ကဗျာ

ခက်သီ ● ခြေမကိုင် မိ၊ လက်မကိုင် မိ


  ခက်သီ ● ခြေမကိုင် မိ၊ လက်မကိုင် မိ  
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၆

မီးဖိုထဲ ဝင်တယ် ပြန်ထွက်လာတယ်
ရေချိုးခန်းထဲ ဝင်တယ်
မျက်နှာသစ်ပစ်မိတယ်
ပြန်ထွက်လာတယ် မျက်ရည်က ဝဲနေပြန်တယ်
အဝတ်လျှော်စက်ကို ခလုပ်ဖွင့်တယ်
အဝတ်တွေ မထည့်ရသေးတာ
နောက်မှ သတိရတယ်
ဖုန်းကို ပြန်ဖွင့်တယ်
မီးလောင်သတင်းကို ဖတ်ပြန်တယ်
လက်တွေ တုန်လာတယ်
လေလျော့ထားတဲ့အရုပ်လို လျော့ရဲလာတယ်
ဖုန်းနံပတ်ကို နှိပ်မိတယ်
ပြီး ဖုန်းပြန်ချမိတယ်
မျက်လုံးထဲမြွေတွေ ဝင်လာတယ်
နှလုံးသားထဲ ပျားစွဲနေတယ်
ကြက်သွန်နီတွေ လှီးဖြတ်တယ်
သွေးသံတရဲရဲ မြင်လာတယ်
တမနက်ခင်းလုံး ယောက်ယက်ခပ်
ဗွီဒီယိုခွေတွေ ဖွမိပြန်တယ်
ဘုရားစင်ကိုလှမ်းကြည့်မိတယ်
ဘုရားပန်းတွေ ညှိုးနေတာ တွေ့တယ်
သူ ပျော်ပါစေလို့ နှုတ်ဝယ်ဖွဖွ ရွတ်မိတယ်
သောက်တော်ရေ လဲလိုက်တယ်
သူ အဆင်ပြေမှာပါလို့ထပ်ပြီး အတည်ပြုလိုက်တယ်
လက်တွေဟာ
တဆတ်ဆတ်တုန်နေတာ
အင်္ကျီလက်ဖျားတွေတောင် ဖျတ်ဖျတ်ခါနေတုန်း ။ ။

ခက်သီ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts