မှတ်စုမှတ်တမ်း

ဒေါက်တာ စိန်ဝင်း – ရှစ်လေးလုံး ၂၈ နှစ်မြောက် သို့ သ၀ဏ်လွှာ


 

ဒေါက်တာ စိန်ဝင်း – ရှစ်လေးလုံး ၂၈ နှစ်မြောက် သို့ သ၀ဏ်လွှာ

(မိုးမခ) သြဂုတ် ၈၊ ၂၀၁၆

ကျနော် ၈လေးလုံး အရေးတော်ပုံကာလ ဖြတ်သန်းခဲ့စဉ်အချိန်များက မျှော်လင့်ချက်များ၊ ဒေါမာန်ဟုန်များ နဲ့ ကျဆုံးမှုများကို မမေ့နိုင်သေးပါ။ ကျောင်းသား အလုပ်သမား လယ်သမား သံဃာ စတဲ့ လူထု လူတန်းစားပေါင်းစုံသည် မြန်မာပြည်တ၀ှမ်းမှာ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတို့အတွက်  ဆန္ဒပြတောင်းဆိုခဲ့ကြပါသည်။ မျက်မှောက်အခြေအနေကို ပြောင်းလဲနိုင်ရေးအတွက် နိုင်ငံရေးအလုပ်များ လုပ်ဆောင်ကြဖို့ ကျနော်တို့ကို တွန်းအားပေးကြရာမှာ အဆိုပါ လူထုလှုပ်ရှားမှုကြီးနဲ့ အထူးအားဖြင့်တော့ လူငယ် ကျောင်းသားများရဲ့ ကဏ္ဍက အထူးအရေးပါခဲ့ပါသည်။

ဒီနေ့မှာတော့ဖြင့် ကျနော်တို့ ၈လေးလုံး ၂၈ နှစ်မြောက် နှစ်ပတ်လည်ကို ကြုံကြရပြီ။ ဖြတ်ကျော်ခဲ့ကြရသည့် နှစ်ကာလရှည်အတွင်း ကျနော်တို့၏ အလုပ်တာဝန်များကို ဆက်လက် ထမ်းဆောင်ရေး အဓိက တွန်းအားမှာ “၈လေးလုံး စိတ်ဓာတ်” သာ ဖြစ်ပါသည်။ နောက်ဆုံး မေးခွန်းကတော့ ကျန်ရှိနေဆဲ ဖြစ်ပါသည်။ ကျနော်တို့ လွတ်မြောက်ကြပြီလား။ ၈လေးလုံး၏ တောင်းဆိုချက်များ ပြည့်ဝကြပြီလား။

ကျနော်တို့ မလွတ်မြောက်ကြသေးပါ။ အခြေအနေများကတော့ တိုးတက်မှု ရှိနေပါသည်။ ၂၀၁၅ ရွေးကောက်ပွဲကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို ပြောင်းလဲမှုများ ဖော်ဆောင်ရန် ထင်ထင်ရှားရှား ပုံအပ်လိုက်ကြပြီ ဖြစ်သည်။ ကျနော်တို့ လိုအပ်သည်မှာ တိုင်းရင်းသားများအားလုံး သဟဇာတဖြစ်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး နှင့် ၈လေးလုံး၏ တောင်းဆိုချက်ဖြစ်သော လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ကို တိုင်းပြည်တ၀ှမ်းလုံး ငြိမ်းချမ်းသာယာစွာ ခံစား ရရှိနိုင်ရေး ဖြစ်ပါသည်။ 

ကျနော်တို့ ပြောင်းလဲရေးကို ဦးတည်ပြီး စဉ်းစား လုပ်ကိုင်နေကြချိန်နဲ့ တပြိုင်နက်တည်းမှာပင် တိုင်းပြည် ဖွံဖြိုးတိုးတက်ရေးကိုလည်း စဉ်းစား လုပ်ကိုင်ကြရန် လိုအပ်ပါသည်။ အခုချိန်မှာ ကျနော်တို့သည် လူထုအားလုံး၏ စည်ပင်ဝပြောရေးကို အကောင်းဆုံး ကြိုးပမ်းကြရမည့် အချိန်လည်း ဖြစ်ပါသည်။ အခုအချိန်သည် ၈၈အရေးတော်ပုံ၏ ကျဆုံးလေပြီးသော သူရဲကောင်းများအားလုံးကို သတိရ အောက်မေ့ ဂုဏ်ပြုကြရမည့် အချိန်လည်း ဖြစ်ပါသည်။

၈၈အရေးတော်ပုံကြီး၏ တောင်းဆိုချက်များ ပြည့်ဝသည်အထိ ဆက်လက် လုပ်ကိုင်သွားကြရန် အတူတကွ အားလုံး သံန္နိဌာန် ပြုလိုက်ကြပါစို့။

ဒေါက်တာစိန်ဝင်း

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts