ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● အိပ်ချင်ယောင်ဆောင်နေရင်တော့ နှိုးရခက်တာပေါ့

ဆောင်းယွန်းလ ● အိပ်ချင်ယောင်ဆောင်နေရင်တော့ နှိုးရခက်တာပေါ့
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၆


လက်ညှိုးညွှန်ရာမှာ ရေဖြစ်ပြီး
လက်ခုပ်တချက်တီးရုံနဲ့ မြေကြီးက ရွှေသီးတယ်
ဆန္ဒရှိလို့ စင်တင်ပြီး
လက်ခေါက်မှုတ်အားပေးတဲ့ ပွဲဟာ
အလိုမရှိချိန်မှာတော့
လက်ဖြောက်တချက်တီးရုံနဲ့ ပွဲပြီးမီးသေပဲ
သတိတရနဲ့
တရေးနိုး ထုတ်ကြည့်မိတဲ့ စာရင်းစာအုပ်ထဲမှာ
ကိန်းဂဏန်းတွေက
အချိန်နဲ့အမျှ ဒီရေလိုတိုးနေတယ်….

မေ့နေတာတခုက
အချိန်နဲ့ဒီရေသည် လူကိုမစောင့်ဆိုတဲ့ စကား
လျော့နေတာတခုက
ရခဲပြီး ကုန်လွယ်လွန်းတဲ့အချိန်မှာ
ကျင့်ရမယ့် တရား…

မေ့လျော့ခြင်းတချို့နဲ့
တရေးနိုးချိန်အပျော်ကို ညနက်ထဲပြန်ထိုးသိပ်ရင်း
တရေးပြန်အိပ်ပျော်သွားတဲ့အခါ
ရေမရှိ မြေမရှိ ရွှေမရှိ ငွေမရှိ
အစွဲအလန်းနဲ့ ပွဲလမ်းသဘင်လည်းမရှိ
အားလုံးဟာ နတ္ထိပဲ…

အိပ်ပျော်နေခြင်းဟာ
ခဏတာသေခြင်းနဲ့ ဘာဆိုဘာမှ မခြားဘူး…

လူ့ဘ၀ဆိုတာက
နိုးနေချိန် အခိုက်အတန့် ခဏလေးပါပဲ
အိပ်ချင်ယောင်ဆောင်နေရင်တော့
နှိုးရခက်တာပေါ့…။

ဆောင်းယွန်းလ (ဇူလိုင် ၁၅၊၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts