ကဗျာ

နေစိမ့် ● ရန်သူမျိုးငါးပါး မြို့ကိုဝင်စီးပြီးနောက်

 နေစိမ့် ● ရန်သူမျိုးငါးပါး မြို့ကိုဝင်စီးပြီးနောက်
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆

အော်သံတွေ အတိုင်းသားကြားနေရ
မီးကျွမ်းနေတဲ့ မြို့ဟောင်းကြီးက အရူးတပိုင်းနဲ့
သံသေးသံကြောင်တွေသာ
သံချေးကိုက်ထားသလို တရိရိပဲ့ကျ
ဓားမိုးပြီး အမွှန်းတင်ထားရတဲ့
ရာဇ၀င်တွေက ပြတိုက်ထဲညည်းတွား
မြေကြွက်စာဖြစ်သွားတဲ့ စားကြွင်းစားကျန်တွေက
အပြောင်းအလဲတော်လှန်ရေးရဲ့အနယ်တွေ
ဖရိုဖရဲနဲ့ မြေစာပုံပြိုကျသလို
ကျွတ်ဆတ်အက်ကွဲနေတဲ့
နံရံတွေ အဖတ်လိုက်ကွာကျလို့
မရဏဘုံ အလည်အပတ်ခရီးက
မျှော်လင့်ထားသည်ထက် ပိုမိုအောင်မြင်ခဲ့ပါတယ်
သမိုင်းဟာ
လက်ဖြောင့်တပ်သားမဖြစ်ခဲ့လေတော့
ကျွန်ဝယ်ရာ အဆစ်ပါခဲ့တဲ့ ဘ၀တွေမှာ
ကျောသားရင်သား အရွေးခက်ခဲ့တယ်
ပူနွေးနေဆဲ လက်သန်းဖျားပေါ်က
မြို့ရိုးမှာ သူရဲကောင်းတွေအရိုးပြာနဲ့ အင်္ဂတေမခြောက်သေး
အမည်မဖော်လိုသူသွေးတွေနဲ့ အရောင်တင်ထားတာ
မှတ်တမ်းတင်ဖြစ်မယ်ဆိုရင်
စိတ်ရှည်ရှည်ထားဖို့က
ခင်ဗျားဘက်က ဆန္ဒရှိတဲ့အတိုင်း
အတုံးအရုန်းအောင်မြင်ခဲ့တဲ့
စာရင်းက အရေခွံလဲလို့က မပြီးသေး
အချောမသတ်ရသေးတဲ့ ရေတက်ဦးအနာဂတ်က
သုဿာန်အိုကြီးထဲက
တရေးနိုးလမ်းထလျှောက်လာတယ်
လက်လက်ထလို့
မီးဆေးပြီးကာစဓားတွေ
ရေးထွင်းရမယ့်အက္ခရာကိုစောင့်သလိုစောင့်နေတယ်
သင့်ရှေ့မှာတင် မြို့ကြီးက
ရုပ်ပျက်ဆင်းပျက် မီးကျွမ်းခဲ့ပါပြီ
မီးကြွင်းမီးကျန်တွေကသာ တငွေ့ငွေ့..။

နေစိမ့်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts