Uncategorized

သတင်းပဒေသာ

အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း နှစ်ပတ်လည်အစည်းဝေး ပြုလုပ်ပြီးစီး
မိုးမခအထောက်တော်
အောက်တိုဘာ ၁၄၊ ၂၀၁၃

အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့  မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း နှစ်ပတ်လည် စည်းဝေးပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နေ့ လည် ၂ နာရီမှ ညနေ ၅ နာရီထိ ၃ နာရီ ကျင်းပပြုခဲ့ကြောင်း သတင်းရရှိသည်။
၎င်းအစည်းအဝေးကို အမာရီလိုမြို့ ဇေယျသုခ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဇေယျသီရိခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အစည်းဝေး အခမ်းအနားကို နမော နမော တဿ ၃ ကြိမ် သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် သဘာပတိအဖွဲ့  ၀င်များအဖြစ်ဆောင်ရွက်ကြသည့် အရှင် ဇောတိက၊ ဦးမောင်မြင့်နှင့် အရှင် နံန္ဒ၀ံသတို့ က အဖွင့်အမှာစကား အသီးသီး မိန့် ကြား ပြောဆိုခဲ့ကြသည်။
ဘာသာသာသနာအကျိုး ဆောင်ရွက်သယ်ပိုးကြရာတွင် တစ်ဦးနှင့်တစ်ဦး အပြစ်မပြောကြပဲ အပြုသဘောတွေးတော ပြောဆိုရန်လို အပ်ကြောင်းနှင့် ပရဟိတ အများအကျိုးကို ရွက်သယ်ပိုးချင်သူ၊ ရွက်သယ်ပိုးနိုင်သူ မည်သူ့ ကိုမဆို မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်းက တံခါးဖွင့် လက်ကမ်းကြိုဆိုလျက်ရှိကြောင်း အသင်း၏ နာယကတစ်ဦးလည်းဖြစ်၊ သဘာပတိတစ်ဦးလည်းဖြစ်သည့် ဦးမောင်မြင့်က အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောဆိုခဲ့သည်။
“ဘာသာသာသနာဆိုင်ရာ ကိစ္စရပ်တွေကို တိုးတက်ရာတိုးတက်ကြောင်း ဆောင်ရွက်ကြတဲ့အခါမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိကြပါတယ်။ အဲဒါတွေကို အပြစ်မပြောကြပဲနဲ့ အပြုသဘောတွေးတော ပြောဆို ပြုမူကြဖို့ လိုပါတယ်။ ပရဟိတ လုပ်ငန်းဆောင်ရွက်ချင်သူ၊ ဆောင်ရွက်နိုင်သူ မည်သူ့ ကိုမဆို ကျနော်တို့ က တံခါးဖွင့် လက်ကမ်းကြိုဆိုလျက်ရှိနေတာကြောင့် ဘေးထိုင် ဘုမပြောကြပဲ ကိုယ်တိုင်ဝင်လုပ်ကြဖို့ လဲ ဖိတ်ခေါ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ ဥက္ကဌ ဦးညီညီလွင်က အသင်း အားသာချက်၊ အားနည်းချက်နှင့် ရှေ့ လုပ်ငန်းစဉ်များဆိုင်ရာ ကိစ္စရပ်များကို တင်ပြပြောဆိုဆွေးနွေးပြီး၊ အသင်း၏ ၁ နှစ်တာ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကိုလည်း အသင်း ကော်မတီဆိုင်ရာ တာဝန်ခံများက အစီရင်ခံတင်ပြ ဆွေးနွေးခဲ့ကြသည်။ 
အမာရီလိုမြို့ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်းကို (၁) ဘဏ္ဍာရေးကော်မတီ၊ (၂) စရင်းစစ်ကော်မတီ၊ (၃) သတင်းနှင့်ပြန်ကြားရေးကော်မတီ၊ (၄) ပြုပြင်ထိန်းသိမ်းရေးကော်မတီနှင့် (၅) လူမှုအထောက်အကူပြုကော်မတီ စသည့် ကော်မတီငါးရပ်ဖြင့်ဖွဲ့စည်းတည်ထောင်ထားကာ ၄င်းကော်မတီအသီး သီးတွင် မျိုးဆက်သစ်လူငယ်အဖွဲ့၏ အဖွဲ့ဝင်ဦးရေ ၂၀ ကျော်ခန့်  ရှိကြောင်း သိရှိရသည်။
မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ ဘဏ္ဍာရေးကော်မတီနှင့် ပြုပြင်ထိန်းသိမ်းရေးကော်မတီတို့ တွင် အင်အားနည်းနေသည့်အတွက် ဘဏ္ဍာရေးကော်မတီတွင်အဖွဲ့ ဝင် ၃ ဦးနှင့် ပြုပြင်ထိန်းသိမ်းရေးကော်မတီတွင် ၁ ဦး စုစုပေါင်း ကော်မတီဝင် အသစ် ၄ ဦးကို အားသစ်လောင်း ခန့် အပ်တာဝန်ပေးခဲ့ပြီး အသင်း၏ လက်ရှိ အဖွဲ့ ဝင်များထဲမှ မည်သူတစ်ဦး တစ်ယောက်ကိုမှ အနားပေးခြင်း၊ ထုတ်ပယ်ခြင်းများ မရှိခဲ့ကြောင်း အသင်း၏ အတွင်းရေးမှုးအဖွဲ့ မှ အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ နှစ်ပတ်လည် အစည်းဝေး အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ဗုဒ္ဓသာသနာ စိရံ တိဌတု ၃ ကြိမ် သံပြိုင်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts