သရော်စာ မောင်လူရေး

မောင်လူရေး – ဘုရားဒကာများရဲ့ အရက်ချက်လုပ်ငန်း

မောင်လူရေး – ဘုရားဒကာများရဲ့ အရက်ချက်လုပ်ငန်း
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၆

မကြာခင်က အရက်ချက်စက်ရုံပိတ်တဲ့သတင်း တပိုဒ် ဖတ်ခဲ့ရတယ်။ စည်းကမ်းကလနားနဲ့ မညီလို့ ပိတ်လိုက်တာပေါ့လေ။ ဧရာဝတီတိုင်းဝန်ကြီးချုပ်လားမသိဘူး။ ဥပဒေရဲ့အထက်မှာ အရက်ချက်စက်ရုံတွေလဲ မရှိတော့ဘူးဆိုတဲ့သဘောပေါ့။ တကယ်တော့ အရက်ချက်စက်ရုံအများစုဟာ ၈၈ အရေးအခင်းအပြီး လူငယ်တွေကို အရက်ပင်လယ်ကြီးထဲမောင်းထည့်ဖို့ အစီအစဉ်တကျလုပ်ခဲ့တဲ့ စစ်အစိုးရရဲ့ အာဏာတည်မြဲရေးလုပ်ငန်းစဉ်ထဲက အလုပ်တခုပါ။

ခု ရခိုင်မှာ အရက်ချက်စက်ရုံတွေ စစ်ဆေးတဲ့သတင်းဖတ်ရတယ်။ ဓာတ်ခွဲစစ်ဆေးမယ်တဲ့။
ရပ်ထဲ ရွာထဲ အရက်တဲလေးတွေကို စစ်တာလား၊ အရက်ချက်စက်ရုံတွေကို စစ်တာလားဆိုတာတော့ မသိဘူး။ နောက်ပြီး အရက်ချက်လုပ်ငန်းတွေမှာ မြေဆီ (ဓာတ်မြေသြဇာ)တွေ ထည့်ချက်တယ်လို့ အလွန်နာမည်ကြီးကြတဲ့အတွက် ဓာတ်ခွဲရုံတင်မဟုတ်ဘဲ သက်သေခံပစ္စည်းတွေပါ ရှာဖွေသင့်သလို အလုပ်သမားအဟောင်း အသစ်တွေကိုပါ မေးမြန်းစုံစမ်းသင့်ပါတယ်။

အရက်သမားလေးတွေကြည့်လိုက်ရင် လက်မောင်းကြွက်သားပျော့တွဲတွဲ ခရုသင်းစွဲသလိုမျိုးလေးတွေများရဲ့။ ဖောင်းချည် ပိန်ချည် နှစ်လီသုံးလီပြီးရင် မရဏနန်း စံမြန်းကြတော့တာဘဲ။ ကျန်ရစ်သူမိသားစုခမျာမလဲ အဝတ်ခုစုတ် ခြေသုတ်ပုဆိုး အောက်ကျနောက်ကျမျိုးစုံနဲ့ ကျန်ခဲ့တော့တာဘဲ။

အရက်ချက်စက်ရုံတွေကို စစ်ဆေးရေးဝင်ရတဲ့သူတွေကတော့ တခါဝင် သိန်းရာချီရဆိုဘဲ။ သူတို့ရဲ့ စံမှီကြောင်း ထောက်ခံချက်က အရေးကြီးတာကိုး။ နောက်တခုက အဲဒီအရက်ချက်စက်ရုံတွေရဲ့ တည်ရှိခွင့်ပါ စစ်ဆေးသင့်ပါတယ်။ အဲဒီစက်ရုံတွေရဲ့ ရေဆိုးဒဏ် အနံ့အသက်ဒဏ်ကို ဘေးပတ်ဝန်းကျင် စီးဆင်းရာလမ်းတလျှောက်က လူရော တိရစ္ဆာန်ပါ ဝဋ်နာကံနာလိုကို ခံရတော့တာဘဲ။ ဘယ်တိုင်လို့မှ အရေးယူမဲ့သူမရှိ။ အာဏာပိုင်မှန်သမျှ အရက်ချက်စက်ရုံပိုင်ရှင်ရဲ့ အိမ်တော်ပါကျွန်လို ဆိုတော့လေ။

ကျုပ်တို့ရွှေဘိုမှာဆိုရင် ကန့်ဘလူမြို့နယ်က ဦးပိုင်ရဲ့ဇီးကုန်းသကြားစက်ရုံရဲ့ အရက်ချက်လုပ်ငန်းက ရေဆိုးတွေ အများပြည်သူသောက်ရေသုံးရေတူးမြောင်းထဲ သွင်းထားတာ စက်ရုံတည်ကထဲက ဆိုပါတော့။ ၂၀၁၁ ခု တုန်းကတော့ ဆိုးဆိုးဝါးဝါး ရွှေဘိုမဟာနန္ဒာ ကန်တော်ထဲထိ ရောက်ခဲ့တဲ့အချိန်မှာတောင် နွားတောင် ရေသောက်မရတဲ့အထိ ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ကျုပ်တို့ ရွှေခြင်္သေ့စာကြည့်တိုက်နှစ်ပတ်လည်နေ့၊ သဘာဝပတ်ဝန်းကျင်အရေးဆွေးနွေးပွဲဟာ ကိုလှမင်းထက် နမူနာယူလာတဲ့ ရေနီတွေ၊ ရိုက်လာတဲ့ ငါးသေ၊ မြွေသေပုံတွေနဲ့ အဲဒီအကြောင်းပြောကြရင်း ချက်ချင်းလုပ်ကြမှဖြစ်မယ်ဆိုပြီး ဆွေးနွေးပွဲရပ်နားကာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဥပဒေကြမ်းအကြောင်း လာဆွေးနွေးပေးနေတဲ့ ကြံ့ခိုင်ရေး လွှတ်တော်အမတ် ဒေါက်တာအောင်သန်း ဦးဆောင်လို့ တက်ရောက်သူတွေအားလုံး ဇီးကုန်းသကြားနဲ့ အရက်ချက်စက်ရုံကို ဆိုင်ကယ်တွေ ကားတွေ တရုံးရုံးနဲ့ ချီတက်ကြတယ်။ ကျန်းမာရးဌာနက ဓာတ်ခွဲခန်းမှုးရော ပါတယ်။ ရေနမူနာယူ စစ်ဆေးဖို့။

ရွှေဘိုကနေ ဇီးကုန်းထိ လမ်းတလျှောက် ရေနီတွေချည်းဘဲ။ ငါးတင်မက မြွေပါသေတယ်။ နွားတွေလဲ ရေမသောက်ဘူး။ လူတွေလဲ ယားလို့ ရေမချိုးရဲဘူး။ ကန့်ဘလူ ခင်ဦး ရွှေဘိုတလျှောက်က ရွာတိုင်းဘဲ။ အဲဒီတုန်းက စက်ရုံမှုးက ရွှေဘိုမြို့သူမြို့သားတွေကိုတောင်းပန်ကြောင်းနဲ့ ရေဆိုးကို မြောင်းထဲမချတော့ဘဲ ကန်တူးပြီး ထည့်မယ့်အကြောင်းပြောပါတယ်။ ခုတော့ ရေဆိုးဘယ်လိုထုတ်နေတယ်မသိ။

နောက်တခု ရွှေဘိုမြို့ပေါ်တည်ထားတဲ့ စက်မှုဇုန်လုံးဝမရွှေ့ရတဲ့ တခုတည်းသော ရွှေဘုရင်မ အရက်ချက်စက်ရုံရှိတယ်။ သူ့ရဲ့အနံ့ဆိုးကလဲ တမြို့လုံးလိမ့်နေအောင် ခံခဲ့ရတာ နှစ်မနည်းဘူး။ ပြာတွေပါ အမြဲကျတော့ ပတ်ဝန်းကျင်ကအိမ်တွေဟာ အနံ့ရော အရသာပါစုံတယ်ဆိုရမယ်။ စားစရာတွေ အုပ်မထားမိရင် ပြာတရှပ်ရှပ်နဲ့ပေါ့။ ရေဆိုးကလဲ စီးဆင်းရာ တကြောလုံး ရွာစဉ်တလျှောက် ကော့နေအောင် ခံရတာ။ လူတွေ မနေနိုင်တော့လို့ ပြောကြဆိုကြလွန်းတော့ ခုတော့ အနံ့ သိပ်မရတော့ဘူး။ ရေဆိုးဒဏ်တွေကတော့ ရေဆိုးသွားရာလမ်းတလျှောက်ရွာတွေ ကျိန်စာသင့်နေကြတုန်းရှိမှာပေါ့။

အရင်ခေတ်အစိုးရတွေရဲ့ အသုံးမကျမှုကြောင့်သာ လူတယောက်ရဲ့အကျိုးစီးပွားအတွက် ကျန်တဲ့သူတွေ မဆီမဆိုင် ခံနေရတာပါ။ အရက်ဆိုင်လုပ်ငန်းတွေရော အရက်ချက်စက်ရုံတွေပါ လူ့အဖွဲ့အစည်းအတွက် သေချာစိစစ်ခွင့်ပြုကြရင် ကောင်းမှာပါဘဲ။
ဘာ့လို့လဲဆိုတော့ အရက်ဆိုင်က အိမ် ၂၀- ဆိုရင် ၁-ဆိုင်နှုန်း လာက် ရှိနေတာကိုး။

ပြီးတော့ ဒီလို အရက်ဆိုင်ခွင့်ပြုပုံမျိုး၊ အရွယ်မရွေးရောင်းချပုံမျိုး၊ ချက်ချင်သလို ချက်ခွင့်ရနေတာမျိုးနဲ့ဆိုရင် အရက်ဆိုတာ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်နှောင့်ယှက်နေရုံတင်မက အရက်မကောင်းရင် စံမမီရင်လဲ အမျိုးသားကျန်းမာရေး တိုင်းပြည်ဖွံ့ဖြိုးရေးတွေကိုလဲ တိုက်ရိုက်ထိခိုက်နေပြန်ပါတယ်။

အဲဒီတုန်းက ပိုင်ရှင်ကလဲ အာဏာပိုင်အဖွဲ့အစည်းနဲ့ပေါင်း ဟိုလောင်း ဒီထည့် လုပ်လိုက်တော့ ရွှေဘိုစာနယ်ဇင်းနဲ့ စာပေအဖွဲ့ကတောင် လူသုံးရာလောက် အလုပ်ပေးထားတဲ့ ပြည်သူ့အကျိုးပြုစက်ရုံတခုလိုလို သတင်းရေးပေးတာ ဖတ်လိုက်ရသေးတယ်။

ဒီလိုမျိုး မလှိမ့်တပတ် နှစ်ပတ် သုံးပတ်တွေနဲ့ ပတ်သက်ရင်တော့ တရားဥပဒေစိုးမိုးရေးကြွေးကြော်သံနဲ့ တက်လာတဲ့ အစိုးရသစ် ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ရမှာပါဘဲ။

စကားမစပ် အရက်ချက်စက်ရုံပိုင်ရှင်တွေဟာ ဘုရားဒကာ ကျောင်းတကာဖြစ်နေကြတာလဲ ထူးခြားမှုတခုဘဲဗျ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts