ရသဆောင်းပါးစုံ

ကိုအောင်မှိုင်း ● ရင်တမမ ဒီမိုကရေစီခေတ်

ကိုအောင်မှိုင်း ● ရင်တမမ  ဒီမိုကရေစီခေတ်

(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၆
 

လူမျိုးပေါင်းစုံမြန်မာပြည်သူတွေဟာ အရေးတော်ပုံတပ်သားတွေ ဖြစ်ခဲ့ကြပါတယ်။ အခုလည်း ဆက်လက် တိုက်ပွဲဝင်နေကြ ရတုန်းပါပဲ။ နောင်လည်း ဆက်လက်တိုက်ပွဲဝင်နေကြရဦးမှာသေချာပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေကို ကြီးမြတ်သော အစဉ်အလာရှိတဲ့တိုက်ပွဲဝင်ပြည်သူတွေအဖြစ် နိုင်ငံရေးသမားအများစုက ဦးညွတ်အလေးပြု ဂုဏ်ယူခဲ့ကြတာဖြစ်ပါတယ်။

၁၉၆၂ခုနှစ်က စခဲ့တဲ့စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျူရိုကရေစီယန္တယားတွေကို မျိုးဆက်အဆက်ဆက် သွေးချွေး ဘ၀တွေပေးဆပ်ရင်း စစ်ကျွန်ဘ၀တွေကလွတ်မြောက်အောင် တိုက်ပွဲဝင်ခဲ့ကြတာ မြန်မာသမိုင်းရဲ့ဂုဏ်ရောင်ပြောင်မှု အစဉ်အလာပဲ ဖြစ်ပါတယ်။ အခြားဘက်တဘက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းလိုချင်တဲ့ စစ်ဗျူရို ကရက်တွေကလည်း စစ်အစိုးရအဆက်ဆက်ကို လက်ဆင့်ကမ်းမွေးမြူရင်း မျိုးဆက်အလိုက် စစ်အာဏာကို ဆက်လက် ထိန်းသိမ်းခဲ့ကြပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့တိုက်ပွဲသဏ္ဍန်ဟာ ရိုးရိုးရှင်းရှင်းပြောရရင် အမျိုးသားတရပ်လုံးရဲ့အကျိုးစီးပွားနဲ့ စစ်အုပ်စု၊ စစ်အုပ်စု လက် ဝေခံဆိုသူတွေရဲ့အကျိုးစီးပွားထိပ်တိုက်ဖြစ်မှုဟာ အဓိကပဋိပက္ခလို့ ပြောရမှာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအကျိုးစီးပွား၊ အခွင့်ထူးခံလိုမှု၊ ဆွေမျိုးနဲ့နောက်လိုက်နောက်ပါလူတစုကောင်းစားရေးအတွက၊် ပြည်သူတရပ်လုံးရဲ့အကျိုးစီးပွားအပေါ်  စစ်တပ်ကို ခုတုန်းလုပ်ပြီး လက်နက်နဲ့ဗိုလ်ကျအနိုင်ကျင့်ဖို့အတွက် စစ်ဗျူရိုကရေစီယန္တယားကို တည်ဆောက်ခဲ့ကြတာပါ။ စစ်အစိုးရတွေအနေနဲ့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေမဲ့ ဥပဒေကဲ့သို့ အာဏာတည်စေသော အမိန့်ဆိုတာတွေကို စစ်အာဏာနဲ့ပြဋ္ဌာန်းခဲ့ကြရလေ့ ရှိပါတယ်။

ပြည်သူလူထုရဲ့ခုခံမှုတိုက်ပွဲပြင်းထန်လာရင်ပြင်းထန်သလို အမိန့်တွေကလည်း ပြင်းပြင်းထန်ထန်ဖြစ်လာပြီး နောက်ဆုံး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေလို စစ်အာဏာရှင်စနစ်ရဲ့ခံကတုတ်ကို ပက်ပက်စက်စက်ရေးဆွဲ အကောင်အထည်ဖော်ခဲ့ ရတာပဲ ဖြစ်ပါတယ်။ ကနေ့ ကျနော်တို့နိုင်ငံဟာ ရှေ့ကိုချီတက်နေတယ်ဆိုတာကတော့ အငြင်းပွားစရာမရှိပါဘူး။ တချိန် တည်းမှာ နောက်ပြန်ဆွဲနေတဲ့ အန္တရာယ်တွေနဲ့လည်း ရင်ဆိုင်နေရတယ်ဆိုတာအမှန်ပါ။ စစ်ဗျူရိုကရေစီအုပ်ချုပ်မှုယန္တယားကိုရိုက်ချိုးမပစ်နိုင်သမျှ ဒီမိုကရေစီအုပ်ချူပ်မှုယန္တယားဟာလည်း သက်ဝင်လှုပ်ရှားနိုင် ဖို့ သိပ်ကိုခက်ခဲပါတယ်။
(အန္တရာယ်တွေကို ကျွန်မတို့ ရင်ဆိုင်ရဲတယ်။

“ ဒီမိုကရေစီ နိုင်ငံတော်တခုတည်ထောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ပြည်သူလူထု အုပ်ချူ ပ်ရေးဖြစ်လာနိုင်ဖို့ဆိုတာ မလွယ် ပါဘူး။ မလွယ်တာကတော့ ကျွန်မတို့တိုင်းပြည်မှာဆိုလို့ရှိရင် အကြောင်းနှစ်ခု ရှိတယ်”။

(၁) အာဏာရှင်စနစ် နှစ်ပေါင်းများစွာရှိခဲ့တဲ့ တိုင်းပြည်တခုမှာ ဒီမိုကရေစီစနစ်ထူထောင်ဖို့ဆိုတော့ အာဏာရှင်စနစ်ကို ထောက်ခံခဲ့တဲ့သူတွေ၊ အာဏာရှင်စနစ်အောက်မှာ ချမ်းသာကြွယ်ဝခဲ့တဲ့သူတွေက အတိုက်အခံ ပြုနေပါတယ်။

(၂) ပြည်သူလူထုရဲ့အုပ်ချုပ်မှုဆိုတော့ အများပြည်သူရဲ့သဘောတူညီချက်ကို ယူရပါတယ်။ အများပြည်သူရဲ့သဘော တူညီချက်ကို ရယူတယ်ဆိုတာ မလွယ်ပါဘူး။

အဲဒီတော့` ဒီမိုကရေစီစနစ်မှာလည်း အန္တရာယ်တွေရှိတာပဲ။ ဒါပေမဲ့ အဲဒီအန္တရာယ်တွေကို ကျွန်မတို့ရင်ဆိုင်ရဲတယ်၊ ဘာဖြစ် လို့လဲဆိုတော့ ဒီမိုကရေစီစနစ် အောင်အောင်မြင်မြင်လုပ်နိုင်ရင် တိုင်းပြည်အတွက် အများကြီး တိုးတက်မှုရှိမယ်။ တိုင်းပြည် အတွက် အများကြီး အကျိုးရှိမယ်ဆိုတာ ကျွန်မတို့ယုံကြည်လို့ ဒီမိုကရေစီအပေါ်မှာပေါ်လာနိုင်မယ့်အန္တရာယ်တွေကို ကျွန်မ တို့ လက်ခံတယ်၊ ကျွန်မတို့ ရင်ဆိုင်မယ်။ ဒီအန္တရာယ်တွေကို ကျော်လွှားသွားမယ်´။  ။ ဒေါ်အောင်ဆန်းစုကြည် )

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကနေ့မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့သဘောထားပါ။ ဒီသဘောထားကို  အတွေးအခေါ်အရ ကျနော်တို့လက်ခံပါတယ်။ လက်တွေ့မှာတော့ သဘောတရားနဲ့လက်တွေ့အတော်ကိုကွာခြားနေတာတွေ့နေရတယ်လို့ပဲ ပြောရတော့မှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ဗျာ အာဏာရှင်စနစ်ကိုထောက်ခံခဲ့သူတွေ အာဏာရှင်စနစ်အောက်မှာ ချမ်းသာကြွယ်ဝခဲ့တဲ့သူတွေက ဒီမိုကရေစီအုပ်ချုပ်ရေးယန္တယားမှာ အပေါ်စီးရောက်နေကြလို့ပဲဖြစ်ပါတယ်။ ကနေ့မြန်မာ ပြည်ရဲ့အုပ်ချုပ်မှုဖြစ်စဉ်က စစ်ဗျူရိုကရေစီအုပ်ချူပ်မှုယန္တရားအောက်မှာရှိနေတုန်းလို့ပဲ ပြောရင်မှားမယ်မထင်ပါ။

မြန်မာနိုင်ငံမှာ ( နိုင်ငံတခု အုပ်ချုပ်ရေးပုံစံ၂ ခု) ဆိုတဲ့ သဏ္ဍာန်မျိုး ဖြစ်နေတာပါ။ ဦးထင်ကျော်အုပ်ချုပ်ရေးနဲ့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဦးစီးတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချူပ်သစ်တွေရဲ့မဟာမိတ်ပြု အုပ်ချူပ်ရေးတွေပဲ ဖြစ်ပါတယ်။ သမ္မတကြီး ဦးထင်ကျော်အုပ်ချူပ်ရေးဟာ တရားဝင်ဖြစ်ပေမဲ့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်အုပ်ချူပ်ရေးက ပိုလက်စောင်း ထက်နေတယ်လို့ပဲ ပြောပါရစေ။ သေနတ်ရှိနေတော့ လုပ်ချင်တာ ဥပဒေဖြစ်နေတုန်းပါပဲ။ မြို့နယ်ဒုအုပ်ချူပ်ရေးမှူးလောက် အဆင့်ကတောင် သမ္မတဦးထင်ကျော်အုပ်ချူပ်ရေးကို ဂရုစိုက်လှတာမဟုတ်တာတွေ့နေရပါတယ်။ သမ္မတဓာတ်ပုံကို အစိုးရ ရုံးတွေမှာ ချိတ်ဖို့တောင် စာထွက်နေရတဲ့ကာလ ဖြစ်ပါတယ်။ ဒီကိစ္စမျိုးတွေက နိုင်ငံတကာမှာဆို ပြောစရာမလိုတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒီအသိလောက်တောင်မရှိတဲ့ အုပ်ချူပ်ရေးဝန်ထမ်းဆိုသူတွေအနေနဲ့ကျနော်တို့နိုင်ငံကောင်းအောင်လုပ်နိုင်မယ် ဆိုတဲ့အမြင်ကတော့ အတော့်ကို မေးခွန်းထုတ်စရာပါပဲ။

သမ္မတဟောင်းဆိုသူကလည်း ကိုယ့်ကိုယ်ကို သမ္မတပြုတ်သွားပြီ။ လူထုဆန္ဒကလည်း သမ္မတနားဖို့ ပြတ်ပြတ်သားသား သဘောထားပေးပြီးပြီဆိုတာကို မေ့နေပုံရပါတယ်။ တပ်မတော်ရေယာဉ်ကို ယူသုံးလို သုံးဗျာ။ ကြံ့ဖွတ်ပါတီ ဒုဥက္ကဋ္ဌလုပ်တဲ့ ဦးဌေးဦးဆို သူကလည်း ရဲယာဉ်တန်းယူသုံးလိုသုံးနဲ့ တိုင်းပြည်မှာ ဗိုလ်ချူပ်ဟောင်းတွေ ရှက်ကြောများ ပြတ်နေကြသလား။ ဒါမှမဟုတ် တပ်မတော်မှာ တိကျတဲ့စည်းမျဉ်းစည်းကမ်းတွေ မရှိတော့တာလား။ မြန်မာနိုင်ငံမှာ တခုခုတော့မှားနေပြီလို့ ပြောပါရစေ။

၁၃၀၀ ပြည့်အရေးတော်ပုံမှာ ဗမာပြည်လွတ်မြောက်ဖို့အတွက် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် လူထုအနေနဲ့လွတ် လပ်ရေးတိုက်ပွဲဝင်ခဲ့သလို ၁၉၈၈ ခုနှစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီိမိုကရေစီရေးအတွက် သန်းချီတဲ့လူထုကြီးဟာ ထောင်ချီတဲ့အသက်တွေကို စတေးခံပြီးတိုက်ပွဲဝင်ခဲ့ကြပြန်ပါတယ်။ ဒါကြောင့် လူမျိုးပေါင်းစုံမြန်မာပြည်သူတွေကို အရေး တော်ပုံတပ်သားတွေအဖြစ် ဂုဏ်ပြုခဲ့ကြတာပါ။ လူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုမှာ မကုန်ခမ်းနိုင်တဲ့ စွမ်းပကားတွေ ရှိကြပါတယ်။ ကနေ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးအတွက် လူထုဟာတိုက်ပွဲဝင်ဖို့ အသင့်ရှိနေကြတာပါ။ လူမျိုးပေါင်းစုံမြန်မာပြည်သူလူထုတရပ်လုံး နားလည်သဘောပေါက်နေကြတာက ဒီမိုကရေစီရေးပဲဖြစ်ဖြစ် ဖက်ဒရယ်ရေးပဲ ဖြစ်ဖြစ် တည်ဆောက်တဲ့အခါ စစ်အစိုးရ စစ်အာဏာရှင်စနစ် စစ်ဗျုရိုကရေစီယန္တရားနဲ့တော့ ဘယ်လိုမှတည်ဆောက်လို့ မရဘူးဆို တဲ့ အမြင်သဘောထားပဲ ဖြစ်ပါတယ်။

ကနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံး အဟန့်အတားဖြစ်နေတာ ဘာကြောင့်ပါလဲ။ ဒီမိုကရေစီအုပ်ချုပ်ရေးအပေါ်က စစ်ဗျူရိုကရေစီအုပ်ချူပ်ရေးကြောင့်ဆိုတာကိုတော့ ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပါ။ လက်ရှိသမ္မတဦးထင်ကျော်အစိုးရကိုယ် တိုင်လည်း ဒီဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း ပွင့်လင်းမြင်သာမှုရှိစွာ လူထုကို အသိပေးဖို့လိုမှာ ဖြစ်ပါတယ်။ စစ်ဗျူရိုကရေစီ အုပ်ချူပ်ရေးကို ဘာတွေကအကာအကွယ်ပေးနေသလဲဆိုတာကိုလည်း လူထုတရပ်လုံးသိဖို့လိုပါတယ်။ သေချာတာက တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်အုပ်စုဟာ တရားခံတွေပါ။ သမိုင်းတရားခံတွေပါ။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ပြောတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရမှ ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေပြင်မယ်ဆိုတဲ့ သဘောထားကတော့ စစ်အုပ်စုသဘောကြအောင် မျက်နှာလုပ်လိုက်တဲ့ ပျက်လုံးတခုလောက်ပဲ ဖြစ်မှာပါ။ လက်ရှိစစ်တပ်ရဲ့ လက်ရှိအနေအထား လက်ရှိအဆင့်အတန်း လက်ရှိသဘောထားအောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ဆိုတာ ပြဒါးတလမ်း သံတလမ်းလို့ပဲ ပြောပါရစေတော့ဗျာ။လက်ရှိစစ်တပ်ရဲ့မိုက်ရိုင်း ရမ်းကားမှုတွေက တနေ့တခြား လူကြားမကောင်းအောင် ဖြစ်နေတာကိုက  ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကြီးကြီးမားမားအဟန့်အတားတွေပဲ ဖြစ်ပါတယ်။

ကနေ့တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ကြတာမဟုတ်တာသေချာပါတယ်။ သေချာတာက စစ်တပ်ကို လုံးဝမယုံကြည်ကြတာလို့ပဲ ပြောပါရစေ။ ခက်တာက စစ်တပ်အလိုကျ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇွတ်တွေလုပ်မယ် ဆိုရင်တော့ နောင်မှာ တိုင်းရင်းသားတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ကိုပါ ယုံကြည်ကြတော့မှာမဟုတ်ဘူးဆိုတာ တော့ သတိပေးလိုပါတယ်။ဒီအဖြစ်မျိုးက တိုင်းပြည်အတွက်သိတ်နစ်နာစေမှာဖြစ်သလို ပြည်တွင်းစစ်သက်ဆိုးရှည်စေမှာဖြစ် ပြီး စစ်ဗိုလ်ချူပ်တွေ ဆက်လက်ကြီးပွားချမ်းသာကြမဲ့လမ်း၊ လူထုဆက်လက်ဆင်းရဲတွင်းနက်မဲ့ လမ်းလို့ပဲ ပြောပါရစေတော့ ဗျာ။ ပြည်သူလူထုအများစုရဲ့ဆန္ဒကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေမဲ့ ဥပဒေကဲ့သို့အာဏာတည်စေမဲ့ အမိန့်စာအုပ်ကြီးကို ဆုပ်ဖြဲပစ်လိုက်ဖို့ပဲဖြစ်ပါတယ်။
ကနေ့ ဗမာ့တပ်မတော်က ခေါင်းဆောင်များဟာ အရှိကိုအရှိအတိုင်းလက်ခံဖို့ အတွေးအခေါ်အရ ပြင်ဆင်ထားဖို့လိုပါတယ်။ ၁၉၆၂ ခုနှစ်ကစခဲ့တဲ့ စစ်အာဏာရှင်စနစ်အောက်က ဖြစ်ပျက်ခဲ့မှုတွေဟာ အရှိတရားတွေ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံသမိုင်းတွေလည်း ဖြစ်ပါတယ်။ ဒီအရှိတရားတွေကိုဖုံးကွယ်ဖို့ဖြစ်စေ ဖျောက်ဖျက်ဖို့ဖြစ်စေ ကြိုးပမ်းအားထုတ်မှုတိုင်းဟာ ရာဇ၀တ်မှုတွေပါပဲ။ ၁၉၆၂ ခုနှစ် ဂျူလိုင်လ ၇ ၇က်အရေးအခင်းမှာ ဗမာ့တပ်မတော်က ရာချီတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို ရန်ကုန်တက္ကသိုလ်ပရ၀ဏ်ထဲမှာပဲ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ဒါဟာ အရှိတရားပါပဲ။ ဒါကို လက်ရှိဗမာ့တပ်မတော်ခေါင်းဆောင်တွေက လက်ခံရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်က လက်ရှိ ဗမာ့တပ်မတော်ခေါင်းဆောင်ဆိုသူတွေ တပ်ထဲတောင်မရောက်ကြသေးဘူးထင်ပါတယ်။ ကျနော်ဆိုလိုချင်တာက ဒီအရှိတရားတွေကို လက်ရှိ ဗမာ့တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ဘာမှဖုံးစရာကွယ်စရာ ဖာစရာမလိုဘူးလို့ထင်ပါတယ်။

၈ လေးလုံးအရေးအခင်းမှာ မြန်မာတနိုင်ငံလုံး ထောင်ချီတဲ့ပြည်သူတွေကို ဗမာ့တပ်မတော်က ပစ်ခတ်သတ်ဖြတ်ခဲ့ ပါတယ်။ ဒါကိုလည်း လက်ရှိဗမာ့တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ လက်ခံရမှာ ဖြစ်ပါတယ်။ အတွေးအခေါ်အရရော လက်တွေ့အရရော ၀န်ခံရမှာ ဖြစ်ပါတယ်။ လူထုကိုတောင်းပန်ရမှာ ဖြစ်ပါတယ်။ မကောင်းတဲ့ပုံရိပ်တွေဖြစ်ခဲ့တဲ့ ဗမာ့တပ်မတော်ကို ကောင်းတဲ့ပုံရိပ်တွေနဲ့ ဗမာ့တပ်မတော်ဖြစ်အောင် ကြိုးစားရမှာဖြစ်တယ်လို့ ကျနော်တို့ အကြံပေးလို ပါတယ်။ ဗမာ့တပ်မတော်ပုံရိပ်တွေကောင်းလာတာနဲ့အမျှ ပြည်တွင်းငြိမ်းချမ်းရေးတို့ ဒီမိုကရေစီရေး ဖက်ဒရယ် ပြည်ထောင်စုရေးတို့ဆိုတာတွေကို အခက်အခဲနဲနဲနဲ့ ကျနော်တို့ရရှိလာကြမှာဖြစ်ပြီး တိုင်းပြည်လည်း အေးချမ်းသာယာဝ ပြောပြီး ချမ်းသာကြွယ်ဝတဲ့တိုင်းပြည်တပြည်ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲဘဲ ဖြစ်ပါတယ်။ လက်ရှိ NLD အစိုးရ လျှောက်နေတဲ့ ဒီမိုကရေစီခေတ်ကိုတော့ ပြောရရင် “ရင်တမမ ဒီမိုကရေစီခေတ်” လို့သာ ပြောလိုက်ပါရစေတော့ဗျာ။

ကိုအောင်မှိုင်း (၅ ရက် ဂျူလိုင်လ ၂၀၁၆ ခုနှစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts