ကဗျာ

စိုးခိုင်ညိန်း ● စစ်ပွဲများ ၁၁

  စိုးခိုင်ညိန်း ● စစ်ပွဲများ ၁၁
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၇

အခု ရက်ပိုင်း
စိတ်က တထင့်ထင့်နဲ့
အိပ်မက်တွေလည်း မကောင်းဘူး
ပေါက်ကွဲသံတွေက
အိပ်မက်ထဲကနေကြားနေရတယ်
သမီးလေးက အဖေလို့ ထ ထ ယောင်တယ်
မနက်ခင်းက နာရေးသတင်းနဲ့ စဖွင့်တယ်
ဒီတခါတော့ သူ့တယောက်ဆီပဲ
မေတ္တာပို့မိတယ်
ခါတိုင်း လာနေကျ စာကလေးတွေ
ဘာကြောင့် မလာတာပါလိမ့်
လမ်းမပေါ်မှာ လူတွေရှင်းနေသလိုပဲ
လက်တွေက တုန်နေတယ်
စိတ်နဲ့ လူနဲ့ မကပ်ဘူး
သောက်တော်ရေဖန်ခွက်ကျကွဲတယ်
နိမိတ်တွေကလည်း မကောင်းဘူး
သပြေပန်းတွေကလည်း အညှိုးမြန်လိုက်တာ
သူထွက်သွားတော့ သမီးလေးက
အပြန် ချောကလက်ဝယ်ခဲ့ဖို့ မှာနေသေးတယ်
အခု အသက်မှ ပြန်ပါလာပါတော့မလား
တီဗွီက တိုက်ပွဲတွေဖြစ်တဲ့အကြောင်းလာနေတယ်။ ။

စိုးခိုင်ညိန်း (13, 2, 15)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts