အခန်းဆက်များ ခေတ်ပြိုင်အတွေ့အကြုံ မောင်မောင်စိုး

မောင်မောင်စိုး – လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း ၁၂

မောင်မောင်စိုး – လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ – အပိုင်း ၁၂

(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၆

ရဲဘော်နီအောင်မေသု

၁၉၇၂ တွင် ထောင်သွင်းအကျဉ်းချထားခြင်းခံထားရသော လက်ဝဲ လက်ျာနိုင်ငံရေးသမားများ စာရေးဆရာများ ဂျာနယ်လစ်များ အလုပ်သမား လယ်သမား အမှုထမ်း ကျောင်းသားသပိတ်များ ကို ခေါင်းဆောင်ခဲ့ကြသူများပါသည်။ ACPB မှ သခင်ဇင်၏ဇနီးဒေါ်ကြည်ကြည် လေထီးဗိုလ် အုန်းမောင်တို့ ပါသည်။ စာရေးဆရာများထဲမှ ဗန်းမော်တင်အောင် မြသန်း တင့်တို့ပါသည်။ ကိုအောင်မေသုကား ထိုလွတ်လာများထဲက တယောက်ဖြစ်သည်။

ကိုအောင်မေသုသည် အုတ်ဖိုမှဖြစ်ပြီး သာယာဝတီခရိုင် ဗကသကျောင်းသားခေါင်းဆောင် တဦးဖြစ်သည်။ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးပျက်ပြီးနောက် ၆ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြ လှုပ်ရှားမှုများ နောက်တွင် အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။ သူသည် ဗမာတယောက်တော့ မဟုတ်ပေ။ အိန္ဒိယနွယ်ဖွားတယောက်ဖြစ်သည်။ သူသည် ဘင်္ဂါလီလော တမီလ်လော၊ ဟင်ဒူစတန်နီလောတော့ မိမိသတိမထားမိခဲ့။ သို့သော် သူတို့မိသားစုကတော့ မွတ်စလင် မိသားစု ဖြစ်သည်။ ဖခင်က အုတ်ဖိုမှ ဗလီဆရာတဦးဖြစ်ပြီး သူတို့အိမ်က ဗလီအနီး ၂ လမ်းပေါ်ရှိ နှစ်ထပ် တိုက်အိုကြီး ဖြစ်သည်။ မွတ်စလင်တယောက်မှ လက်ဝဲလိုလားသူ တိုးတက်သော ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်လာသူဖြစ်ပေသည်။

ကိုအောင်မေသုသည် ကျောင်းသားလှုပ်ရှားမှုများတွင် ခေါင်းဆောင်ပါဝင်ခဲ့သော်လည်း စာညံ့သူတဦးတော့ မဟုတ်ခဲ့ပေ။ သူခေတ်ကာလက ၇ တန်းတွင် စကောလားရှစ် ပညာထူးချွန်ဆု ရခဲ့သူဖြစ်သည်။ သူရရှိသော စကောလားရှစ်ဆုကြေးငွေအား ကျောင်းသို့ပြန်လှူဒါန်း၍ အုတ်ဖို ကျောင်းတွင် လက်ဆေးကန်များ ရေပိုက်များသွယ်တန်းပေးထားသည်ပင် ၁၉၇၀ ခုနှစ် အုတ်ဖိုကျောင်းသို့ မိမိရောက်သည်အထိ ရှိနေသေးသည်။

ယခုတော့သူသည် နှစ်ရှည်ထောင်ဒဏ်ကျခံရပြီး ကိုးကိုးကျွန်းသို့ပါ အပို့ခံရပြီးနောက် သူ၏အိမ်ရှိရာ အုတ်ဖိုသို့ပြန်လည်ရောက်ရှိလာသည်။ မိမိအဖို့ စာအုပ်ထဲမှ နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင်များအား တွေ့ဖူးခဲ့ရာမှ လက်တွေ့ ဘဝတွင် ပထမဆုံးတွေ့ဆုံခဲ့ရသည့် နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင်တဦးဟု ဆိုရပါမည်။ သူ၏နံမည်မှာ အောင်မေသုဖြစ်သော်လည်း သူပိုင်စာအုပ်များပေါ်တွင် လက်မှတ် ရေးထိုးရာတွင်၎င်း၊ ပေးစာများတွင်၎င်း၊ ရဲဘော်နီအောင်မေသုဟု လက်မှတ်ရေးထိုးလေ့ ရှိသည်။ လက်ဝဲ လိုလားသော တိုးတက်သောကျောင်းသားတယောက်အဖြစ် သူကိုယ်သူ ပုံဖော်ပြသထားခြင်းဟုဆိုရပါမည်။

ထိုစဉ်သူပြန်လွတ်လာပြီးနောက် အုတ်ဖိုတွင် သူအားရဲရဲပေါင်းသင်းရဲသူမရှိ။ လမ်းတွေ့လျှင် နှုတ်ဆက်ကြတောင်မှ နှုတ်ဆက်ပြီးသည်နှင့် အကြောင်းအမျိုးမျိုးပြ၍ ခပ်သွက်သွက် လစ်ကြသည်။ သူ့အိမ်ကိုအဝင်အထွက်မလုပ်ရဲကြ။ အစိုရမင်းများ အမျက်တော်ရှမှာ ကြောက်ကြ သည်။ ထိုစဉ်ကာလက ဂျန်ကဲဟက်ခေါ် တောစီးဦးထုပ်ဆောင်းကာ လွယ်အိတ်တလုံး လွယ်ထားသည့် အရပ်ဝတ်နှင့် စစ်ထောက်လှမ်းရေးဆိုသူများကိုအများက ကြောက်ကြရသည်။ ထောင်ထွက် ကျွန်းပြန် အစိုးရအတိုက်အခံတယောက်ကို မဆက်ဆံရဲကြပေ။

မိမိနှင့် သူငယ်ချင်း တချို့ကတော့ ခပ်တည်တည်သွားတွေ့ကြသည်။ ခပ်တည်တည်ဆိုသည်တောင် စိုးရိမ်စိတ်တော့ရှိသည်။ သူ့အိမ်ကို စသွားတွေ့စက နေ့လည်နေ့ခင်း မသွားရဲခဲ့။ နေဝင်မှောင်ရီသန်းချိန်ကျမှ လမ်းလျှောက်ထွက်သလိုလျောက်ကြပြီး သူအိမ်ရှေ့ ရောက်မှ ဇတ်ခနဲချိုးဝင်ကြသည်။ မဟာစွန့်စားခန်းကြီးသဖွယ်ဖြစ်ချေတော့သည်။ တကယ်တော့ အုတ်ဖိုမြို့သည် သိပ်ကြီးလှသည်မဟုတ်ပေရာ ဘယ်အိမ်ကို ဘယ်သူသွားသည်ဆိုသည်ကို အထူးစုံစမ်းစရာ မလိုဘဲသိနိုင်သောမြို့ဖြစ်သည်။ မိမိတို့ ကိုယ်ဟာကိုယ် ဟုတ်လှပြီ ထင်နေခြင်းသာဖြစ်သည်။

သူအိမ်ရှေ့ ကုက္ကို ပင်ကြီးအောက်ရှိ မြောင်းပေါ်ခွဆောက်ထားသော အုတ်ခုံတန်းပေါ် ထိုင်စကား ပြောလေ့ရှိကြသည်။ ကိုအောင်မေသုသည် အသားခပ်ညိုညို ဗလအတန်အသင့်ရှိသည့် ဂင်တိုတို လူတယောက်ဖြစ်ပြီး ပြုံးရွှင်စွာ စကားပြောတတ်ပြီး စကားပြောကောင်းသူ တယောက်ဖြစ်သည်။ မိမိတို့ စကားကိုလည်း အလေးအနက်နားထောင်လေ့ရှိပြီး နှိမ့်နှိမ့်ချချနေထိုင်ပြောဆိုတတ်သူတဦး ဖြစ်သည်။ သူ့ဆီမှ သူတို့ခေတ်ကာလ ကျောင်းသားသမဂ္ဂအကြောင်း သမဂ္ဂလှုပ်ရှားမှုများ အကြောင်း နိုင်ငံရေးလှုပ်ရှားမှုများအကြောင်း ကွဲပြားသောနိုင်ငံရေးအမြင်အယူအဆများ အကြောင်းများစွာကြားသိ လေ့လာခဲ့ရသည်။

ကျောင်းသားသမဂ္ဂများဖွဲ့စည်းကြခြင်း သမဂ္ဂ၏အစဉ်အလာ တကသရကသ ဗကသတို့၏ လှုပ်ရှားမှုများ ၇ ရက် ဇူလိုင်အရေးအခင်း ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း သမဂ္ဂအဆောက်အအုံ ဖြိုခွဲဖျက်ဆီးခံရမှု ဗိုလ်အောင်ကျော်ကျောက်တိုင် ရာကျော်ကျောက်တိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲများ စစ်တပ်အာဏာသိမ်းမှု စသည့်အကြောင်းအရာစုံ သူ၏အတွေ့အကြုံများဖြင့် ယှဉ်၍ လေအေးအေးဖြင့် ရှင်းပြလေ့ရှိသည်။

အင်းစိန်ထောင်မှ သူတို့တတွေ ကိုးကိုးကျွန်းအပို့ခံရသည့်အတွေ့အကြုံများမှာလည်း စိတ်ဝင်စား စရာ ကောင်းသည်။ အချို့က ကိုးကိုးကျွန်းရောက်၍ ပင်လယ်ကမ်းခြေတွင် လမ်းလျှောက်၍ အုန်းရေသောက်ရမည်ဟုထင်နေချိန်တွင် သူတို့တတွေ အကျဉ်းစခန်းထဲက အပြင်မထွက်ရသည် ကို ရယ်မော၍ ပြောပြသည်။ ကိုးကိုးကျွန်းမှ ဖောင်ခိုးဖွဲ့၍ ထွက်ပြေးသူများ၏ စွန့်စားခန်းမှာလည်း အံ့အားသင့်ဖွယ်ဖြစ်သည်။ ကိုးကိုးကျွန်းမှ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကို ဖြတ်၍ ၃ ဦးဖြတ်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထိုဖောင်လေးသည် တနင်္သာရီကမ်းရိုးတန်းတနေရာကို ဆိုက်ကပ်ခဲ့သည်ဟုဆိုပါသည်။ ယုံနိုင်ဖွယ်ရာပင်မရှိသည့်အဖြစ်အပျက်ဟုဆိုရမည်။

ထို ၃ ဦးအနက် တဦးကိုတော့ ဘယ်အဖွဲ့အစည်းကမှန်းမမှတ်မိတော့။ ပြန်လည်ဖမ်းမိသွားသည်ဟုဆိုသည်။ တဦးကတော့ CPB ဟုဆိုသည်။ ထိုရဲဘော်ကတော့ လွတ်မြောက်ပြီး ပဲခူးရိုးမဗဟိုသို့ရောက်သွားခဲ့သည်ဟုဆိုသည်။ နောင်တိုက်ပွဲတခုတွင် ကျ ဆုံးခဲ့ကြားရသည်။ နောက်တဦးကတော့ KNU မှဖြစ်သည်။ သူလည်းထွက်ပြေးလွတ်မြောက်သွားသည်။ ယခုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တွေ့ရသည့် ဖဒိုမန်းငြိမ်းမောင်ဖြစ်သည်။

ထောင်တွင်းတွင် ဖိနှိပ်မှုများ အာဏာပြမှုများ သူတို့၏တုံ့ပြန်မှုများကို ပြောပြတတ်သည်။ တချို့ထောင်တွင်းဖိနှိပ်မှုများ အသားလွတ်ဖိနှိပ် ပုံစံပေးခြင်းမျိုးဖြစ်သည်။ တခါက အားလုံး ဆံပင်ပုံညှပ်၊ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေး အကုန်ရိတ်ဟု အမိန့်ထုတ်သည်ဟုဆိုသည်။ သူက” မရိတ်နိုင်ဘူး ကျနော်တို့ မွတ်စလင်က ဘာသာရေးအယူအဆနဲ့ထားတာ ” ဟုဖြေလိုက်ရာ ” ဘာကွ ကွန်မြူနစ်က အခုမှ မွတ်စလင်လုပ်မနေနဲ့ဆိုပြီး လှိမ့်ရိုက်တော့တာပါပဲကွာ ” ဟု ရီရီမောမော ပြောပြတတ်သည်။ သို့သော် ထိုထက်ပြင်းထန်သည့် ထောင်တွင်းတိုက်ပွဲများကား မလွယ်ကူလှပေ။

သို့သော် ထိုစဉ်က ကွန်မြူ နစ်တစ်ယောက်ဖြစ်နေပြီလော ကွန်မြူ နစ်ဝါဒကို သက်ဝင်ယုံ ကြည်သူ ဖြစ်နေပြီလော သို့မဟုတ် ကွန်မြူနစ်တစ်ယောက်အဖြစ်သတ်မှတ်တွန်းပို့ခံရသည်လော ဆိုသည် ကတော့ စဉ်းစားဖွယ်ဖြစ်သည်။ သူသည် ကျောင်းသားခေါင်းဆောင်တဦးအနေနှင့် ထောင်ထဲ ရောက်သွားပြီး လက်ဝဲ လက်ျာနိုင်ငံရေးသမားပေါင်းစုံနှင့်အတူ ထောင်ကျနေခဲ့သူဖြစ်သည်။

ကျွန်းတွင် မဆလအစိုးရ၏ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်သည့် အစာငတ်ခံတိုက်ပွဲများပြု လုပ်ခဲ့ကြသည်။ ၅၄ ရက်ကြာ အစာငတ်ခံတိုက်ပွဲတွင် အကျဉ်းခံတိုက်ပွဲဝင်ရဲဘော် ၈ ဦး ကျဆုံးခဲ့ သည်။ အစာငတ်ခံတိုက်ပွဲအစက တိုက်ပွဲဝင်သီချင်းတွေ ဟစ်ကြွေးနိုင်ကြသေးသော်လည်း အချိန်ကြာလှသည် မျှ အိပ်ယာထက်တွင် အားအင်ချိနဲ့လာသောရဲဘော်များ တဦးပြီးကျဆုံးလာချိန်တွင် ဖြစ်ပေါ်လာသည့် ဝမ်းနည်းကြေကွဲမှုများ၊ အံကြိတ်တောက်ခေါက်သံများ၊ သန္နိဋ္ဌာန်များ ခွန်အားများကိုကြားရသည်မှာ တုန်လှုပ်ဖွယ်ကောင်းလှသည်။ ကျောင်းသား၊ အလုပ်သမား၊ စာရေးစာချီ၊ အလွှာစုံမှ အကျဉ်းသားရဲဘော်များ၏ခိုင်မာသည့်ဆုံးဖြတ်ချက် တိုက်ပွဲဝင်ရဲသည့်စိတ် စွန့်လွှတ်ရဲသည့်သတ္တိတို့ကို စိတ်ဝင်စားဖွယ်ရာကြားသိရသည်။ ထောင်တွင်းတိုက်ပွဲ၌ အစာငတ်ခံ တိုက်ပွဲသည် အမြင့်ဆုံးတိုက်ပွဲဖြစ်သကဲ့သို့ ထိုသို့သောတိုက်ပွဲမျိုးတိုက်လျှင် ပေးဆပ်ရမှုသည် ထိုက်တန်ပါ၏လောဆိုသည့် အငြင်းပွားအယူအဆများကိုလည်း ကြားသိရသည်။ သို့သော် ယုံကြည်ချက်တခုအတွက် မိမိအသက်ကိုပေးဆပ်ရသည်မှာတော့ မလွယ်ကူလှဟု သဘောပေါက်မိခဲ့သည်။

ထိုစဉ် တရုတ်နှင့် ဆိုဗီယက်ကြားက အယူအဆသဘောတရားရေးရာကွဲလွဲမှုများ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးဆိုသည်မှ အယူအဆသဘောတရားများ ဗမာပြည်ကွန်မြူ နစ်ပါတီမှ အယူအဆရေးရာ ပါတီတွင်းတိုက်ပွဲနှင့်ပတ်သက်၍ လက်လှမ်းမှီသမျှများကိုကြားသိရသည်။ ထို့ပြင် ကိုအောင်မေသုထံမှ ယနေ့တရုတ်ပြည်၊ တရုတ်လက်ရွေးစင်သတင်း စသည့် တရုတ်သံရုံးထုတ် စာအုပ်များလည်း ဖတ်ရှုရသည်။ သို့သော် ထိုစာများကို တဖတ်သတ် တော့လည်း ယုံစရာမလိုခဲ့ပေ။ အဂ္ဂါစနိုးရေးသည့် “တရုတ်ပြည်ပေါ်မှကြယ်နီ ” ” ဘဝချင်း မတူသည့် တရုတ်ပြည် ” စသည့် တရုတ်ပြည်အကြောင်းရေးထားသည့် စာအုပ်များစွာနှင့် ချိန်ထိုးဖတ်ရှု၍ ရနိုင်သည်။

နောက်တော့ မော်စီတုန်းရေးသားသော စာအုပ်ငယ်လေးများကို လည်းဖတ်ရသည်။ ” ဆောင်းပါး လေးစောင်” အပါ မော်စီတုန်းလက်ရွေးစင်ကျမ်းတွင်ပါသည့် ဆောင်းပါးများကို အုပ်ငယ်လေးများ ဖြင့် ခွဲထုတ်ထားသောစာအုပ်ကလေးများဖြစ်သည်။ ထိုထဲမှ ” လက်တွေ့ကျမ်း ” ပဋိပက္ခကျမ်း” ” ပြည်သူတွင်းပဋိပက္ခ မှန်ကန်စွာဖြေရှင်းရေး ” ဟူသောဆောင်းပါးများပါသည့် ” ဆောင်းပါး လေးစောင် ” ဖြစ်သည်။ မိမိဘဝတွင် အကြိမ်ကြိမ်အထပ်ထပ် အလွတ်ရလုနီးပါး ဖတ်ခဲ့သည့် စာအုပ်လေးလည်း ဖြစ်သည်။

တကယ်တော့ မော်စီတုန်းအတွေးခေါ်ဆိုသည့် မော်စီတုန်းလက်ရွေးစင်ကျမ်းပါ ဆောင်းပါး သုံးသပ်ချက်များမှာ တရုတ်ပြည်လူ့အဖွဲ့အစည်းအခြေအနေကို သုံးသပ်ပြီး မည်သို့မည်ပုံ လုပ်ဆောင်ရမည်ကို လမ်းညွှန်ရေးသားချက်များကို ရေးသားထားခြင်းဖြစ်သည်။ သူ၏သုံးသပ်ဆုံဖြတ်ချက်များ မှန်ကန်၍ ကျန်းခဲ့ရှိတ် ( ချန်ကေရှိတ် ) အစိုးရအား အနိုင်တိုက်ပြီး ပြည်မကြီးကိုသိမ်းပိုက်နိုင်သည်ကိုတော့ သံသယဖြစ်စရာမလိုပေ။ သို့သော် သူ၏အတွေ့အကြုံ သုံးသပ်ချက်များကို လေ့လာရမည်ဖြစ်သော်လည်း ပုံတူကူးချ၍ မဖြစ်နိုင်။ မြန်မာပြည်လက်တွေ့နှင့် ထူးခြားချက်များကို ထည့်သွင်းစဉ်းစား၍ လုပ်ဆောင်ရန်လိုအပ်သည်ကို မိမိ တဖြည်းဖြည်းမှ သဘောပေါက်ခဲ့သည်။ သဘောတရားဆိုသည်မှာ အလုပ်လမ်းညွှန်ဟုမှတ်ယူရန် လွယ်ကူသော် လည်း လက်တွေ့ဆုံးဖြတ်ကျင့်သုံးရန် မလွယ်ကူခဲပေ။

သို့ဖြစ်ရာ ကိုအောင်မေသုသည် မိမိ၏အတွက် နိုင်ငံရေးအရ လက်ဦးဆရာဟု ဆိုရပါမည်။ သို့သော် သူသည် မိမိတို့လူငယ်များ သွေးထိုးလှုံ့ဆော်မြှောက်ထိုးပင့်ကော် လုပ်ပေးသူတော့ မဟုတ်ခဲ့ပေ။ အကြောင်းတခုတိုင်းကို ဘက်ပေါင်းစုံမှ အပြန်အလှန်စဉ်းစားဖို့ အားပေးသည်။ စာများများဖတ်ဖို့ တိုက်တွန်းလေ့ရှိသည်။ များများစူးစမ်းလေ့လာဖို့ အားပေးသည်။ လူငယ်သဘာဝ မိမိစိတ်လှုပ်ရှားပေါက်ကွဲနေလျှင်ပင် တည်ငြိမ်အောင်ထိန်းချုပ်ဖို့ အပြန်ပြန်အလှန်လှန် စဉ်းစား သုံးသပ်ဖို့ အကြံပြုလေ့ရှိသည်။

ကိုးကိုးကျွန်းကပြန်လွတ်လာပြီး ကိုအောင်မေသု အိမ်ထောင်ပြုသည်။ သူ၏ဖခင်ဖြစ်သူက စီစဉ်ပေးပုံရသည်။ အုတ်ဖိုနှင့်မဝေးလှသော မင်းလှမြို့မှ ဗလီဆရာ၏သမီးနှင့်အိမ်ထောင်ကျ သည်။ သူတို့၏မင်္ဂလာဆောင်ကို မင်းလှမြို့တွင်ကျင်းပခဲ့သည်။ မိမိကတော့ ကျောင်းစာမေးပွဲ ရှိနေ၍ မရောက်ဖြစ်ခဲ့။ သူနှင့်ထောင်ကျဖက် နိုင်ငံရေးသမားများ စာရေးဆရာများ ကားတစီး ငှားပြီး လာရောက်ကြသည်ဟုကြားရသည်။ ကိုအောင်မေသု၏ မင်းလှမင်္ဂလာပွဲသို့ လာရောက်ခြင်းကို ဆရာမြသန်းတင့်၏ “ကျနော်ဆက်၍ရေးချင်သောဝတ္ထုများ ” တွင် ဖွဲ့နွဲ့ဖော်ပြထားသည်ကို ဖတ်လိုက်ရသည်။

အိမ်ထောင်ကျပြီးတော သူအသက်မွေးဝမ်းကျောင်းတခု ပြုရသည်။ ပထမတော့ ဆိတ်သတ်ရောင်းသည်ကို တွေ့ရသည်။ အုတ်ဖိုတွင် သမီးဦးလေးမွေးသည်။ သူပုန်မ ဟုနံမည်ပေးသည်။ နောက်ပိုင်း မင်းလှသို့ပြောင်းအိမ်ပြောင်းသွားသည်။ ဒုတိယသားကိုတော့ ရန်တကာအောင်ဟုနံမည်ပေးသည်ဟုကြားလိုက်ရသည်။ နောက်ပိုင်းတွင်း မိမိနှင့် အလှမ်းဝေးသွားသော်လည်း သူသတင်းများတော့ကြားရဆဲဖြစ်သည်။ ၁၉၇၈ ခုနှစ်နှင့် ၁၉၈၂ များ တွင် CPB မြေအောက်နှင့်နွယ်၍ ပြန်အဖမ်းခံရသေးသည်ဟုကြားသည်။ သို့သော် ထောင်အကြာ ကြီး ကျသည်ဟုတော့ မကြားမိခဲ့။

၁၉၈၈ တွင် လူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ပြီး မင်းလှမြို့နယ် NLD ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်ဟုကြားရသည်။ ၁၉၉၀ ရွေးကောက် ပွဲကာလ အပြောကောင်း အဟောကောင်း စည်းရုံးရေးကောင်းသော ကိုအောင်မေသုအား မင်းလှလူထုအစည်းအဝေးတွင် ကြုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်က အတော်စကားပြော ကောင်းတဲ့သူပဲဟု မှတ်ချက်ပြုခဲ့သည်ဟု ကြားသိရသည်။ ရွေးကောက်ပွဲအပြီးတွင် ကိုအောင်မေသု အဖမ်းခံရသည်။ နောက်ဆုံးအကြိမ်အဖမ်းခံရခြင်းဖြစ်သည်။ အသက်ရှင်ရက်လည်း ပြန်မထွက်လာနိုင်ခဲ့တော့ပေ။

အချို့ကတော့ ကိုအောင်မေသုတယောက် NLD အတွင်း ဝင်ရောက်လုပ်ကိုင်ခြင်းကို CPB ယူဂျီ တယောက်အနေနှင့်ဝင်ရောက်လုပ်ကိုင်သည်ဟု ရှုမြင်ကြသည်။ မိမိတော့ ဤသို့မထင်ခဲ့ပါ။ သူအနေနှင့် သူခေတ်ကာလနှင့်ဆီလျော်ကိုက်ညီသည့် နိုင်ငံရေးလမ်းကြောင်းတခုကို ရွေးချယ်လုပ်ကိုင်ခဲ့ခြင်း တာဝန်ယူခဲ့ခြင်းဟုသာ ယူဆပါသည်။

၁၉၉၂ ခုနှစ်ခန့်က မိမိသည် အမှတ် ၂၃ ထောက်လှမ်းရေးတပ်မှူးဖြစ်သူ ဗိုလ်မှူး တင်မောင်ဝင်း နှင့်စကားပြောရင်းသူက ထလရ ၂၃ သို့ပြောင်းမလာမီ ပြည်မြို့တွင် ထလရ တပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဟုဆိုခဲ့ရာမှ ကိုအောင်မေသုအကြောင်း စကားစပ်မိသည်။

” ဒါဆို မင်းလှက ကိုအောင်မေသုကို သိမှာပေါ့နော် “
” ဟာ သိတာပေါ့ ကျနော်ဖမ်းပို့လိုက်ရတာပဲ “
” ဘာမှုနဲ့ဖမ်းပို့လိုက်တာလဲဗျ “
” ဘာမှုမှမရှိပါဘူး ကကလှမ်းက ဖမ်းပို့ခိုင်းလို့ဖမ်းပေးလိုက်ရတာပါ”  ဟု ဆိုပါသည်။ ထိုနောက် သူကဆက်၍
” ကိုအောင်မေသုက စာလည်းအတော်ဖတ် အတွေ့အကြုံလည်း အတော်များပြီး စကားပြောလည်း အတော်ကောင်းတယ်။ ရန်ကုန်မပို့ခင် ကျနော်တို့ဆီ ခဏချုပ်ထားတုန်းက သူနဲ့ စကားအတော် ပြောလိုက်ရတယ်။ အတော်ဗဟုသုတရတယ် ” ဟုဆိုပါသည်။

ထိုစဉ် တက်ကြွလှုပ်ရှားသူများ လူထုစည်းရုံးနိုင်စွမ်းရှိသူများ ဇ ရှိသူအားလုံးကို ကကလှမ်းက ဖမ်းပြီး ထောင်ထဲထည့်စဉ် သူထောင်ထဲရောက်သွားခဲ့ခြင်းဖြစ်သည်။ သူတို့အားလုံး ပြစ်မှုမှာ လူထုအကျိုးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ခြင်းပင် ဖြစ်ပုံရသည်။ ထို့နောက်ရုံးတင်ပြီး ထောင် ၁၀ နှစ်ချလိုက်သည်။ အင်းစိန်ထောင် သာယာဝတီထောင်များတွင် ပြောင်းရွှေ့နေရသည် ဟု ကြားသိရသည်။ လျှော့ရက်မရှိသည့်ပြင် ထပ်တိုးထောင်ဒဏ်များခံရ၍ အပြင်သို့ ထွက်မလာနိုင် ခဲ့ပေ။ ထောင်သက် ၁၂ နှစ်ကျော် ၁၃ နှစ်ထဲအရောက်တွင်တော့ ထောင်ထဲမှ ရန်ကုန်ဆေးရုံကြီး သို့ ရောက်လာသည်။ထောင်တွင်းကောင်းစွာဆေးဝါးကုသခွင့် ရပုံမရ။ ရောဂါကျွမ်းမှ ဆေးရုံကြီးပို့ လိုက်ပုံရသည်။ ဆေးရုံရောက်ပြီး မကြာမီပင် ကွယ်လွန်သွားခဲ့ပေတော့သည်။ ဤသို့နှင့် ကိုအောင်မေသုတယောက် သူချစ်သောမိသားစု သူချစ်သောရဲဘော်များအား အပြီးအပိုင် စွန့်ခွာ သွားခဲ့သည်။ စစ်အာဏာရှင်စနစ်ကို အံတုတွန်းလှန်ရင်း ကြွေလွင့်ခဲ့ရသည့် ကြယ်တပွင့်ဟု ဆိုရပါမည်။

၂၀၀၃ ခုနှစ်ထဲတွင် ကိုအောင်မေသုအသုဘအား လှိုင်သာယာ ထိန်ပင်သုသာန်တွင် သင်္ဂြိုလ်ခွင့် ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များ လိုက်ပါပို့ဆောင်သည် ကြားသိရပါ သည်။ သို့သော် ထိုစဉ် လူအများ အနားမကပ်ရဲသေးသည့်အချိန် ဖိနှိပ်မှုပြင်းထန်သေးသည့်အချိန် ဖြစ်၍ သူ့အား လေးစားသူအနည်းစုနှင့်သာ အသုဘ အခန်းအနားကျင်းပဖွယ်ရှိပါသည်။

ဆက်လက်ဖော်ပြပါမည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts