တူမောင်ညို သူတို့အာဘော်

တူမောင်ညို – (မဘသ)ကို ဓမ္မစက်နဲ့တင် မလုံလောက် အာဏာစက်နဲ့ပါ ထိထိရောက်ရောက် အရေးယူဖို့လိုပါတယ်

 

တူမောင်ညို – (မဘသ)ကို ဓမ္မစက်နဲ့တင် မလုံလောက် အာဏာစက်နဲ့ပါ ထိထိရောက်ရောက် အရေးယူဖို့လိုပါတယ်
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၆

မိုးလားကဲလားတွေ ကြေညာချက်ထုတ်ခဲ့တဲ့ (မဘသ) အခုတော့ နောက်တစ်လှမ်းဆုတ်သွားခဲ့ပြီ။

ဒီလိုဆုတ်နိုင်အောင် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက လမ်း “ကြောင်း” ပေးခဲ့တာလို့ ယူဆတယ်။ သူရဦးအောင်ကို “ကြောင်း” ပေးတဲ့ လမ်းအတိုင်း (မဘသ) က “နောက်တစ်လှမ်း ဆုတ်သွားခဲ့တာသာ” ဖြစ်တယ်။

သာသနာရေးဝန်ကြီး “ကြောင်း” ပေးတဲ့ လမ်းက အောက်မှာဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်။

“ ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်၊ ပုတ်ခတ်ပြီးတော့လည်းမဟုတ်ဘူး၊ သူ့ရဲ့အယူအဆ တစ်ခု ကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်လို့မို့ ဒါနဲ့ပတ်သက်ပြီး သီးခြားသဘောထားမှတ်ချက်ပေးစရာမရှိပါဘူး။ လွတ်လပ်စွာသဘောထားကွဲလွဲ ပိုင်ခွင့်ရှိပါတယ်”

သာသနာရဲ့ဝန်ကြီး ဒီပြောဆိုချက်ကို ဇူလိုင်လ ၁၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ (မဘသ)ဗဟိုရဲ့ “ အသိပေးညွန်ကြားချက် အမှတ်စဉ် (၁၂) ” အပိုဒ် ၃ နဲ့ ၄ မှာ ကိုးကားဖော်ပြထားပါတယ်။

“ (Twilight over Burma) ရုပ်ရှင်ကားပြသခွင့်ပိတ်ပင်တဲ့ကိစ္စနဲ့ ဆဲဗင်းဒေးသတင်းစာအပေါ် ရာဇသတ်ကြီးပုဒ်မ ၁၃၁ အရ စစ်တပ်ကခြိမ်းခြောက်တရားစွဲမယ်ဆိုတဲ့ကိစ္စတွေ”မှာလည်း လွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့်ရှိသလားဆိုတာ သာသနာရေးဝန်ကြီး ရဲ့သဘောထားကို မေးချင်စမ်းလှတယ်။ “စစ်တပ်”ကို ထိပါးမယ်ဆိုရင်တော့ လွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့်မရှိတာ “စည်းကမ်း ပြည့်ဝသောဒီမိုကရေစီ” ရဲ့ ပကတိသရုပ်မှန်ပဲဖြစ်မယ်ထင်ပါရဲ့။

(မဘသ)ကိစ္စဆက်ကြဦးစို့။

ဇူလိုင်လ ၁၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ (မဘသ)ဗဟိုရဲ့ “ အသိပေးညွန်ကြားချက် အမှတ်စဉ် (၁၂) ” ဆိုတာဟာ (မဘသ)ရဲ့ ဘရိတ်ဖမ်းပြီးဘက်ဂီယာထိုးတဲ့ကြေညာချက်ပဲဖြစ်ပါတယ်။

ထူးခြားတယ်လို့ဆိုရမလားပဲ။ သာမန်တိုက်ဆိုင်မှုတော့မဖြစ်တန်ရာ။

(မဘသ) ရဲ့ အဲဒီကြေညာချက်နဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)ရဲ့“ကြေညာချက်” ဟာ ဇူလိုင်လ ၁၂ ရက်နေ့ တစ်ရက်ထဲမှာ ပေါ်ထွက်လာကြတဲ့ အချက်ဖြစ်ပါတယ်။ နောက်တစ်ချက်က အစိုးရပိုင် (ရုပ်သံနဲ့ သတင်းစာ) မီဒီယာတွေမှာ တရားဝင် မကြေညာခင်ကတည်းက (မဟန) ကြေညာချက်က ဆိုရှယ်မီဒီယာ မှာကြိုတင်ပြန့်နှံ့နေပါပြီ။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန)ကြေညာချက်က “ဓမ္မစက်”အရ အင်မတန်ထိရောက်တဲ့ အရေးပါတဲ့ကြေညာချက် ဖြစ်ပါတယ်။ အောင်ခြင်းရှစ်ပါးသီချင်းထဲက နာဠာဂီရိဆင်မိုက်ကြီးကို ချွတ်တဲ့ တေးသွားအတိုင်းဟဲရမယ်ဆိုရင် “(မဘသ) ဆင်မိုက်ကြီး မှာ နောက်ဆုတ်ရရှာ”။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးအနေနဲ့ ဒီလိုကြေညာချက်မျိုးကို (မဘသ)တွေ(၉၆၉)တွေ အလုံးနဲ့ အရင်းနဲ့ ထခဲ့ကြွခဲ့ တဲ့ ကြံ့ဖွံ့ပါတီသမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ထုတ်ပြန်ဖို့ လိုအပ်တာပါ။

အရှင်ဘုရားတို့ရဲ့“ဓမ္မစက်” ဟာသမ္မတ ဦးသိန်းစိန် အစိုးရရဲ့ “အာဏာစက်” အောက်မှာ (“အာဏာ”ကို သံဃာ မလွန်ဆန်နိုင် လို့) ခန္တီစ – သည်းခံခြင်းတရားကိုပဲ တည့်တည့်ရှုမှတ်ခဲ့ကြရလေသလားတော့ မသိပါ။

မတရားမျှ၊ မမျှတမှု၊ ဖိနှိပ်အနိုင်ကျင့်မှုတွေနဲ့ပတ်သက်ပြီး “သူတော်ကောင်း- ပညာရှိတွေရဲ့ ဝဇီပိတ်မှု- လျစ်လျူရှုမှု” ဟာ တဒင်္ဂ (သို့မဟုတ်) ယာယီခေတ္တမျှပဲဖြစ်ပါစေ အများပြည်သူတွေအဖို့မှာတော့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ အမည်းရောင်နှစ်ကာလ များ ပဲဖြစ် ပါတယ်။ အသက်အိုးအိမ်စည်းစိမ် ပျက်စီးရာပျက်စီးကြောင်းဖြစ်ခဲ့ရပါတယ်။ သွယ်ဝိုက်သောအားဖြင့် လူမိုက်အားပေးသလိုဖြစ်ရပါတယ်။

အများပြည်သူ သာဓုခေါ်နိုင်မယ့်၊ ကျေနပ်နိုင်ကြမယ့်အချက်များကတော့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန) (မဟန) “ကြေညာချက်” အချက်အမှတ် (၃) မှာပါရှိတဲ့

“အဆိုပါ မဘသ အဖွဲ့သည် ဂိုဏ်းပေါင်းစုံသံဃာညီလာခံကြီးမှ ပေါက်ဖွားလာခြင်းလုံးဝ(လုံးဝ) မဟုတ်ပါ”

“ ၁၉၈၀ ပြည့်နှစ် ဂိုဏ်းပေါင်းစုံ သံဃာညီညွတ်ရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့် ပထမကြိမ် ဂိုဏ်းပေါင်းစုံ အစည်း အဝေးကြီးမှ စ၍ ၂၀၁၄ ခုနှစ်တွင်ကျင်းပသည့် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာအစည်းအဝေးကြီးအထိ ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီး (၅) ကြိမ်ကျင်းပပြီးဖြစ် သော်လည်း မည်သည့်ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးကမျှ မဘသအဖွဲ့ကို အသိအမှတ်ပြုခြင်း၊ သန္ဓေတည်ပေါက်ဖွားစေခြင်း မရှိခဲ့သည့်အပြင် မဘသ ဟူသော်အသုံးအနှုန်းကိုပင် ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း အလျဉ်းမရှိခဲ့ပါ” တို့ပဲဖြစ်ပါတယ်။

ထို့အပြင် အချက်အမှတ် (၄) ၌လည်း မဘသ၏ ထုတ်ပြန်ကြေညာချက် အပိုဒ် (၂) (ခ) ကို ဦးတည်ပြီး

“၎င်းအဖွဲ့ (မဘသ) သည် သံဃနာယက လက်စွဲ၊ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနဲ့ ညီညွတ် သည့်အဖွဲ့အစည်းကြီးဖြစ်သည် ဟု ဖော်ပြခြင်းမှာလည်း လုံးဝ(လုံးဝ) မဟုတ်မှန်ပါ။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း ၊လုပ်ထုံးလုပ်နည်း၊ သံဃနာယကလက်စွဲ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသည့် ညွန်ကြားလွှာ စသည် တို့၌လည်း ဖော်ပြထာခြင်းမရှိပါ။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း (၂) အပုဒ် (၄) ၌ “ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အတွင်၌ ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်းတစ်ခုတည်းသာရှိရမည်” ဟု ခိုင်မာစွာ ပြဋ္ဌာန်းထားနှင့်အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကိုသာ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း များ နှင့်အညီ စနစ်တကျ ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည် ” စသဖြင့် တိတိကျကျ ခိုင်ခိုင်မာဖော်ပြထားတဲ့ အချက်များပဲဖြစ် ပါတယ်။

ကြေညာချက်ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော်ဆောင်ဆရာတော်၊ ဒုတိယ ဥက္ကဋ္ဌ ဆရာတော်၊တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ၁၄ ပါးက လက်မှတ်ရေးထိုးထားပါတယ်။

(မဟန) ကြေညာချက်ပါအချက်များအရဆိုရင် (မဘသ) အဖွဲ့ဟာ ငါးပါးသီလ(မုသာဝါဒ)ကို ဆိုးဆိုးဝါးဝါး ကျူးလွန်ချိုးဖောက် ရုံတင်မကဘဲ၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနဲ့လုပ်ထုံးလုပ်နည်းများကိုပါ မိုက်မိုက်မဲချိုးဖောက်နေတာ အထင်အရှားတွေ့မြင်ကြ ရမှာဖြစ်ပါတယ်။ သံဃာသင်းခွဲတဲ့လုပ်ရပ်ကိုပါ ကျူးလွန်ဖောက်ဖျက်ခဲ့တာထင်ရှားပါတယ်။

(မဘသ) အစုဟာ ဗုဒ္ဓဘာသာသာသာနာကို အိုးမည်းသုတ်ခဲ့ကြသူတွေပဲဖြစ်ပါတယ်။ ဘာသာရေးဗန်းပြပြီး ပြည်သူအချင်း ချင်းသွေးခွဲရန်တိုက်ပေးခဲ့ကြသူတွေဖြစ်ပါတယ်။ အခြားဘာသာ၊သာသနာကိုးကွယ်ယုံကြည်သူပြည်သူပြည်သားများနဲ့ သူတို့ကိုးကွယ်ရာ ဘာသာသာသနာကို ကိုယ်ထိလက်ရောက် ထိပါး၊ ပုတ်ခတ်၊ စော်ကားခဲ့ကြသူများလည်းဖြစ်ပါတယ်။

အခုလို (မဟန) အဖွဲ့ကြီးအနေဖြင့် “ဓမ္မစက်” အရ ပြတ်သားရှင်းလင်းစွာ တိုင်းသိပြည်သိ၊ ကမ္ဘာသိ ထုတ်ပြန် ကြေညာပြီး တဲ့နောက် အုပ်စိုးသူအစိုးရဘက်မှလည်း “အာဏာစက်” အရလည်း ကျူးလွန်ချိုးဖောက်သူ (ရဟန်း/လူ) ပုဂ္ဂိုလ်များကို ထိထိရောက် ရောက် အရေးယူအပြစ်ပေးဖို့ လိုအပ်ပါတယ်။

သူရဲသမိန်ကျေးရွာဖြစ်ရပ်လို “နစ်နာသူများက အမှုမဖွင့်လို့ အရေးယူစရာ အစီအစဉ်မရှိ” ပါဆိုတာမျိုး လုံးဝ (လုံးဝ) မဖြစ် သင့်ပါ။ မဖြစ်ထိုက်ပါ။ နစ်နာသူတွေဟာ တစုံတရားကို စိုးရိမ်ကြောက်ရွံ့လို့ အမှုမဖွင့်ဝံ့ရင် တိုင်းပြည်ကိုအုပ်စိုးတဲ့ တရားဥပဒေ စိုးမိုး ရေးကို တစာစာ ကြွေးကြော် နေတဲ့ အစိုးရအနေနဲ့ အမှုဖွင့်ဖို့၊ တရားစွဲဖို့ အရေးယူဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တည်ဆဲ ဥပဒေကိုချိုးဖောက်မှုဖြစ်လို့ပါပဲ။ ဥပဒေချိုးဖောက်မှုကိုအရေးယူဖို့ပျက်ကွက်သူဟာ တာဝန်ပျက်ကွက်သူပဲဖြစ်ပါတယ်။ တာဝန်ပျက်ကွက် တယ်ဆိုတာဟာ ဥပဒေချိုးဖောက်တာပဲဖြစ်ပါတယ်။

နိဂုံးချုပ်တင်ပြချင်ပါတယ်။

(မဘသ)တွေဟာ “ဘရိတ်ဖမ်းပြီး ဘက်ဂီယာထိုး”သွားတာသာဖြစ်တယ်။ “နောက်တစ်လှမ်းဆုတ်သွားတာဖြစ်တယ်” လို့ အထက်မှာ တင်ပြခဲ့ပါတယ်။ သူတို့ ခြုံထဲကနေ ချိုသွေးနေမှာ သေချာပါတယ်။

(ဥစ္စာဓနအရ/ပညာရေးအရ) ဆင်းရဲမွဲတေလှတဲ့တိုင်းပြည်မှာ လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်၊ မီးမွှေးဖို့ မခက်ခဲပါဘူး။ ဒီလို အနေအထားမှာ သူတို့အကွက်ချောင်းနေကြမှာပါ။ ဒီအချက်ကို လူမျိုးပေါင်းစုံပြည်သူများနိုးနိုးကြားကြားရှိဖို့အရေးကြီးပါတယ်။ လက်ရှိ အစိုးရအနေနဲ့လည်း အဖက်ဖက်ကနေသတိကြီးကြီးရှိထားရမှာပါ၊ ဆင်ကြံကြံပြီးဆင်ကန်းတောတိုးလုပ်လာနိုင်တာတွေကို သတိ မပြတ် ရှိဖို့လိုအပ်ပါတယ်။

သာသနာရေးဝန်ကြီး ပြောသလို ဒါဟာ “လွတ်လပ်စွာကွဲလွဲ” တာမဟုတ်ပါဘူး။ ဒီလို ဘာသာရေး၊ လူမျိုးရေးဗန်းပြပြီး ပြည်သူ အချင်းချင်း သွေးခွဲ ရန်တိုက်နေသူတွေ လုပ်ရပ်တွေနဲ့ ပြတ်ပြတ်သားသား လမ်းခွဲရမှာပါ။

ဒီလိုလုပ်နေသူတွေကိုသူတို့ရဲ့လွတ်လပ်စွာကွဲလွဲခွင့်ပဲ/သူတို့ရဲ့ဒီမိုကရေစီအခွင့်အရေးပဲဆိုပြီး “လွှတ်” ပေးထားလို့ မရပါဘူး။

(မဘသ) ဆိုတာ သင်္ကန်းခြုံထားသူတွေနဲ့ချည်းဖွဲ့ထားတာမဟုတ်ပါဘူး။ “ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်များ စိတ်တူကိုယ်တူစုပေါင်း ဖွဲ့စည်းထားတဲ့အဖွဲ့”လို့(မဘသ)ကသူတို့ကြေညာချက် မှာ ထည့်သွင်းဖော်ပြထားတယ်မဟုတ်ပါလား။

(မဘသ)ဟာ သူ့ချည်းဆိုရင် ဒီလောက်အစွမ်းမထက်လှပါဘူး။ အလှမ်းလည်းမကျယ်နိုင်ပါဘူး။

(မဘသ)နောက်မှာ “အာဏာ/ငွေ” နောက်ခံရှိလို့သာ (မဘသ) ဆိုပြီး ဒီလိုတွင်ကျယ်နိုင်တာဖြစ်တယ်။ ဒါကြောင့် (မဘသ) ကို တင်မကဘူး၊ (မဘသ)ရဲ့ အထက်က (သို့မဟုတ်)နောက်ကွယ်က ကြိုးကိုင်နေတဲ့ “လူတွေ” ကို ပိုသတိထားရမယ်။

ညွန်း

သဘောထားထုတ်ပြန်ချက်၊ (မဘသ) ဗဟို (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်)
ကြေညာချက်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်) ၊ မြန်မာ့အလင်းသတင်းစာ (၁၃ ဇူလိုင် ၂၀၁၆)

အသိပေးညွန်ကြားချက် အမှတ်စဉ် (၁၂) (မဘသ) ဗဟို (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts