ကဗျာ

မောင်သော်တာ – ငါ့ရင်ဘတ်မှာထိုးထားတဲ့ တက်တူးဟာ မင်းပဲ မိုင်ဂျာယန်

မောင်သော်တာ  – ငါ့ရင်ဘတ်မှာထိုးထားတဲ့ တက်တူးဟာ မင်းပဲ မိုင်ဂျာယန်
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၆

မင်းဟာငါ့မျှော်လင့်ချက်ပဲ
ညီအစ်ကိုချင်းသတ်တမ်းကစားနေရတာမောလှပြီကွာ
မင်းဆီမှာ တောင်တန်းတွေမရှိတော့သလို
ငါ့ရဲ့မြစ်ကြီးလည်းခန်းနေတာမြင်ရမှာ

လျှိုတွေကိုဖြတ်ပြီးမင်းပြေးလွှားပုန်းအိပ်နေချိန်
ငါကလည်း မီးစွဲလောင်နေတဲ့ပဲနှမ်းယာခင်းပင်တွေကြား
ပြားနေအောင်ဝပ်ရ

မင်းတချက်မှန်တဲ့အခါ
ငါလည်း တချက်လန်ကျခဲ့တာလေ

မင်းရှုံးသလို
ငါလည်း အနိုင်မရပါဘူးမိုင်ဂျာယန်

မင်းဆီကို ငါလာပါရစေ
ဒါမှမဟုတ် ငါ့ဆီကိုမင်းပြန်ခဲ့တော့

မင်းဘာမှတောင်းစရာမရှိသလို
ငါ့မှာလည်း မင်းဆီကယူစရာပေးစရာရှိလို့လား

ငါတို့လက်ထဲ အခွံသက်သက်ကျန်နေတဲ့မြေကို
မင်းနဲ့အတူ ပြုပြင်ထွန်ယက်ချင်ပါရဲ့မိုင်ဂျာယန်
ငါတို့ဟာ ဘယ်တော့မှာမငြိမ်းတဲ့စစ်မီးထဲမှာမွေးခဲ့တာမှန်တယ်
ဒါပေမဲ့ ငါတို့အိုမင်းချိန်ဒီစစ်မီးမငြှိမ်းနိုင်ခဲ့ရင် ငါတို့အမှားပဲ

ငါနားလည်ပြီ
ညီအစ်ကိုချင်း တယောက်သွေးတယောက် ဖောက်ထုတ်နေရမတဲ့လား

မင်းစဉ်းစားလေ
မင်းရဲ့နာမည်ဟာ ယမ်းပေါက်ကွဲသံတခုလိုမြည်ဟိန်းနေခဲ့တယ်

ဒါပေမဲ့
ဒီတခါကြားရမယ့်သေနတ်သံက
တို့ညီအစ်ကိုတွေကျောင်းအပြေးပြိုင်ပွဲတုန်းကလို
ပျော်ပျော်ရွှင်ရွှင်နားစွင့်ကြားရမယ့်
တာလွှတ်သေနတ်သံပဲဖြစ်ရမယ်

ငါ ယုံကြည်တယ် မိုင်ဂျာယန်။ ။

Jul 25 2016


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts