဲသူတွေ ဖြစ်ပါတယ်။ ဖိလစ်ပိုင် သမ္မတအသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ Rodrigo Duteret ရိုဒရီဂို ဒိုတာတေရဲ့ အားပေး အားမြှောက်မှုနဲ့ နိုင်ငံတော်အဆင့် ဥပဒေလွတ်ကင်းခွင့်ရှိရှိ တရားရုံးမပါ စီရင်ထုံးမပါဘဲ လူတွေ အသတ်ခံနေရတာ ဖြစ်ပါတယ်။

သမ္မတဖြစ်ဖြစ်ချင်းမှာပဲ ရိုဒရီဂိုက ပုလိပ်တွေ တာဝန်သိလုပ်သားပြည်သူတွေဟာ မူးယစ်ဆေးသမားတွေကို သတ်ဖြတ်ပစ်ကြဖို့၊ အဲသည်အတွက် ပြည်သူတွေကို ဂုဏ်ပြုဆုချီးမြှင့်မယ့်အကြောင်း၊ ပုလိပ်တွေကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စွပ်စွဲခံရလျင် လွတ်ငြိမ်းခွင့် ပေးမယ့်အကြောင်း ပြောကြား တိုက်တွန်းလိုက်ပါတယ်။ အဲသည်လို ခြောက်ခြားစရာကောင်းတဲ့ တိုက်တွန်းမှုအပြီးမှာ မူးယစ်ဆေးသမားလို့ သံသယရှိသူ လူပေါင်း ၇၀၀ ကျော် လမ်းတွေပေါ်မှာ အသတ်ခံခဲ့ရပါတယ်။

 

Eye-opening images reveal the daily life inside Quezon City jail in Manila,

အဲသည်နောက် သူတို့အသက်ကို စိုးရိမ်တဲ့ မူးယစ်ဆေးသုံးစွဲသူ လူပေါင်း ၁သိန်း ၁သောင်း ၄ထောင်ဟာ သက်ဆိုင်ရာအာဏာပိုင်တွေထံမှာ လာရောက် အဖမ်းခံကြပါတယ်။ သူတို့တွေကို ဖိလစ်ပိုင်က အကျဉ်းသားတွေ အဆမတန် ပြည့်ကြပ်နေပြီဖြစ်တဲ့ ထောင်တွေထဲမှာ ချုပ်နှောင်ထားလိုက်ကြပါတယ်။ သူတို့တွေ လူသားမဆန်တဲ့ အလိုမတူဘဲ ဆေးဖြတ်စီမံချက်တွေအောက်ကို ရောက်ရှိသွားကြမှာ သေချာပါတယ်။

ဥပဒေလွတ်ကင်းခွင့်ရ သတ်ဖြတ်လုပ်ကြံမှုတွေဟာ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်မှု ဖြစ်ပါတယ်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စုကတော့ ရေငုံနှုတ်ပိတ်နေပါတယ်။ ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဖိလစ်ပိုင်သမ္မတကြီးကို ကူငွေ အမေရိကန် ဒေါ်လာ ၃၂ သန်းပေးမယ့် အကြောင်း၊ အဲဒီငွေနဲ့ ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေး တရားဥပဒေစိုးမိုးရေးအတွက် သင်တန်းပေးတဲ့ဆီမှာ သုံးမယ့်အကြောင်း ကြေငြာလိုက်ပါတယ်။ ဖိလစ်ပိုင်သမ္မတရဲ့ ဥပဒေလက်လွတ် သတ်ဖြတ်မှုတွေကို အမေရိကန်က ထောက်ပြပြောဆိုခြင်း မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်က သဘောထားထုတ်ပြန်ရာမှာ ကုလသမဂ္ဂ မူးယစ်ဆေးထိန်းချုပ်ရေးအေဂျင်စီအနေနဲ့ ဖိလစ်ပိုင်သမ္မတရဲ့ မူးယစ်ဆန့်ကျင်ရေး သတ်ဖြတ်နေမှုတွေ ချက်ခြင်း ရပ်ဆိုင်းဖို့ တောင်းဆိုပေးရန်နဲ့ နှုတ်ပိတ်မနေဖို့ကို ပြောဆိုလိုက်ပါတယ်။ သူတို့ပေးပို့တဲ့ စာကို ယူအန်ရဲ့ မူးယစ်နဲ့ ရာဇ၀တ်မှုဆိုင်ရာ ရုံးအဖွဲ့၊ နိုင်ငံတကာ မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့တို့ကို လိပ်မူပြီး ပို့ခဲ့တာပါ။

(File photo) Data from the Philippine National Police show five drug suspects were killed daily from June 16 to June 20

အဲသည်အတွက် လပေါင်းများစွာ လူတွေ သတ်ဖြတ်ခံခဲ့ရပြီးနောက် ကြာသာပတေးနေ့ကျမှပဲ ဆိုင်ရာယူအန်အဖွဲ့အစည်းကနေ ကန့်ကွက်ကြောင်း စာထုတ်ပါတော့တယ်။ ဥပဒေလက်လွတ် သတ်ဖြတ်မှုတွေဟာ တရားမ၀င်ကြောင်း၊ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်ကြောင်း ဝေဖန်လိုက်ပါတယ်။ ယူအန်အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ အဲသည်လို မလုပ်အပ်ကြောင်း၊ နိုင်ငံတကာ ဥပဒေ ထုံးတမ်း နည်းနာတွေကို လိုက်နာရမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် အမေရိကန်အစိုးရကလည်း ယူအန်ကဲ့သို့ ဖိလစ်ပိုင်ကို ကန့်ကွက်သင့်ပြီ ဖြစ်ပါတယ်။ အခုလို လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အကူအညီပေးနေတာတွေကို တုန့်ဆိုင်းထားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် အားပေးအားမြှောက်ပြုပြီး မူးယစ်ဆေးသမားတွေကို သတ်ဖြတ်တာကို အမေရိကန်က လူစိတ်ရှိရှိနဲ့ တားဆီးသင့်ပါတယ်။

ကမ္ဘာတ၀ှမ်းမှာ မူးယစ်ဆေးပြသနာကို ဖြေရှင်းကြရာမှာ ရက်စက် ကြမ်းကြုတ်စွာ အရေးယူမှုတွေ လုပ်နေကြပါတယ်။ မူးယစ်ဆေး ရောင်းဝယ်သူတွေ၊ သုံးစွဲသူတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီး ထောင်ချထားတာတွေ၊ မူးယစ်ဆေးပင်တွေကို ဝေဟင်ကနေ ဆေးဖြန်း နှိမ်နင်းရာက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတာတွေ၊ အဲဒါတွေနဲ့ ဆက်နွယ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အတင်းအကြပ် အဓမ္မ ဆေးဖြတ်တဲ့ အစီအမံတွေကို နိုင်ငံတော်အဆင့် ကျုးလွန်နေကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံကိုယ်တိုင် မူးယစ်ဆေးဝါးမှု ကျုးလွန်တဲ့ ရာဇ၀တ်သားတွေကို သေဒါဏ်စီရင်မှုတွေ ပြန်ပြီး လုပ်ဆောင်လာပါတယ်။ ပါးကွက်သားသေနတ်အဖွဲ့နဲ့ မူးယစ်သမား ၄ ဦးကို ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

မူးယစ်ပြသနာကို စစ်ပွဲ ဆင်နွှဲနေကြရာမှာ လူတွေအသက်ကို ကယ်တင်ဖို့ဆိုပြီး လူတွေကို သတ်ဖြတ်နေကြပါတယ်။ အကယ်၍သာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ သာယာဝပြောရေးကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံတကာမူးယစ်ဆေးပြသနာကို ထိန်းချုပ်ရေး၏ အဓိကတချက်သာဆိုရင်တော့ သတ်ဖြတ်မှုတွေကို ရပ်ဆိုင်းရပါမယ်။

(စာရေးသူ Hannah Hetzer ဆိုတာ ဥရုဂွေးနိုင်ငံ၊ မွန်တီဗီဒီယိုမှာ နေထိုင်ပြီး၊ Americas for the Drug Policy Alliance ရဲ့ ပေါ်လစီမန်နေဂျာ ဖြစ်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts