ဂါမဏိ ရသဆောင်းပါးစုံ

ဂါမဏိ/အောင်သဇင် ● တနိုင်ငံလုံးအပစ်ရပ်ရေးနဲ့ စစ်ရေးနောက်ခံ

ဂါမဏိ/အောင်သဇင် ● တနိုင်ငံလုံးအပစ်ရပ်ရေးနဲ့ စစ်ရေးနောက်ခံ
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၂ ၀ )
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၆

ဗမာပြည်အရှေ့မြောက်ပိုင်းမှာ ၄ လအတွင်း ဗမာစစ်သား စုစုပေါင်း ၂၀၀၀ ကျော်သေကြေဒဏ်ရာရအောင် နဲ့ တပ်ရင်း ၈ ရင်းက ၁၀ ရင်းအထိ တပ်လုံးပြုတ်သွားအောင်၊ တပ်ရင်းမှူး ဒုရင်းမှူးတွေ တပြုံကြီးကျအောင် တိုက်နိုင်ခဲ့ပြီးနောက် MNDAA ကိုးကန့်တပ်ဖွဲ့ဟာ နိုင်ငံရေးလက်ဦးမှုယူပြီး တဖက်သတ်အပစ်ရပ်ခဲ့တယ်။

ဒီ့အရင်က KIA နဲ့ ၂ နှစ်ကျော်တိုက်ခဲ့တာလဲ ဗမာစစ်သား တသောင်းကျော် သေကြေဒဏ်ရာရခဲ့သေးတယ်။ မင်းအောင်လှိုင် တပ်က လိုင်ဇာကို အချိန်မရွေးသိမ်းလို့ရတယ် ပြောနေပေမဲ့ တချိန်က KIA ဌာနချုပ် ပါဂျို-နားဖော့ သိမ်းခဲ့ပြီးတော့လဲ KIA ပြုတ်မသွားခဲ့ဘဲ စခန်းပြောင်းရုံဘဲ ဖြစ်ခဲ့တာကို ဗမာစစ်တပ်က ပင်စင်ယူသွားတဲ့ဗိုလ်တွေ မေးကြည့်ရင် သိနိုင်ပါတယ်။ လိုင်ဇာကိုအပြီးသိမ်းမယ်လို့ မရဲတရဲပြောနေချိန်မှာ လိုင်ဇာမှာ လားအကောင် ၆၀၀ ပြင်ထားပြီး ကချင်ပြည်နယ် တခုလုံးကို ပျောက်ကျားစစ် ဖြန့်ထုတ်ဖို့နဲ့ အရှိန်မြှင့်ဖို့၊ အဲဒီကတဆင့် ပြည်မအထိပါ တိုးချဲ့ အရှိန်မြှင့်ဖို့ အသင့်လုပ်ထား တာကြောင့် လိုင်ဇာကိုမသိမ်းရဲဘဲ နားလိုက်တာဖြစ်တယ်။

အခုနောက်ဆုံးတခေါက် ဗမာစစ်တပ်အတွက် ပိုသိက္ခာကျတာက အမြင့်ဆုံးလက်နက် ၆၀မမ မော်တာဘဲရှိတဲ့ ကိုးကန့် ပလောင်နဲ့ ရခိုင် ပူးပေါင်းတပ် အင်အား ၁၀၀၀ ကျော်လောက်ကို ပြည်တွင်းစစ်သမိုင်းမှာ မကြုံစဖူး အမြောက်ကြီးတွေ၊ တင့်ကား သံချပ်ကားတွေ၊ လေယာဉ် ရဟတ်ယာဉ်တွေ ပုံအောသုံး၊ ဒေါ်လာ ၃ ဘီလီယံခွဲကျော် အကုန်ခံပြီး တပ်ရင်း ၇၀-၈၀ နဲ့ အပြင်းအထန်တိုက်ခဲ့တာ MNDAA ရဲ့ ယာယီပျောက်ကျားတပ်စခန်းတချို့ သိမ်းရလိုက်ပေမဲ့ ကိုးကန့်ဒေသရဲ့ မရေ မတွက်နိုင်တဲ့တောင်ကုန်းတွေပေါ်မှာ FUA တပ်တွေ ရှိနေဆဲ ဖြစ်နေလို့ပါဘဲ။ TNLA ထိပ်သီးခေါင်းဆောင်တွေကိုယ်တိုင် သံလွင်အရှေ့ကမ်းကူးပြီး ကိုယ့်တပ်တွေကို လာရောက် မေးမြန်းအားပေးတာ၊ အသစ်ဖွဲ့လိုက်တဲ့ KIA တပ်မဟာ ၆ ကို သံလွင်အရှေ့ခြမ်း ကိုးကန့်ဒေသထဲက ကချင်ရွာတွေဆီ စည်းရုံးဖို့နဲ့ ခြေကုတ်ယူဖို့ လွှတ်လိုက်တာတွေကိုကြည့်ရင် ကိုးကန့်စစ်ပွဲရဲ့ရလဒ်တွေဟာ မင်းအောင်လှိုင် တို့ပြောတာတွေနဲ့ ပြောင်းပြန်ဖြစ်နေတာ အလွယ်တကူတွေ့နိုင်ပါတယ်။

MNDAA ကိုးကန့်တပ် တဖက်သတ်အပစ်အခတ်ရပ်စဲလိုက်လို့ ဗမာစစ်တပ် အသက်ရှူချောင်သွားပေမဲ့ နယ်စပ်တဖက်မှာ တရုတ်တပ်တွေက “အကန့်အသတ်မရှိ ကျည်အစစ်လေ့ကျင့်ခန်း”ကို လုပ်နေ၊ နယ်စပ်ကပ်လျက်မှာ ချထားတဲ့ တရုတ် အရံတပ်တွေကိုလဲ ပြန်မရုပ်သိမ်းသေးတော့ အစိုးရတပ်တွေ အသက်ဝဝ မရှူရဲသေးဘဲ ဖြစ်နေတယ်။

အလားတူ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း သံလွင်အနောက်ခြမ်းမှာလဲ TNLA KIA တို့က ငြိမ်းချမ်းရေးရှေ့ရှူပြီး စစ်ရှိန်လျှော့လိုက်လို့ ဗမာစစ်တပ်တွေ တစုံ တရာသက်သာသွားတယ်။ ဒါပေမဲ့ တဖက်မှာ မင်းအောင်လှိုင်ဟာ အပစ်ရပ်စဲ တာ စစ်ရှိန်လျှော့တာတွေကို အခွင့်ကောင်းယူပြီး လက်အောက်ကတပ်တွေကို နယ်မြေရှင်းလင်းရေး အတင်းလုပ်ခိုင်း၊ အမြတ်ထုတ်ခိုင်းနေလို့ ဗမာစစ်သားတွေ စိတ်ညစ်နေကြတယ်။

ကရင်ပြည်စစ်ဆင်ရေးမှာလဲ DKBA အင်အား ၁၀၀ ကျော်ကို စကခ ၁၂၊ တပ်မ ၂၂၊ စကခ ၁၉ နဲ့ နယ်ခြားစောင့်တပ်တွေ ပေါင်းပြီး အကြီးအကျယ်တိုက်ခဲ့ပေမဲ့ သိသာတဲ့အောင်မြင်မှု မရရုံမက ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ပြီဆိုတဲ့ အာရှလမ်းသစ်- လမ်းဟောင်းမှာ သေနတ်သံထွက်နေဆဲဖြစ်တယ်။ DKBA အပေါ် ပြတ်ပြတ်သားသားမနိုင်တဲ့အပြင် DKBA ရဲ့မဟာမိတ် အသစ် စစ်မတိုက်ဖူးတဲ့ဗမာလူမျိုးအများစုပါဝင်တဲ့ (ဦးနု-ဦးသွင်တို့ရဲ့ PDP-PPP လက်အောက်ခံ) ပြည်ချစ်တပ်မတော်ပါ ကျားသေ အသက်ပြန်ရှင်လာခဲ့တယ်။

ကိုးကန့်စစ်ပွဲမှာ ဟောင်ဝစ်ဇာအမြောက်ကြီးတချို့၊ MA မောင်းပြန်သေနတ်တချို့နဲ့ RPG ကိုတုထားတဲ့ MA-၁၀ လောင်ချာဗုံးသီးတွေ ထိန်းသိမ်းမှုညံ့ဖျင်းတာနဲ့ တည်ဆောက်ပုံညံ့ဖျင်းတာကြောင့် ပစ်တဲ့ဗမာစစ်သားတွေ ထိခိုက်ဒဏ်ရာ ရခဲ့သလို ထိရောက်မှုမရှိတာတွေလဲဖြစ်ခဲ့ပြီး အခုထိ ပြုပြင်မွမ်းမံမှုတွေ လုပ်နေရဆဲဖြစ်တယ်။ အဓိက လက်နက်ကြီး ကျည်တွေနဲ့ ဒုံးတွေထုတ်နေတဲ့ မကွေးတိုင်းက ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)တွေ ရေလွှမ်းမိုးခံရလို့ ထုတ်လုပ်မှုရပ်သွား တာလဲ တော်တော်နဲ့ ပြန်နလံမထူနိုင်သေးဘူးလို့ အတွင်းသတင်းတွေကဆိုတယ်။

လောက်ကိုင်တိုက်ပွဲ၊ ပလက်ဝတိုက်ပွဲတွေ အထိနာလို့ ရမခတိုင်းမှူး အောင်စိုး၊ လောက်ကိုင်ဒကစမှူး စောမြင့်ဦး၊ စစ်တွေ ဒကစမှူး ကျော်ရွှေတို့ အဖြုတ်ခံရသလို အရပ်သားအရေခြုံ စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်ခိုင်မာရေးစီမံချက်အရ လဲ ကစထမှူး၊ တိုင်းမှူး၊ တပ်မမှူးတွေတော်တော်များများကို အဟောင်းနား အသစ်တင်ခဲ့လို့ ဗမာပြည်မြောက်ပိုင်း၊ အရှေ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းက အဓိကကျတဲ့နေရာတွေမှာ တိုက်ပွဲကြီး မဦးစီးဖူးတဲ့ တပ်မှူးအသစ်တွေ ရောက်လာတယ်။ စုစု ပေါင်း တိုင်းမှူး ၉ ယောက်၊ တပ်မမှူး ၃ ယောက်၊ စကခမှူး ၁၀ ယောက်ကို အသစ်တင်ခဲ့တာဖြစ်တယ်။ ဒီတပ်မမှူး စကခမှူး တွေဟာ ၈၈ နောက်ပိုင်းမှ ပြန်တမ်းဝင်အရာရှိတွေ ဖြစ်လာတဲ့အတွက် တိုက်ပွဲကြီးဆိုလို့ မာနယ်ပလောလောက်ဘဲ အတွေ့ အကြုံရှိနိုင်တယ်။

လောလောဆယ်မှာ စစ်တပ်ကတည်ထောင်ထားတဲ့၊ စစ်ဗိုလ်အသွင်ပြောင်းတွေကြီးစိုးတဲ့ ကြံ့ဖွတ်ပါတီဟာ ၁၉၈၈ မတိုင်မီ က မဆလပါတီလိုဘဲ ကိုယ်ပိုင်သီးသန့်အကျိုးစီးပွားတွေ ကြီးထွားလာပြီး စစ်တပ်ကိုကြောလာတာကြောင့် ကြံ့ဖွတ်ပါတီကို စစ်တပ်ကျောထောက်နောက်ခံခိုင်မာရေး အသဲအသန်ပြန်လုပ်နေရတယ်။ ရွှေမန်းကိစ္စနဲ့ပတ်သက်ပြီး တိုင်းမှူး ၃ ယောက် ကို ခေါ်စစ်နေတယ်လို့တောင် သတင်းတွေထွက်လာတဲ့အထိ ယုံကြည်မှုတွေပျက်ယွင်း၊ ဖရိုဖရဲဖြစ်ကုန်တယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီးနဲ့ဒုဗိုလ်ချုပ်ကြီး အဆင့် ၁၂ ယောက်၊ ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်အဆင့် ၁၃ ယောက်အပါအဝင် ဗိုလ်မှူးကြီးနဲ့ အထက် စစ်ဗိုလ် ၂၀၀ လောက်ကို ပါတီလိုင်း၊ ၂၀၁၅-၂၀ လွှတ်တော်လိုင်းနဲ့ အစိုးရလိုင်းတွေရွှေ့ပြီး အင်ဒိုနီးရှားဦးစီးချုပ် ချွန်ပေးတဲ့အတိုင်း သိန်းစိန်-ရွှေမန်း နှစ်ဘက်စလုံးကို မယုံကြည် အားမကိုးတော့ဘဲ ‘စစ်တပ်ချုပ်ကိုင်မှု ခိုင်မာအောင်’ နည်းမျိုးစုံသုံးပြီး ပြန်တည်ဆောက်နေရတယ်။

အဲသလို ၂၀၁၆ နှစ်ဆန်းလုပ်မယ့် ကြံ့ဖွတ်ပါတီကွန်ဂရက်ကိုတောင် မစောင့်နိုင်တော့ဘဲ ကြံ့ဖွတ်ပါတီ လွှတ်တော်နဲ့ အစိုး ရကို ချုပ်ကိုင်နိုင်ရေး အကြောင်းပြပြီး ကမန်းကတန်းအကွက်ရွှေ့ရတဲ့အတွက် မင်းအောင်လှိုင်ရဲ့ အာဏာနီတည်ဆောက် ရေးလဲ အကျိုးရှိသွားပြီး တချက်ခုတ် သုံး-လေးချက်ပြတ်သွားပါတယ်။ တပ်ထဲမှာ မင်းအောင်လှိုင်နဲ့ အပတ်စဉ်မတိမ်း မယိမ်းတွေကို ဖယ်ထုတ်ပစ်လိုက်ပြီး သူ့ထက်အများကြီးဂျူနီယာကျတဲ့ တပ်မှူးတွေကို ဆွဲတင်လိုက်တာဖြစ်လို့ မင်းအောင် လှိုင်ရဲ့အာဏာ ပိုခိုင်မာသွားတယ်။

ဒါပေမဲ့ ယူနီဖောင်းချွတ်ပြီး ပါတီလိုင်း လွှတ်တော်လိုင်းရောက်သွားပြီဆိုရင် အနှေးနဲ့အမြန် တဦးချင်းကိုယ်ကျိုးစီးပွားတွေ ဝင်လာမှာသေချာလို့ မဆလပါတီဖြစ်ခဲ့သလို တစင်ထောင်လာကြမှာ ရှောင်လွဲမရတဲ့သဘာဝတရားဘဲ ဖြစ်တယ်။ ဒါ့ ကြောင့် ကြံ့ဖွတ်ပါတီပြဿနာဟာ စစ်အုပ်စုတောက်လျှောက်ရင်ဆိုင်နေရမယ့် ထာဝရ နိုင်ငံရေး-စစ်ရေးအကျပ်အတည်း ဖြစ်တယ်။ ဒါကြောင့် ခင်အောင်မြင့်-လှဌေးဝင်းကို သမတ-ဒုသမတတင်မယ့်အကြံဟာလဲ ရေတိုဘဲအလုပ်ဖြစ်ပါလိမ့်မယ် (ဒါကလဲ ရွေးကောက်ပွဲမှာ NLD ကိုနိုင်ဦးမှ)။ ဒါကြောင့် စစ်တပ်ချုပ်ကိုင်မှု အာမခံချက်ရှိဖို့ဆိုရင် ၁၉၆၂-၁၉၇၃ ကာလ တော်လှန်ရေးကောင်စီလို၊ ၁၉၈၈-၂၀၁၀ ကာလ နဝတ-နအဖ စစ်ကောင်စီလို ပြောင်ပြောင်တင်းတင်း မဖုံးမကွယ် ရာနှုန်း ပြည့်အာဏာသိမ်းထားတဲ့နည်းဘဲရှိတယ်။

ရွှေမန်းကိစ္စ၊ ရွေးကောက်ပွဲကိစ္စ၊ သေချာပေါက်ဖြစ်လာမယ့်မဲလိမ်မဲခိုးကိစ္စ၊ ကြံ့ဖွတ်ပါတီညီလာခံ၊ ဘဏ္ဍာငွေအကျပ် အတည်း၊ လက်နက်ခဲယမ်းပြဿနာတွေဟာ ၂၀၁၆ နှစ်ဆန်း အစိုးရသစ်ဖွဲ့ချိန်အထိ ဖိစီးနေမှာဖြစ်လို့ မင်းအောင်လှိုင် အနေနဲ့ တိုင်းရင်းသားတပ်တွေအပေါ် လိုင်ဇာစစ်ပွဲ၊ လောက်ကိုင်စစ်ပွဲလို ထိုးစစ်ကြီးကြီးတွေ ဆင်နိုင်မယ့်အလားအလာ တော်တော်နည်းသွားပြီလို့ ယူဆတယ်။ နောက်ထပ် ၃ ဘီလီယံအကုန်ခံ စစ်တိုက်နိုင်မယ့်ပုံ မရှိဘူး။

ကျန်းမာရေးဝန်ကြီးဌာနကစလိုက်တဲ့ စစ်ဗိုလ်အသွင်ပြောင်း မိုးကျရွှေကိုယ်ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ တခြားဝန်ကြီး ဌာနတွေကိုလဲ ဂယက်ရိုက်ခတ်လာတဲ့အတွက် ဌာနကောင်းရောက်ပြီး မျက်မျက်ကလေးဝါးဖို့ DSA တက်ခဲ့တဲ့ စစ်ဗိုလ်တွေရဲ့အနာဂတ်တွေ ပျက်ပြားမယ့်အလားအလာ လင်းရောင်ခြည်ကို စတင်မြင်တွေ့နေရပြီဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲနိုင် (ကြံ့ဖွတ်မဟာမိတ်) တရားဝင်တိုင်းရင်းသားပါတီတွေကလဲ ပြည်နယ်အစိုးရထဲပါပေမဲ့ ဘာမှလုပ် ပိုင်ခွင့်မရှိ အာဏာမရှိဘဲ နေပြည်တော်ကချပေးတာတွေ ခိုင်းတာတွေကိုဘဲ လိုက်လုပ်နေရလို့ ဗဟိုဦးစီးစနစ်နဲ့ စစ်တပ် ကြီးစိုးမှုကို အသက်သွင်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပိုဆန့်ကျင်လာတယ်။

အပစ်ရပ်စာချုပ် NCA ပါအကြောင်းအချက်စာသား text တွေကို သဘောတူပြီးသားမို့ ဘယ်အဖွဲ့ လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတာ လုပ်ထုံးလုပ်နည်း procedure and open-book matter ကိစ္စသာ ဖြစ်တယ်လို့ ဆင်ခြေပေးနေတာတွေ ရှိတယ်။ အစိုးရ၊ MPC နဲ့ နိုင်ငံတကာတချို့က all inclusiveness အားလုံးပါဝင်ရေး၊ မပါဝင်ရေးကို နည်းနာပြဿနာအဖြစ် တရားထူထောင်နေတယ်။ တိုင်းရင်းသားတွေအတွက်တော့ ဒါဟာ မဟာမိတ်ရေးရာ၊ ညီညွတ်ရေးဆိုင်ရာ ရပ်တည်ချက် ပြဿနာ ဖြစ်တယ်။

CNF PNLO လို နှစ်ယောက်တပိုင်းအဖွဲ့တွေထက် အင်အားအများကြီးပိုကြီးတဲ့ AA TNLA MNDAA သုံးဖွဲ့ ချန်ထားရေး ဆိုတာ စစ်အုပ်စုအဆက်ဆက်ရဲ့ ဂန္ဓဝင်မြောက်သွေးခွဲချုပ်ကိုင်ရေး classical divide-and-rule နည်းနာဘဲဖြစ်ပြီး ပြည် တွင်းစစ်ကို အပြီးအပြတ်အဆုံးမသတ်ချင်တဲ့ အမြင်ကျဉ်းမှု ခေါင်းမာမှုနဲ့ တရားသေစစ်ဝါဒကို ပြနေတာဘဲဖြစ်တယ်။ ရိုးသားမှုမရှိတာ၊ တိုင်းရင်းသားတွေအပေါ် သဘောထားမမှန်တာဖြစ်တယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးမလိုချင်လို့ မဖြစ်နိုင်တဲ့ တောင်းဆိုမှု လုပ်နေတာဘဲဖြစ်တယ်။ ခံရပေါင်းများနေသူတွေအတွက် ရပ်တည်ချက်ပြဿနာ၊ မူဆိုင်ရာပြဿနာကို နည်းနာပြဿနာအဖြစ် ဖော့ပြောပြီး ဖိအားပေးတွန်းနေတာကို လက်ခံလိုက်ရင် တိုင်းရင်းသားတပ်ပေါင်းစုအားလုံးရဲ့နိဂုံး ဖြစ် သွားပါလိမ့်မယ်။ စောဘဦးကြီးမူလေးချက်ရဲ့ သင်္ချိုင်းဖြစ်သွားလိမ့်မယ်။

အစိုးရစစ်တပ်ကို အထိနာအောင်တိုက်ထားတဲ့အတွက် MNDAA နဲ့ ငြိမ်းချမ်းရေးမလုပ်နိုင်ဘူး ပြောတာဟာ စစ်သားစကား မဟုတ်ပါဘူး။ စစ်တိုက်တယ်ဆိုမှတော့ နှစ်ဘက်စလုံးမှာ သေကြေဒဏ်ရာရမှာ သဘာဝဘဲဆိုတာ လူတိုင်းအသိဖြစ်တယ်။ မသေချင်ရင် စစ်ထဲမဝင်နဲ့ စစ်မတိုက်နဲ့ဆိုတာ ကလေးကအစ ခွေးကအစ သိတဲ့အမှန်တရားပါ။ တကယ်တော့ ယွက်စစ်အဖွဲ့နဲ့ တိုက်ခဲ့တုံးက ဗမာစစ်တပ် ဘက်က ထိတာ အခု MNDAA နဲ့တိုက်လိုကျခဲ့တာထက် အများကြီးပိုခဲ့တာ တပ်ထဲမှာအများအသိပါဘဲ။ ဒါပေမဲ့ အခုတော့ ယွက်စစ်နဲ့ လည်ပင်းဖက်နေပြီဖြစ်တယ်။

MNDAA ဘက်ကကြည့်ရင်လဲ ၂၀၀၀ ခုနှစ် နိုဝင်ဘာလတုံးက မုံးကိုးမှာ MDA ဌာနချုပ်ကို ဗမာစစ်တပ်ကဝင်တိုက်ပြီး ကချင် ကိုးကန့် ဝ ရဲဘော် ၂၀၀ ကျော်ကို တန်းစီပစ်သတ်ခဲ့တာ၊ ၂၀၀၉ ခု သြဂုတ်လမှာ လောက်ကိုင် MNDAA ဌာနချုပ်ကိုဝင်တိုက်ပြီး ရဲဘော်နဲ့ အရပ်သား ၃၀၀ လောက်ကို ပစ်သတ်ခဲ့တာ၊ ကိုးကန့်အရပ်သားတွေရဲ့ ဥစ္စာဓန ယွမ်ငွေ သန်း ၁၅၀ ဖိုးလောက် ခိုးသွား လုသွားတာတွေလဲ ပြောစရာရှိပါတယ်။

