ရသဆောင်းပါးစုံ

ခိုင်ကြည်သစ် ● ဘယ်လိုအလေးပြုခဲ့ကြသလဲ

ခိုင်ကြည်သစ် ● ဘယ်လိုအလေးပြုခဲ့ကြသလဲ
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၆

(၁)
ရုံးပိတ်သည်မို့ (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပပုံများကို ရုပ်မြင်သံကြားက တောက် လျှောက်စောင့်ကြည့်ဖြစ်သည်။ ခါတိုင်းနှစ်များနှင့်မတူ တမူထူးခြားခဲ့သည့် အခမ်းအနားဟုဆိုရလောက်အောင် အဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပခဲ့သည်ဟု ယူဆမိပါသည်။ အာဇာနည်နေ့အခမ်းအနားကို အာဇာနည်ဗိမာန်တွင် သာမက၊ ခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော အတွင်းဝန်ရုံးတွင်လည်း ပထမဆုံး အကြိမ် တပြိုင်နက်တည်းကျင်းပခဲ့ခြင်းက အာဇာနည်နေ့ကို ပို၍လေးနက်စေသလို ခံစားခဲ့ရပါသည်။ အမြို့မြို့ အနယ်နယ်တွင် အာဇာနည်နေ့အခမ်းအနားများကို ခြိမ့်ခြိမ့်သည်း ကျင်းပနေကြသည်ကိုလည်း လူမှုကွန်ယက် စာမျက်နှာပေါ်တွင် တွေ့မြင်နေခဲ့ရသည်။ ထိုသတင်း ထိုမြင်ကွင်းတို့သည် ရင်နင့်စေသလား၊ ကြည်နူးစေခဲ့ သလား မဝေခွဲတတ်ခဲ့။ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရုပ်မြင်သံကြားမှ ဥဩဆွဲသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား မိသားစုနှင့်အတူ ငြိမ်သက်စွာ အလေးပြုမိ ပါသည်။ ဩဥသံဆဲသွားသည့်အခါ ပေါ်လာသောအတွေးကား “ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အာဇာနည် ခေါင်းဆောင်ကြီးတွေကို ငါတို့ဘယ်လိုအလေးပြုခဲ့သလဲ” ဟူသည့် မေးခွန်းဖြစ်ပါသည်။ ခါးကိုမတ်လျက် လက် နှစ်ဖက်ကို ကိုယ်မှာကပ်ပြီး ဦးညွှတ်ကာ ငြိမ်ငြိမ်နေခြင်းသည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း အမှန် မည်ပါ၏လော။ ခေါင်းဆောင်ကြီးများက ကျေနပ်နိုင်ကြပါမည်လော။ သူတို့၏အသက်များကို ပေးအပ်ခဲ့ရခြင်း သည် ထိုက်တန်ပါ၏လော။ ထိုခေါင်းဆောင်ကြီးများ တည်ထောင်သွားသောနိုင်ငံ၏ နိုင်ငံသားတာဝန် ကျေကြ ပြီလော။

(၂)
မိဘတွေအိမ်သွားပြီး ဖခင်နှင့် နိုင်ငံရေးရာ၊  စာပေရေးရာတွေအပြင် သူဖြတ်သန်းဖူးသော အာဏာရှင် တော်လှန်ရေး အတွေ့အကြုံများ ဆွေးနွေးခြင်းက ရုံးပိတ်ရက်တွေမှာ ဆောင်ရွက်နေကျ အလုပ်တခုဖြစ်သည်။ အာဇာနည်နေ့ရုံးပိတ်ရက် နေ့လည်ပိုင်းတွင်လည်း ထုံးစံအတိုင်း ကျွန်တော့်ဖခင်နှင့် အာဇာနည်နေ့အခမ်းအနား ကျင်းပပုံ၊ ပြင်ဆင်လိုက်သည့်အာဇာနည်ဗိမာန်ဒီဇိုင်း၊ အခမ်းအနားသို့တက်ရောက်လာကြသည့် အာဇာနည် မိသားစုတွေအကြောင်း၊ အာဇာနည်ကြီးတွေကို တက်ရောက်အလေးပြုခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံ ၏ ရှေ့အလားအလာ စသည်ဖြင့် အကြောင်းအရာမျိုးစုံကိုဆွေးနွေးဖြစ်ခဲ့သည်။ အမေပြင်ပေးသော နေ့လည်စာ ထမင်းဝိုင်းလေးကြောင့် စကားဝိုင်းလေးကို ပို၍စိုပြေစေခဲ့သည်။  ကြက်သားဟင်းရွက် ဟင်းရည်သောက်ရင်း၊ ငါးကြော်နှပ်၊ ဒညင်းသီးတို့စရာတို့နှင့် နေ့လည်စာက စားမြိန်လှသည်။ အရည်သောက်ဟင်း ကောင်းကြောင်း ပြောရင်း အဖေက အိမ်နောက်ဖေးမှာ သူကိုယ်တိုင်စိုက်ထားသည့် ကြက်သားဟင်းရွက်အပင်မှ ခူး၍ချက်ခြင်း ဖြစ်ကြောင်း ခပ်ကြွားကြွားလေးပြောသည်။ “စားပင်သောက်ပင်တွေက တပင်စီလောက် ရှိရင်ကို တမိသားစု စားမကုန်ဘူးကွ။ ဒန့်သလွန်ပင်လည်း ရှိသေးတယ်။” ဟု ဆိုသည်။ “ဒါ့ကြောင့် ဗိုလ်ချုပ်က ပြောသွားတာ..” ဟုစကားကို ဆက်တော့ အာဇာနည်ခေါင်းဆောင်ကြီး၏ နောက်ဆုံး မိန့်ခွန်းကို ကြားယောင်မိသည်။

“ဗမာပြည်မှ ငရုတ်၊ ကြက်သွန်က ကိုယ့်ဘာသာကိုယ်စိုက်ရင် မရနိုင်ဘူးလား။ ကျွန်တော်ဆိုရင် ကျွန် တော့်အိမ်ဘေးမှာ ကျွန်တော်စိုက်ထားတယ်။ အဲဒီ ကိုယ့်ဘာသာ ကိုယ်အိမ်ရာကွက်လပ်ရှိတဲ့လူတွေက၊ စိုက် ကြပါလား။ မစိုက်ကြဘူး။ ဈေးမှာကိုယ်တော်မြတ်တွေက ၀ယ်စားချင်ကြတယ်။ ဈေးမှာဝယ်စားတော့ အဲဒီ ငရုတ်၊ ကြက်သွန်တွေက ဘယ်ကလာတယ်မှတ်သလဲ။ အိန္ဒိယပြည်ကလာတယ်။ အိန္ဒိယပြည်ကလာတော့ ခင်ဗျားတို့ အိန္ဒိယပြည်ကို ခင်ဗျားတို့ ပိုက်ဆံပေးနေရတယ်။ အဲဒီလိုပေးနေရတဲ့အတွက် ဒီတိုင်းပြည်မှာရနိုင်တဲ့ ပစ္စည်းကို တခြားနိုင်ငံက၀ယ်နေရတဲ့အတွက် ခင်ဗျားတို့မှာ အခုဈေးကြီးတယ်။ ကြီးတယ်ဆိုတာ ဒါတွေ ဖြစ် တာပဲ။”

မနက်ခင်းဆီက အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုရင်း ကျွန်တော့ခေါင်းထဲပေါ်လာသော အတွေးမေးခွန်းတွေအတွက် အဖြေတခုကို ယုတ်ချည်းကျွန်တော်ရလိုက်သည်။ ကျွန်တော်တို့သည် ဦးညွှတ် အလေးပြုနေရုံမျှဖြင့် မလုံလောက်ပါ။ ထိုအာဇာနည်ကြီးများကျင့်သုံးသွားသော ဘဝနေနည်း၊ ကိုယ်ကျင့်တရား၊ ထားရှိသော တန်ဖိုး၊ စသည် စသည်များကို လက်ခံကျင့်သုံးရင်း ထိုခေါင်းဆောင်ကြီးများကို အလေးပြုရမည်ဖြစ် ပါသည်။ ကျွန်တော့်ဖခင်သည် အာဇာနည်နေ့မှာသာမဟုတ်၊ နေ့စဉ်နေ့တိုင်း ကြက်သားဟင်းရွက်ပင်၊ ဒန့် သလွန်ပင်တွေ ဝေစီနေသည့် အိမ်နောက်ဖေးဈေးဆိုင်လေးမှာ ရေလောင်းရင်း၊ ကိုင်းချိုင်ရင်း၊ ပေါင်းနှုတ်ရင်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုနေခဲ့ပါသည်။ ဗိုလ်ချုပ်ကို ချစ်လျှင်၊ ဗိုလ်ချုပ်ကိုမြတ်နိုးလျှင်၊ ဗိုလ်ချုပ်ကိုတန်ဖိုးထားလျှင် ဗိုလ်ချုပ်ချမှတ်ခဲ့သောလမ်းစဉ်တွေကို လိုက်နာကြဖို့ လိုပါ သည်။ ကိုယ်ကိုယ်တိုင် ၂၁ ရာစု၏ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ဖို့ လိုပါသည်။

(၃)
လုပ်ဖော်ကိုင်ဖက်တဦးက ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၂ နှစ်အရွယ်တွင် တိုင်းပြည်အတွက် အသက်ကို စွန့်လွှတ်သည်အထိ ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း၊ သူမ မှာမူ အသက် ၃၂ နှစ်ရှိပြီဖြစ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်အတွက် ဘာမျှမလုပ်ပေးရသေးကြောင်း ညည်းညူသည်ကို ကြားခဲ့ရဖူးပါ သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ဂုဏ်ပုဒ်များကိုဖော်ကျူးကြရင်း ယနေ့လူ ငယ်မျိုးဆက်များအတွက် ဗိုလ်ချုပ်လိုလူမျိုးမဖြစ်နိုင်တော့၊ ဗိုလ်ချုပ်ကဲ့သို့မစွမ်းဆောင်နိုင်တော့ဟူသောအတွေး အခေါ်မျိုးဝင်လာသည်ကို သတိထားမိပါသည်။ အမှန်တော့ ဗိုလ်ချုပ်သည် သာမန်လူသားတဦးသာဖြစ်ပြီး လူသားကောင်းတယောက်၊ ထိုထက်ပိုရလျှင် နိုင်ငံသားကောင်းတယောက် ထမ်းဆောင်ရမည့်တာဝန်များကို ထမ်းဆောင်သွားခြင်းပင်ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောကြလျှင် ရိုးသားသူ၊ ခြိုးခြံချွေတာသူ၊ အထက်အောက် မခွဲခြားဘဲ လူလူချင်း လူလိုဆက်ဆံသူ၊ သစ္စာရှိသူ၊ စသည်ဖြင့် ပုဂ္ဂလိကအရည်အသွေး (Person ality) များကိုချီးကျူးဂုဏ်ပြုရမည်ဖြစ်သကဲ့သို့ အသက်အရွယ်နဲ့မလိုက်သော နိုင်ငံရေးနိုးကြား တက် ကြွမှု၊ နိုင်ငံရေးအသိအမြင်ကြွယ်ဝမှု၊ ရှေ့ရေးမြင်တတ်မှု စသည့် နိုင်ငံရေးသမားကောင်းတယောက်၏ အရည် အသွေးကိုလည်း မမေ့အပ်ပေ။ ဖော်ပြခဲ့သောပုဂ္ဂလိကအရည်အသွေးများကိုအခြေပြု၍ နိုင်ငံရေးအရည်အသွေး များ ဖြည့်ကျင့်ခဲ့သည့် ဗိုလ်ချုပ်ကဲ့သို့ပင် ယနေ့ခေတ်လူငယ်များတွင်လည်း အဆိုပါအရည် အသွေးများကို  လေ့ ကျင့်ပျိုးထောင်နိုင်မည်ဟု အလေးအနက်ယုံကြည်မိပါသည်။ ခေတ်စနစ်၊ အချိန်ကာလ၊ အခြေအနေများ ကွာ ခြားသွားပြီဖြစ်သဖြင့် လူတိုင်း ဖဆလပခေါင်းဆောင်တော့ မဖြစ်နိုင်တော့။ တပ်မတော်တည်ထောင်သူလည်း မဖြစ်နိုင်တော့ပေ။ သို့သော် ယနေ့ခေတ်၏စိန်ခေါ်မှုများကိုရင်ဆိုင်ကျော်လွှားနိုင်မည့် ၂၁ ရာစု ဗိုလ်ချုပ် အောင် ဆန်းများတော့ ဖြစ်နိုင်ပါသည်။ ဆရာဗန်းမော်တင်အောင်က “လူတယောက်ရဲ့တန်ဖိုးဆိုတာ အဲဒီလူဖြတ်သန်း တဲ့ ခေတ်ကပေးအပ်တဲ့တာဝန်ကို ဘယ်လောက်ကျေပွန်သလဲဆိုတဲ့အပေါ် မူတည်တယ်” ဟု ဆိုဖူးကြောင်း မှတ်သားဖူးပါသည်။  ဗိုလ်ချုပ်တို့ခေတ်ကလည်း ထိုခေတ်ကပေးအပ်သောတာဝန်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အခြားအခြားသောသူများက သူ့နေရာနှင့်သူ ကျေပွန်ခဲ့ကြပါသည်။ လက်ရှိဖြတ်သန်းလျက်ရှိသော ခေတ် က ကျွန်တော်တို့ကိုပေးအပ်သည့်အဓိကတာဝန်မှာ  အမှန်တရားကိုမြတ်နိုးရန်နှင့်၊ တိုင်းပြည်သစ်တည်ဆောက် ရေးတွင် တတ်စွမ်းသမျှဝန်းရံရန်ကူညီရန်၊ ကိုယ်တိုင်ပါဝင်ရန်ဖြစ်သည်ဟု ပုဂ္ဂလိကအမြင်အရ ယုံကြည်မိပါ သည်။ ထိုတာဝန်ကို ကျေပွန်သူတိုင်းသည် ယနေ့ခေတ်၏ဗိုလ်ချုပ်အောင်ဆန်း၊ ကိုအောင်ဆန်းများပင်။

(၄)
အာဇာနည်နေ့သည် မြန်မာ့သမိုင်း၏ အစိတ်အပိုင်းတရပ်ဖြစ်ပြီး သမိုင်းသည် နှောင်းလူတို့အတွက် သင်ခန်းစာဖြစ်သလို ပိုကောင်းသော အနာဂတ်အတွက် မြေပုံကားချပ်လည်း ဖြစ်ပါသည်။ ထိုသမိုင်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း ရှိခဲ့သည်။ ထိုသမိုင်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကို ဆုံးရှုံးခဲ့ရသည်။ နှောင်းလူတို့အဖို့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် အသက်ပေးခဲ့ရသော၊ အသက်မပေးခဲ့ရသော အာဇာနည်အပေါင်း၏ ဂုဏ် ကျေးဇူးကို အပြေအကျေမပေးဆပ်နိုင်ကြသည့်တိုင် ဗိုလ်ချုပ်အောင်ဆန်းတွေ ထပ်မံမဆုံးရှုံးဖို့၊ ဗိုလ်ချုပ် အောင် ဆန်းအသစ်တွေ ထပ်မံပေါ်ထွန်းဖို့တော့ တာဝန်ကိုယ်စီ ရှိကြပါသည်။ ဦးညွှတ်အလေးပြုနေကြရုံဖြင့်တော့ မလုံ လောက်နိုင်ပါချေ။ ဗိုလ်ချုပ်အောင်ဆန်းလို ကိုယ်ကျင့်တရားကောင်းမွန်ကာ ဗိုလ်ချုပ်ချမှတ်ပေးသော လမ်းစဉ် များကို လိုက်ပါဆောင်ရွက်ကြရင်း ယနေ့ခေတ်ကပေးအပ်သောတာဝန်ကို မိမိတတ်စွမ်းသည့် တထောင့် တနေ ရာမှ ကျေပွန်အောင်ထမ်းဆောင်နေသ၍ ကျွန်တော်လည်း “အောင်ဆန်း” ၊ ခင်ဗျားလည်း “အောင်ဆန်း” ၊ အား လုံး “အောင်ဆန်း” များဖြစ်နိုင်ကြဖို့ အခွင့်အလမ်းရှိကြပါတယ်။ “ငါတို့သည် အောင်ဆန်းများသာ” ဟု ကြွေး ကြော်နိုင်သော နေ့တနေ့ကိုရောက်ဖို့ကြိုးစားကြရပါမည်။ ယင်းသည်သာ “အစစ်မှန်ဆုံး၊ အသင့်လျော်ဆုံး၊ အကောင်းမွန်ဆုံး အလေးပြုခြင်း” ဖြစ်ပါလိမ့်မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts