ရသဆောင်းပါးစုံ

ဇွန်မိုး ● သမိုင်းခြေရာမပျောက်တဲ့နေ့ (မြန်မာပြည်မှပေးစာ …)

ဇွန်မိုး ● သမိုင်းခြေရာမပျောက်တဲ့နေ့ (မြန်မာပြည်မှပေးစာ …)

(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆

အဝေးမြေတွေမှာ ကုန်ဆုံးသွားခဲ့တဲ့ နှစ်ဆယ့်ရှစ်နှစ်ကာလအတွင်း အစဉ်အမြဲ အမှတ်ရနေခဲ့တဲ့ နေ့ရက်တစ်ရက်ကို ဒီနှစ်တော့  အခွင့်အခါသာ ပါဝင်ဆင်နွှဲခွင့်ရမှာမို့ ဒီရက်အတွင်း စိတ်တွေ သိသိသာသာ လှုပ်ရှားနေခဲ့တယ်။

မင်းတို့လည်း အမှတ်ရ တမ်းတနေမှာပါ … မှတ်မိသေးလား ဒို့တတွေ အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝတုန်းက လေးစားချစ်ခင်ဖို့ကောင်းတဲ့ ဆရာဦဖိုးသီးရဲ့  ကျေးဇူးနဲ့ နှစ်စဉ် ဒီအချိန်အခါဆို ဗိုလ်ချုပ်အောင်ဆန်းအိမ်၊ အာဇာနည်ကုန်း၊ ရွှေတိဂုံ၊ တိရစ္ဆာန်ဥယျာဉ်တွေကို သွားရောက်လည်ပတ်ခဲ့ကြတယ်။

အခုတော့ ကိုယ်က လူကြီးဆရာလုပ်ပြီး လာမယ့် အင်္ဂါနေ့ ဇူလိုင်လ (၁၉) ရက်နေ့မှာ ဆယ်ကျော်သက် တူတူမလေးတွေကို ဗိုလ်ချုပ်အောင်ဆန်းအိမ် (ပြတိုက်) နဲ့ အာဇာနည်ဗိမာန်ကို လိုက်ပို့ပေးမယ်လို့ ကတိပေးထားတယ်။ ပြီးတော့ သူတို့လေးတွေ သိသင့်သိထိုက်တာတွေကို ရှင်းလင်းပြောပြမယ်လို့ စဉ်းစားထားတယ်။

ဒီလို သူတို့ကို ခေါ်သွားဖို့အကြောင်းက မနေ့တနေ့က တူတူမလေးတွေနဲ့ အမေအိမ်နားက ကလေးတွေကို အာဇာနည် ပုဂ္ဂိုလ်ကြီးတွေအကြောင်း မေးကြည့်တော့ သူတို့လေးတွေ အာဇာနည်နေ့ နဲ့ အာဇာနည်ကြီးတွေအကြောင်း ဘာမှမသိတာကို ဝမ်းနည်းစွာ ကြားသိရတယ်။ ငါ့အနေနဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို မကြိုက်၊ အားမပေးဘူးဆိုတာ မင်းတို့ သိပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကတော့ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ ပုဂ္ဂိုလ်ထူး ဖြစ်နေလို့ပါ။

ဒီနေ့ ကလေးတွေ အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်း မသိတာ သူတို့ အပြစ်မဟုတ်ပါဘူး။ အပြစ်ကျူးလွန်သူတွေက သမိုင်းကို ဖျောက်ဖျက်ခဲ့တဲ့ စစ်အာဏာရှင်၊ သမိုင်းမှန်တွေကို ချိုးဖျက်ခဲ့တဲ့ သမိုင်းမရှိတဲ့ ဗိုလ်ရှုပ်တွေပါ။ ပြီးတော့ ဗိုလ်ရှုပ်တွေ သေနတ်မိုးဓါးမိုး ဖိနှိပ်မှုအောက်မှာ အကြောက်တရားနဲ့ သမိုင်းမဟုတ်တဲ့ သမိုင်းမှားတွေကို သင်ကြားနေခဲ့ရတဲ့ ဆရာ၊ ဆရာမတွေ။ အမှောင်ခေတ်ထဲ ရုန်းကန်ရှင်သန်နေခဲ့ရတဲ့ သားသမီးတွေအတွက် အချိန်မပေးနိုင်ခဲ့တဲ့ မိဘတွေ – ဒီလိုနဲ့ ကလေးတွေ အတုယူ စံထားရမယ့် အာဇာနည်သူရဲကောင်းတွေအကြောင်း ဘာမှမသိ၊ ဗိုလ်ချုပ်ဆိုရင် တိုင်းပြည်ကို ဆင်းရဲတွင်းနက်အောင် ပို့ခဲ့တဲ့ ကိုယ်ကျိုးရှာသူတွေလို့ တွေးထင်ခဲ့တာ မဆန်းပေါ့။

ပြန်ပြောမယ်ဆိုရင် ဒို့တတွေ ခွဲခွါခဲ့တဲ့ နှစ်ဆယ့်ရှစ်နှစ်ကာလရှည်ကြီးအတွင်း ဘယ်နေရာရောက်ရောက် အမြဲသတိရတမ်းတ နေမိခဲ့တဲ့ ငယ်ဘဝ အတူလှုပ်ရှားသွားလာခဲ့တဲ့ ရက်တွေထဲမှာ အာဇာနည်နေ့က အထူးခြားဆုံး၊ မမေ့နိုင်တဲ့ နေ့ရက်ပေါ့ … ငါတို့တွေ အိပ်ရာထနောက်ကျ၊ မလိုက်ရမှာကြောက်လို့၊ ဆရာအိမ်မှာ ဇူလိုင်လ (၁၈) ရက်နေ့ညကတည်းက သွားအိပ်၊ နောက်နေ့ မနက်အစောကြီးထ စီစဉ်ထားတဲ့ ဘတ်စ်ကားကြီးစီးပြီး ဗိုလ်ချုပ်အောင်ဆန်းအိမ်ကို ဦးစွာသွားခဲ့ကြတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်အိမ်ကို လာရောက်လည်ပတ်၊ ဂါရဝပြုကြသူတွေက စည်းကမ်းတကျ နတ်မောက်လမ်းတလျှောက် စီးတန်းလမ်းလျှောက် ဝင်ကြပြီး၊ အဖွဲ့လိုက် အလှည့်ကျ အိမ်ခြံဝင်အတွင်းကို ဝင်ရောက်လည်ပတ်ကြတယ်။ နတ်မောက် လမ်းနားရောက်တာနဲ့ ဗိုလ်ချုပ်အကြောင်း၊ အာဇာနည်တွေအကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုအကြောင်း ရေးသီဖွဲ့ထားတဲ့ သီချင်းတွေကို ကြက်သီးတဖြန်းဖြန်းထ ဝမ်းနည်ကြေကွယ်စွာ နားထောင်ပြီး ဒို့တတွေ ဗိုလ်ချုပ်အိမ်ထဲကို ဝင်ရောက် ကြည့်ရှုကြကာ ဗိုလ်ချုပ်ရဲ့  အငွေ့အသက်တွေကို ခံစားရှာဖွေကြတယ်။

ငါတို့အနေနဲ့ ဘဝမှာ အရိပ်အငွေ့တောင် မမြင်လိုက်ရတဲ့ နိုင်ငံ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး၊ ရိုးသား တည်ကြည်ဖြောင့်မတ်တဲ့ လူသာသေပေမယ့် နာမည်မသေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့  (ဒီနေ့ ဗိုလ်ချုပ်တွေနဲ့ နတ်ပြည် နဲ့ ငရဲပြည် ကွာခြားလှတယ်) ဘဝတစိတ်တပိုင်းကို သူ့ နှစ်အနည်းငယ်မျှ နေထိုင်ခဲ့တဲ့ အိမ်ကြီးကို မဖော်ပြနိုင်တဲ့ ဝမ်းနည်း ကြေကွဲ ခံစားမှုတွေနဲ့ လည်ပတ်ကြည့်ရှုခဲ့ကြတယ်။ မင်းတို့နဲ့အတူ အကြိမ်များစွာ ရောက်ရှိခဲ့တဲ့ ဗိုလ်ချုပ်အိမ်ကို နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း၊ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် အမှတ်ရ၊ မဖျောက်ဖျက်နိုင်ခဲ့ဘူး။

ဗိုလ်ချုပ်အိမ်ကို လေ့လာကြည့်ရှုပြီးနောက် ဒို့တတွေ ကန်တော်ကြီးဗိုလ်ချုပ်ကြေးရုပ်ကိုသွား ဂါရဝပြု၊ စိမ်းလန်းစိုပြေ အေးချမ်းလှတဲ့ မြေပဒေသာကျွန်ကို ဖြတ်လျှောက်ကာ အာဇာနည်ကုန်းရှိ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်း ဆောင်ကြီးတွေကို သွားရောက်အလေးပြုကြတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေကို တလေးတစား အလေးပြုဂါရဝပြုပြီးတော့ ဒို့တတွေ ရွှေတိဂုံဘုရားပေါ်တက် အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူးမေတ္တာပို့ အမျှဝေကြပြီး၊ နေလယ်ပိုင်းမှာ ငါးပြတိုက်နဲ့ တိရစ္ဆာန်ဥယျာဉ်မှာ တောရဲသားကောင် တွေကို ဆရာ၊ ဆရာမတွေရဲ့  ရှင်းပြပြောဆိုမှုနဲ့ လေ့လာကြည့်ရှုကြတယ်။ နောက် တိရစ္ဆာန်ဥယျာဉ် မြက်ခင်းပြင်တနေရာမှာ ယူလာတဲ့ မုန့်တွေထမင်းတွေကို စားသောက်၊ တနေ့တာ လည်ပတ်သွားလာခဲ့တာတွေကို စားမြုံ့ပြန်ပြောကြပြီး လွတ်လွတ် လပ်လပ်၊ ပျော်ပျော်ရွှင်ရွှင် အနားယူကြတယ်။ ဆရာ့ကျေးဇူးကြောင့် ဒို့တတွေ ဒီိလိုနေရာမျိုးတွေ ရောက်ခဲ့သလို၊ တန်းဖိုးမ ဖြတ် မေ့မရနိုင်တဲ့ ဗဟုသုတ၊ ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုခွင့်ရခဲ့တယ် မဟုတ်လား။

ဒီလို နှစ်ဆယ့်ရှစ်နှစ်ကျော် ကာလတုန်းက အကြောင်းအရာတွေကို တစက်မမေ့ တမ်းတပြန်တွေးကြည့်ရင်  တကယ်တော့ ဒို့ဗိုလ်ချုပ် ရဲ့  အသက်ကို အာဏာရူး ဂဋ္ဌုန်ဦးစော က ထုတ်နှုတ်ယူသွားခဲ့ပေမယ့် ဒို့ပြည်သူတွေက သူတို့ချစ်တဲ့ ဗိုလ်ချုပ်ကို  အမြင့်မြတ်ဆုံး အာဇာနည်ခေါင်းဆောင်ကြီးအဖြစ် ဂုဏ်ပြုခဲ့ကြတယ်။ ဒါကို ဗိုလ်ချုပ်သွေး တစက်မရှိ၊ ဗိုလ်ချုပ်စိတ်ဓါတ် နိတ္တိ၊ တိုင်းချစ်ပြည်ချစ်စိတ်၊ ကိုယ်ကျိုးအနစ်ခံစိတ် စိုးစဉ်မျှ မရှိကြတဲ့ မျိုးချစ် (ကိုယ့်အမျိုးကိုယ်ချစ် – ကိုယ့်အမျိုး ကြီးပွားရေး၊ ဘယ်သူသေသေ ငတေမာပြီရော) ဗိုလ်ရှုပ်တွေက ပြည်သူချစ်တဲ့ ဗိုလ်ချုပ် Legacy ဗိုလ်ချုပ်ဝိညာဉ်ကို ဖျက်ဆီးဖျောက်ဖျက် ခဲ့ကြတာ အဆိုးဆုံး ရာဇဝတ်ကျူးလွန်မှု ဖြစ်တယ်။ ဒါကို ဒီနေ့ တပ်မတော်သားတွေ ပြောင်းလဲချိန်မှာ ပြောင်းလဲဖို့ အရေးကြီး တယ်။

အခုတော့ ဒို့နိုင်ငံသူနိုင်ငံသားတွေ ပြည်သူချစ်တဲ့ခေါင်းဆောင် ဗိုလ်ချုပ်သမီး ဦးဆောင်တဲ့ ပြည်သူ့အစိုးရလက်အောက်မှာ လွတ်လွတ်လပ်လပ်၊ ငြိမ်းငြိမ်းချမ်းချမ်း ဂုဏ်ပြုနိုင်ကြပြီ။ ငါတို့လည်း လွတ်လွတ်လပ်လပ် ပါဝင်ဆင်နွှဲနိုင်ကြလို့ အတိုင်း ထက်အလွန် ဝမ်းမြောက်ဂုဏ်ယူနေတယ်။

ကဲ ပြောခဲ့တဲ့အတိုင်း လာမယ့် (၁၉) ရက်နေ့ တနေ့လုံး အာဇာနည်ဗိမာန်ကို တခေါက်တခါမှ မရောက်ဘူး၊ မတွေ့မြင်ဘူးကြတဲ့ တူတူမလေးတွေကို ဒို့ငယ်ဘဝတွေအကြောင်း၊ ဒီနေ့ သူတို့သိနေတဲ့ တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့၊ သူတို့ပညာရေးကို အမှောင်ချခဲ့တဲ့၊ သူတို့ အနာဂတ်တွေကို ရိုက်ချိုးခဲ့တဲ့ — ဗိုလ်ရှုပ် (ချုပ်) တွေနဲ့ မတူခြားနားတဲ့ မဟာလူသား အာဇာနည် ဗိုလ်ချုပ်အကြောင်းကို ပြောပြပြီး ငယ်ငယ်တုန်းက ဒို့သွားခဲ့တဲ့ ခြေရာတွေအတိုင်း ခြေရာကောက်သွားဖို့ စီစဉ်ထားတယ်။

မင်းတို့လည်း သားသမီးတွေ၊ ကလေးတွေခေါ်ပြီး လာကြကွာ။ ပြောင်းလဲလာတဲ့ ပြည်သူ့ခေတ်ကြီးမှာ ဒို့ဗိုလ်ချုပ် နဲ့ အာဇာ နည် ခေါင်းဆောင်ကြီးတွေကို အတူဂါရဝပြုကြရင် မပျောက်ဆုံးသေး၊ မပျောက်ပျယ်သင့်တဲ့ ဒို့နိုင်ငံသမိုင်းကို ပြန်ဖော် ထုတ်ကြမယ်။

ချစ်ခင်စွာဖြင့် … မင်းတို့ရဲ့ 
ဇွန်မိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts