မောင်ဥက္ကလာ – အဟွတ် … အဟွတ် … ကွေးေးကွးလေး အလေးပြုပါတယ်
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၆
အဟွတ် … အဟွတ် … လွန်ခဲ့တဲ့တစ်ပတ်ကျော်က မိုက်ကန်ကန်နဲ့ … မိုးထဲလေထဲနေပူထဲ လေးငါးနာရီလောက် ဟိုမျှော်ဒီငေး နေခဲ့တဲ့ ရလဒ်ကြောင့် အခုတော့ အဟွတ် … အဟွတ် … အိပ်ရာထဲ ကွေးကွေးလေး၊ မလှုပ်နိုင်။ တကိုယ်လုံး ကိုက်ခဲ ခံစားနေရပေါ့။ ဒါကို ချစ်ရတဲ့ ဗိုလ်ချုပ် မသိရှာ။
အဖြစ်က မနှစ်ကနဲ့မတူ … မတူဆို မနှစ်က အဝေးရောက်နေလို့၊ အခွင့်အခါမသာလို့ မသွားနိုင်ခဲ့။ သွားခွင့်မရခဲ့တော့ အခွင့်သာတဲ့ ဒီနှစ်ဒီတကြိမ်မှာ အဝေးမြေက အရောက်ပြန်ပြေးလာပြီး ချစ်ရတဲ့ ဗိုလ်ချုပ်ကို ဂါရဝါပြုနိုင်ဖို့ အများသူငါ အောက်ခြေလွှာလူထုကြီးနဲ့အတူ အစောကြီး အပြေးအလွှာသွား စောင့်စားခဲ့တယ်။ ဒါကို ချစ်ရတဲ့ ဗိုလ်ချုပ် သိမှာမဟုတ်။
အဟွတ် … အဟွတ် … လေးငါးနာရီကျော် ရှေ့ တိုးနောက်ဆုတ်ခက်၊ ရှေ့ နောက်တောင်မြောက်ယိမ်းကာ ရွာသွန်းလာတဲ့မိုးရေထဲ တဂွမ်ဂွမ်မြည်လာတဲ့ဗိုက်၊ တုန်တုန်ရီရီ ဖြစ်နေတဲ့ ခန္ဓာကိုယ်၊ နံပတ်တူး ပြဿနာ၊ တယောက်ပြီးတယောက် မေ့လဲသူတွေကိုကြည့်ပြီး မတည်ငြိမ်လာတဲ့ မိမိစိတ်ကို အားမပေးနိုင်တော့ဘဲ၊ မိမိရှေ့ နောက်တဝိုက် ကိုယ်လိုသူလူတွေကို အလွန်သနားစရာကောင်းသော မျက်နှာပေးနဲ့ တောင်းပန်ပြီး ဒီနှစ်တော့ ပါဝင်ဆင်နွှဲမယ်လို့ အားခဲထားသမျှကို လက်လျှော့ကာ ချစ်ခင်လေးစားရသော ဗိုလ်ချုပ် နဲ့ အာဇာနည်ကြီးတွေကို Adios Bye Bye လုပ်ကာ အိမ်ပြန်ကွေးရတော့သည်။
အဟွတ် အဟွတ် … ပြန်ပြောပါမယ် … မှန်ရာကို သစ္စာဆိုပါမည် … ဘုရားသခင်ထံ တိုင်တည်ဖူးပါသည် … မျှော်လင့်ချက်ထားမိတာက မယ်တော်ကြီး ဦးဆောင်နေသော ပြည်သူ့အစိုးရ ရက် (၁၀၀) plus စီမံကိန်းအတွင်း ကွီဖြိုးတို့ အချိန်ယူပြင်ဆင်ခဲ့သော နေ့ထူးနေ့မြတ် အခမ်းအနားကြီးကို ဝမ်းနည်းဝမ်းသာ ရှင်းပြရခက်တဲ့ ခံစားချက်နဲ့ သွားရောက်ခဲ့တယ်။ မျှော်လင့်ချက် အစုံတရာနဲ့ ရောက်သွားခဲ့ပေမယ့် နာရီပေါင်းများစွာ မိုးထဲလေထဲ ရပ်စောင့်၊ ကြီးမားပြွတ်ခဲနေတဲ့ အုပ်ကြီးထဲ အသက်ရှုကြပ်ဖြစ်ကာ အိန္ဒိယ (မဘသ အခေါ် ကုလားပြည်) ဟိန္ဒူဘုရားပွဲတွေမှာ စည်းမဲ့ကမ်းမဲ့ တိုးဝှေ့ကြလို့ လူတွေလဲပြိုပြီး နင်းကြသေကြေကြတဲ့ အနိဋ္ဌာရုံတွေကို ပြေးမြင်ကာ တုန်လှုပ်လာတဲ့ နှလုံး၊ ဒူးနှစ်စုံကို ထိန်းကွပ်ပြီး စီမံကွပ်ကဲမှု ဗလာနိတ္တိဖြစ်နေတဲ့ ရပ်ဝန်းကို စွန့်ခွါဖို့ ဆုံးဖြတ်လိုက်တယ်။
အဟွတ် အဟွတ် … အဲ့ဂလို ၂၀၀၈ အခြေခံဥပဒေ နဲ့ strategically အဓိက နေရာဌာနတွေကို ထိန်းချုပ်ထားတဲ့ တပ်မတော်နဲ့ ပူးတွဲ အုပ်ချုပ်ခွင့်ရထားသော အရပ်သား – ဒီမိုကရေစီ အစိုးရလက်ထက်မှာ ကျင်းပတဲ့ နိုင်ငံတော်အခမ်းအနားကြီးကို မြန်မာ့သမိုင်းမှာ ပထမဦးဆုံးအကြိမ် နိုင်ငံတော်အတိုင်ပင်ခံ (ရာထူးအားဖြင့်)၊ ဒုသမ္မတ (သမ္မတကြီး ပြည်ပခရီး သွားရောက်နေခြင်းမရှိက တက်ရောက်နိုင်သည်)၊ ကာလုံတပ်ချုပ် အတူတကွ တက်ရောက်ကြတာကို တီဗီဖန်သားပေါ်မှာ မြင်လိုက်ရတဲ့ လူထုကြီးက အံ့သြဝမ်းသာမဆုံး။ ဒါကို ဖခင်ဗိုလ်ချုပ် သတိထားမိလား မသိ။
အဟွတ် … အဟွတ် … သို့ပေမဲ့ အဆိုပါ နိုင်ငံတော်လူကြီးကြီးများ၊ မိသားစုဝင်များ၊ သံတမန်များ၊ အထင်ကရ နိုင်ငံရေး၊ ဘယ်အဖွဲ့ညာအဖွဲ့မှ ဆရာကြီးများ တလှုပ်လှုပ်နဲ့ တစ်ဦးချင်းတစ်ယောက်ချင်း ပန်းခွေ၊ ပန်းခြင်းချ၊ အလေးပြု၊ ရှိခိုး၊ နှုတ်ဆက်လုပ်နေကြတာကို အရပ်ရှစ်မျက်နာမှ ရောက်လာကြတဲ့ အောက်ခြေလူထု ရာထောင်ချီ အလေးပြုဂါရဝ ပြုချင်သူတွေက နာရီပေါင်းများစွာ ဘယ်အချိန်၊ ဘယ်အခါကြမှ ဘယ်အပေါက်ကနေ ဘယ်ဂလို တိုဝှေ့ဝင်ရမှန်းမသိ ဟိုလူမေး အဖြေမရှိ၊ ဒီလူမေး မသိနဲ့ နေပူလိုက် မိုးရွာလိုက် လူငွေ့တထောင်ထောင်ထနေတဲ့ လူလှိုင်းလုံးကြီးထဲ တလိမ့်လိမ့်၊ တဝဲလည်လည် … ဆူသံပူသံ၊ မေ့လဲကျသူတွေကို အထိတ်တလန့် ပြောဆိုငေးကြည့်ရင်နဲ့ ဘယ်အချိန် ဥသြဆွဲသွားမှန်းတောင် မသိလိုက်။
အဟွတ် … အဟွတ် … အလွန်ထူးဆန်းသော စီမံမှုမှာ အများတကာစုဝေး ဗိမာန်အဝင်ပေါက် အနီးတဝိုက်မှာ ကြားလောက်သိလောက်တဲ့ လောစပီကာ ဘာညာတွေကို ဘုန်းကြီးကျောင်းကငှားပြီး တပ်ဆင်ဖွင့်လှစ်ထားတာ မရှိ။ လူတွေ သိသင့်သိထိုက်၊ လိုက်နာသင့်တာတွေ ကြေညာပြောဆို အသိပေးခြင်း မရှိ (အရေးအကြောင်းဆို ဒုက္ခော)။ အဲ့ဂလိုနဲ့ ဘုမသိ ဘမသိ တိုးမပေါက်တဲ့ လူအုပ်ကြီးက ကွီစိကွစိနဲ့ ပေရှည်နေတဲ့ လူကြီးကြီးတွေကို တမေ့တမော စောင့်ရတာကို စည်းနဲ့ကမ်းနဲ့ အလုပ်လုပ်ဖို့ တဖွဖွပြောခဲ့တဲ့ ဗိုလ်ချုပ် သိမှာမဟုတ်။
အဟွတ် … အဟွတ် … တကယ်တော့ သိသလိုတတ်သလို တတ်ယောင်ကား လုပ်တတ်တဲ့ ကျွန်ပ်မျိုး အမှားပါ။ လွတ်လပ်ပြီ … လွတ်လပ်ပြီဆိုပြီး ဆေးရိုး လမ်းမပေါ်တက်လှန်း၊ ကွမ်းမထွေးပါနဲ့ ဆိုင်ဘုတ်ပေါ် ကွမ်းထွေးနေကြတဲ့ တိုင်းဌာနေမှာ ဘာဆိုဘာမှ တိတိကျကျ မစီမံမခန့်ခွဲတတ်သေးတဲ့ ရက် (၁၀၀) လသားအရွယ် အစိုးရကို အထင်ကြီးပြီး၊ စည်းကမ်းဖောက်ဖျက်ဖို့ ဝန်မလေးတဲ့ အလွှာမျိုးစုံ လူသောင်းပေါင်းများစွာ အရောက်လှမ်းလာကြတဲ့ ပွဲမျိုးကို သွားမိတာကို။ ဗိုလ်ချုပ်တွေ့ရင် နားမဝင်တဲ့ ကျွန်ပ်တို့ကို ပက်ပက်စက်စက် ထပ်ပြောမှာသေချာတယ်။
အဟွတ် … အဟွတ် … အဆိုးတွေထဲကအဆိုး သည်းခံနားလည်ဖို့ခက်သည်မှာ တောင်ပြုန်းပွဲနဲ့မှားပြီး ရောက်လာကြတဲ့ အရက်ကလေးတမြမြနဲ့ ဟိုအော်ဒီဟစ် ပြဿနာလုပ်ချင်သူတွေ (ဗိုလ်ရှုပ်တွေရဲ့  လက်ပါးစေ၊ ဒလန်များဖြစ်နိုင်)၊ သည်းခံတရား နည်းပါးတဲ့ (ဂယ်တော့ သည်းခံနိုင်စွမ်း ကုန်လောက်အောင် ပေရှည်နေသော ရှေ့ ပိုင်းအစီအစဉ်များကြောင့်*) ရွှေဗမာတွေက ထစ်ကနဲဆို “ဟိတ်ကောင် … မင်းက ဘာလဲ၊ ရီးဘဲ၊ xxxx” ဆိုကာ ချမယ်ကစ်မယ်နဲ့ ဟိမ်းဟောက်နေသူတွေက တမှောက်၊ မြန်မာမှန် ကွမ်းစားရမယ် – ကွမ်းစားပိတ်ခြင်း တားမြစ်မယ်ဆိုတာကို စိတ်ကြီးအင်မတန်ဆိုးတဲ့ ကွမ်းချစ်သူမျုားက – “ကွမ်းမထွေးရ၊ အမှိုက်မပစ်ရ” ဆိုင်ဘုတ်လေးတွေကိုင်ပြီး သတိပေးနေတဲ့ ချာတိတ်တွေကိုမှ အားမနာ၊ ဂရုမထား၊ လူကြားသူကြားထဲ ကွမ်းတံတွေး တဗြစ်ဗြစ်နဲ့ ကိုယ်တိုင် နှစ်ခါလောက် အထွေးခံရ။ ဆိုးလိုက်တဲ့ ဘဝ။
အဟွတ် … အဟွတ် … “စည်းနဲ့ကမ်းနဲ့ လိုက်နာမှ xxx နိုင်ငံ မဖြစ်မှာ” အဲ့ဂလို ဖခင်ဗိုလ်ချုပ် သမိုင်းဝင်မိန့်ဆိုချက်ကို တစက်နားမဝင်တဲ့ စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ ဟေးလေးဝါးလားတွေကို ကိုရွှေရဲ “ကူညီပါရစေ” တို့က မမြင်သလို၊ မကြားသလိုနဲ့ ဘာမှထိန်းကွပ်မှုမရှိ။ နှစ်ယောက်တစ်ပိုင်းလောက် ဝင်လို့ရတဲ့ အပေါက်ထဲ အလုအယက် တိုးဝင်နေကြ၊ ခြံစည်းရိုးကျော်ဝင်နေတာကို အခန့်သာရပ်ကြည့်နေပြီး၊ အားမတန်မာန်လျှော့ ပြိုလဲမူးမေ့သွားသူတွေနဲ့ (ရာနဲ့ချီ မူးမေ့၊ ဒီလူတွေရဲ့  နောက်ဆက်တွဲ အခြေအနေ ဘာမှမသိရ) အခြေအနေက အတော်ရုပ်ပျက်ဆင်းပျက်၊ ထိတ်လန့်စရာ။
အဟွတ် … အဟွတ် … တွေ့ကြုံခံစား မြင်ခဲ့ရတဲ့အပေါ် မေတ္တာရှေ့ ထား သုံးသပ်ဝေဖန် တာဝန်ရှိသူများအပေါ် မေးခွန်းရှိသည်မှာ … အဲ့ဂလို တစ်မိသားစုလိုက် တစ်အုပ်စုကို # မိနစ် အချိန်ယူပြီး ပန်းခွေချ၊ အလေးပြု၊ ရှစ်ခိုး လုပ်မယ့်အစား၊ တန်းတူဂုဏ်ပြုထားတဲ့ ခေါင်းဆောင်ကြီးတွေကို မိသားစုတွေ အတူတကွတက်ရောက် ဂါရဝပြုခြင်း၊ နိုင်ငံတော်ခေါင်းဆောင်ကြီးတွေ (သမ္မတ၊ ဒုသမ္မတ၊ ဦးစီးချုပ်၊ ဝန်ကြီး) တစ်စု အတူအလေးပြုခြင်း။ နိုင်ငံခြားသံတမန်တွေ တစုတစည်း အလေးပြုခြင်း၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားအဖွဲ့အစည်း၊ ဘာသာရေးအုပ်စုတွေ စည်းစည်းလုံးလုံး လက်တွဲအလေးပြုခြင်း၊ ဒီအဖွဲ့ဟိုအဖွဲ့ဖြစ်လို့ ရှယ်ဝင်ခွင့်ပေးခြင်းတွေကို ကန့်သတ်လုပ်ဆောင်ပါက အချိန်တိုအတွင်းမှာ လူထုကြီးလည်း အေးအေးချမ်းချမ်း အလေးပြုနိုင်ပြီး၊
အဟွတ် … အဟွတ် … ပြီးတော့ အခမ်းအနားနဲ့ ဆက်စပ်နေတဲ့ နေရာတွေဖြစ်တဲ့ ရွှေတိဂုံဘုရားတဝိုက်၊ ကန်တော်ကြီး၊ ဗိုလ်ချုပ်အိမ် နဲ့ အာဇာနည်ဗိမာန်တလျှောက် ယာဉ်ကြောလမ်းတွေကို လုံးဝပိတ်ပြီး (အထူးသွားလာခွင့်ရ အခမ်းအနားတက်ရောက်မယ့် လူကြီးကြီးကားများသာ အချိန်ကန့်သတ်ခွင့်ပြုပြီး) လူတွေကို တနေရာနဲ့တနေရာ စနစ်တကျ လမ်းလျှောက်ကူးလူးသွားလာစေခြင်းဖြင့် လူများပြန့်ကျဲ၊ စည်းမဲ့ကမ်းမဲ့ ကားတွေပိတ်စို့ခြင်း ကင်းမဲ့ပြီး အသက်ရှုချောင် လူရှင်းထိန်းသိမ်းရေး အခမ်းအနား ကျင်းပရာ ဝင်ပေါက်မှစပြီး (၅) တစ်စုတွဲပြီး ဝင်ခွင့်ပြုခြင်းများ ပြုလုပ်သင့်သည်။ အခုတော့ ဘုရားပွဲမှာ ပစ္စည်းတွေ အလကားပေးလို့ အလုအယက် တိုးနေကြသလို။
အဟွတ် … အဟွတ် … သတင်းတွေထဲမှာ တွေ့ဖူးမှာပါ … အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျပန်နိုင်ငံကြီးတွေမှာ လွတ်လပ်ရေးနေ့၊ ဘာနေ့ညနေ့ နိုင်ငံတော်အခမ်းအနား နေ့ကြီးတွေမှာ တာဝန်ရှိသူတွေက (လုံခြုံရေး၊ သွားလာရေး၊ နေရာထိုင်ခင်းတွေကို) စနစ်တကျ စီမံပြင်ဆင်၊ နိုင်ငံကြီးသားဆိုသူ (လူထု) က စည်းကမ်းအတိုင်း လိုက်နာပါဝင်ကြတာကို တွေ့နိုင်မြင်နိုင်တယ်။ တိုးတက်သူတွေ ဘယ်လိုလုပ်ကြသလဲဆိုတာကို လေ့လာကြည့်ပြီး၊ ရွှေသူရွှေသားတို့ ဗမာနည်းဗမာဟန် ဖြစ်သလို အဆင်ပြေသလို လုပ်ချင်သလို လုပ်ပုံတွေကို ဖျောက်ဖျက်ပြုပြင်ဖို့ အချိန်တန်ပြီဆိုတာ ဗိုလ်ချုပ် တချက်ပြောပေးပါအုံး။
အဟွတ် … အဟွတ် … နောက်ဆုံး စိတ်ပျက်စိတ်ညစ်ကာ တိုဝှေ့နေတဲ့ လူအုပ်ကြီးထဲက မတတ်သာအဆုံး တိုဝှေ့ထွက်ခွါပြီး မိုးထဲရေထဲ အမှိုက်ကောက်နေတဲ့ လူငယ်အုပ်စုတွေ၊ ကွမ်းတံတွေး မထွေးဖို့ လှုံဆော်နေတဲ့ လူငယ်တွေ၊ စနစ်တကျဝင်ဖို့ ဝင်ရောက်အလေးပြုဖို့ စောင့်စားနေတဲ့ (တကသ) ကျောင်းသူကျောင်းသားတွေ၊ ညနေစောင်း လူရှင်းလောက်မှ အေးအေးဆေးဆေး သွားရောက်ဂါရဝပြုကြမယ်ဆိုသူတွေကို ကျေးဇူးတင် အလေးပြုပြီး မြင်မကောင်းအောင် လူတွေကားတွေနဲ့ ပိတ်နေတဲ့ ပါတီရုံးချုပ်ရှေ့ ကို ကွေ့ဝိုက်ပြီး တက္ကစီသမားကို (ရေတွေနဲ့ ရွှဲနစ်နေတာကြောင့်) တိုးလျှိုးတောင်းပန်ကာ အိမ်ဌာနေသို့ ကတုန်ကယင်နဲ့ ပြန်လှမ်းခဲ့တော့သည်။
အဟွတ် … အဟွတ် … နောက်ဆုံးရလဒ်က E2 – Efficient and Effective မသိတဲ့ တာဝန်ရှိသူတွေ ကွေးတော့၊ ကျွန်ပ်လို အများသူငါလည်း အဆုပ်အအေးပက် ကွေးရတာပေါ့။ ဗိုလ်ချုပ်ရှေ့ မှောက် အရောက်လှမ်းပြီး ရင်ပြင်ပေါ်တက် အလေးပြုခွင့် မရလိုက်ပေမယ့် ချစ်ခင်လေးစားတဲ့ ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေကို ဒီနှစ်တော့ အိပ်ရာထဲကနေ ကွေးကွေးလေး အလေးပြုလိုက်ပါတယ်။
နောက်နှစ်တွေမှာ တာဝန်ယူထားသူတွေက နည်းမှန်လမ်းမှန် အချိန်ယူနည်းယူ စီမံစီစဉ်ကြပြီး၊ ပြောင်းလဲချိန်တန်ပြီလို့ ဟစ်ကြွေးခဲ့တဲ့ ပြည်သူလူထုကြီးကလည်း စည်းနဲ့ကမ်းနဲ့ ပါဝင်ဆင်နွှဲကြမယ်လို့ မျှော်လင့်ရင် … အဟွတ် … အဟွတ် … ဆေးသောက်ပြီး ပြန်ကွေးလိုက်အုံးမယ်။