အချုပ်အခြာအာဏာထိခိုက်လို့ ဆိုတဲ့အကြောင်းပြချက်ကလဲ သွေးရူးသွေးတမ်းလျှောက်ပြောတာထက် မပိုပါဘူး။ တကယ် အချုပ်အခြာအာဏာထိခိုက်ရင် ကမ္ဘာ့တရားရုံး (ICJ) မှာ တင်လို့ရပါတယ်။ ဗမာပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက် တဲ့ ICJ စီရင်ချက်ကတော့ ၂၀၁၂ ခုနှစ်မှာ စိန့်မာတင်ကျွန်းနဲ့ ကမ်းလွန်ပင်လယ်ကို ဘင်္ဂလားဒေ့ရှ်ကို ထိုးအပ်လိုက်ရတာ ဘဲ ဖြစ်တယ်။ နိုင်ငံတကာဥပဒေပညာရှင်တွေ ဆုံးဖြတ်ရမယ့်ကိစ္စကို ၁၉၅၉ တပ်မတော်အက်ဥပဒေ ပုဒ်မ ၆၅ ကလွဲလို့ ဘာမှဥပဒေနားမလည်တဲ့ နလပိန်းတုံးတွေက ဝင်ပြောနေတာ လူရယ်စရာဘဲ ဖြစ်နေတယ်။

ဘာတွေဘယ်လိုပြောပြော UWSA ဝ အဖွဲ့ကတော့ NCA ကိုနဲနဲမှစိတ်မဝင်စားဘဲ တပ်တွေကို အသင့်ပြင်တာ စစ်လေ့ကျင့် တာတွေဘဲ ဖိလုပ်နေတယ်။ စစ်ပြန်ရဲဘော်ဟောင်းတွေ၊ ခွင့်ပြန်ရဲဘော်တွေ၊ ကာဆီနိုလုံခြုံရေးရဲဘော်တွေအားလုံးကိုတပ်ထဲပြန်ခေါ်ထားပြီး ၂၀၀၉-၂၀၁၀ တုံးကလိုဘဲ တပ်လှန့်ထားတယ်။ ကားပေါ်တင်ပစ်တဲ့ အတွဲလိုက်ဒုံးတွေ၊ ကားနဲ့ဆွဲတဲ့ဒုံးပျံ တွေ၊ ၁၀၅မမ ဟောင်ဝစ်ဇာ၊ ၁၂၂မမ ဟောင်ဝစ်ဇာတွေ၊ ၁၀၇မမ ဒုံးပစ်လောင်ချာတွေသာမက ကီလိုမီတာ ၅၀၀ ဝေးတဲ့ နေပြည်တော်အထိ လှမ်းပစ်နိုင်တဲ့ မြေအောက်ဘန်ကာဖြို DF-၁၅ တာလတ်ပစ်ဒုံးပျံတွေကိုပါ လွန်ခဲ့တဲ့သုံး-လေးနှစ် ကတည်းက ဝယ်ယူထားတယ်။ ၁၀၅မမ ဟောင်ဝစ်ဇာက တရုတ်ပြည်ကမထုတ်လို့ အနောက်နိုင်ငံထုတ် ရှာဝယ်ထား တာဖြစ်တယ်။

အားလုံးလက်မှတ်ထိုးထိုး မထိုးထိုး အစိုးရဘက် (ဗမာစစ်တပ်ဘက်) ကဘဲ တဖက်သတ်အပစ်အခတ်ရပ်စဲတယ်လို့ အရင် ကြေညာလောက်အောင် သတ္တိမရှိဘူးလား။ ပြည်တွင်းစစ်ကို ရာသက်ပန်မွေးထားပြီး လုပ်စားချင်နေတာလား။ မင်းအောင်လှိုင်တို့ကသာ အမှန်တကယ် ငြိမ်းချမ်းချင်တဲ့ စိတ်ဆန္ဒရှိရင် အင်အားကြီးသူဘက်ကစပြီး သဘောထားကြီးမှုကို ပြရမှာဖြစ်တယ်၊ တပြည်လုံးမှာ တဖက်သတ်အပစ် အခတ်ရပ်စဲကြောင်း တိုင်းသိပြည်သိ ကမ္ဘာသိကြေညာရမှာဖြစ်တယ်။

ဂါမဏိ နှင့် အောင်သဇင်
(၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts