ကဗျာ

မြတ်လှိုင်း – ငါ ငေးကြည့်မိတဲ့ မြို့ပြ

 

မြတ်လှိုင်း – ငါ ငေးကြည့်မိတဲ့ မြို့ပြ

(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၆
မိုးလင်းပေမယ့်
လမ်းက လမ်းမဖြစ်သေး
အတွေးကအတွေးထဲမှာ အိပ်မောကျနေတယ်
ဆိုပါစို့
ရက်ပေါင်းတစ်ရာ ဟောစာတမ်း
ဘယ်ကိန်းခန်းဝင်ပြီးဟစ်ကြွေးနေရတာလဲ
မြို့ပြအတွက်ရလဒ်ထဲမှာ
တိုးတက်မှုဂရပ်မျဉ်းတွေသေဆုံးခဲ့ကြ
ငါဆိုတဲ့ အတ္တတွေရှင်သန်လာတဲ့အခါ
ပရဟိတတွေလေလံအဆွဲခံဖြစ်ခဲ့ရတယ်။

မသေချာခြင်းတွေသေချာနေကြ
အမည်နာမတွေဖောင်းပွလာတဲ့အခါ
အတုအပသတိပြုပါဆိုတဲ့
အတုတွေကြော်ညာနဲ့ရောင်းကောင်းနေရဲ့
လမ်းဘေးကဝယ်လာခဲ့တဲ့လွှတ်တော်အမတ်အရုပ်တွေ
ဧည့်ခန်းဗီရိုထဲမှာ ခန့်ညားဝင့်ထည်နေကြ
ပလက်ဖောင်းဘေးက ပန်းသည်မကလေး
မမွှေးတဲ့အနာဂတ်ပန်းကိုရောင်းနေရဆဲ။

ဆိုင်းဘုတ်ဟောင်းကိုဆေးအသစ်သုတ်ပြီး
ရုံးခန်းဖွင့်ပွဲကိုဖဲကြိုးဖြတ်နေကြတဲ့
နှလုံးသားအဟောင်းကို အပြုံးတုဝတ်ဆင်ထားတဲ့လူကြီးမင်းများ
လူဝင်ဆန့်နေဆဲပစ္စက္ခဟာ
မေတ္တာတရားနဲ့အုပ်ချုပ်တဲ့တိုင်းပြည်တဲ့
ချစ်ခြင်းများနဲ့သည်းခံစောင့်စားနေသူတွေ
လူရာမဝင်တဲ့ လယ်ကွက်ထဲမှာ
မျှော်လင့်ခြင်းပန်းတွေစိုက်ပျိုးထားကြ။

ဒါပါပဲ လို့
စိတ်ပျက်စွာခိုတွေညည်းညူနေပြီး
ယကြာချေအစာကိုကောက်စားနေကြတဲ့
အဆင်မပြေမှုများစွာ
ဘုရားမှာဆုတောင်းသံတွေကတော့ဒီအတိုင်းပါပဲ
စောင့်စားခြင်းနဲ့နေ့တွေကုန်ဆုံးနေတယ်
နောက်ဆုံးတော့ဇာတ်လမ်းအဆုံးကိုရောက်ရင်
လူကြမ်းတွေကြေကွဲရမလား
မနက်ဖြန်များစွာကိုစောင့်ကြည့်ရင်း
သင်္ခါရဆိုတာ
အမည်နာမတခုပေါင်းများစွာကို
ဝတ်လစ်စလစ်လမ်းမကြီးပေါ်မှာ
တိမ်တွေငိုတဲ့ည
မျက်ရည်စက်တွေနဲ့လှလွန်းလှချည်ရဲ့လို့
ရင်နာနာနဲ့စာတမ်းမထိုးရပါစေနဲ့
တွေဝေစွာငြိမ်သက်နေတဲ့မြို့ပြကြီးကို ငေးကြည့်နေခဲ့တယ်။ ။

မြတ်လှိုင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts