Photo – Than Htay Maung |
လင်းမိုးစွေ – တောရကျောင်းကလေး
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၆
သပ္ပာယ်တယ်ဆိုတဲ့စကားလုံး
မလွဲသာလို့သာသုံးရတာ
တောင်ကုန်းလေးပေါ် စေတီကလေးက
ချစ်စရာလေးပါ
ဘုရားပန်းအိုးထဲ ပူဇော်ဖို့
တန်းစီစောင့်နေကြတဲ့
ပန်းမျိုးစုံ ရောင်စုံပန်းခင်းကြီး
သူ့အလှည့် ကိုယ့်အလှည့်
နေရာချင်း မလုကြဘူး
အလှချင်း လုနေကြတယ်
ပန်းရနံ့က
ခပ်ဝေးဝေးကနမ်းမှ
ပိုမွှေးတယ်ဆိုလို့
ကိုယ့်အသက်ရှူသံ
ကိုယ်ပြန်ကြားမှ
ငြိမ်းအေးခြင်းရဲ့အရသာ
ရှာတွေ့ပြီ
သစ်ရိပ် ဝါးရိပ် အေးမြတာထက်
ဘုရားရိပ် တရားရိပ်က
ပိုအေးမြတဲ့အကြောင်း
ညောင်ရွက်တွေက
ဆည်းလည်းလေးတွေလို
လှုပ်ပြတယ်
မြောင်းသာသာချောင်းကလေးရဲ့အသံနားစွင့်ရင်း
ခုန်ကူးဖို့မလိုတော့ဘူး
ဝါးတံတားလေး
ထုံကူးဖို့
ကျေးငှက်သံတွေကြားက
တိတ်ဆိတ်ခြင်းကို ရှာကြည့်တော့…
စင်္ကြန်လျှောက်လမ်းလေးလည်း
တိတ်ဆိတ်ခြင်းပဲ
ချိတ်ထားတဲ့ စိပ်ပုတီးကလည်း
တိတ်ဆိတ်ခြင်းပါပဲ
သူ့အမြင် ကိုယ့်အမြင်
ငြင်းလို့ရတယ်
မြင်နေရတဲ့မြင်ကွင်း
ငြင်းမရတော့ဘူး
ရင်သပ်ရှုမောဖွယ် စကားနောက်
တရားပါခဲ့ပြီ။
လင်းမိုးစွေ
၁၈.၆.၂၀၁၆