ကဗျာ

လင်းသက်ငြိမ် ● တောက်တို

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

လင်းသက်ငြိမ် ● တောက်တို
(မိုးမခ) ဇူလိုင် ၅၊ ၂၀၁၆


ရိုးအလွန်းတာလား ထူပိန်းနေတာလား
ဒါမှမဟုတ် မုန့်လေပွေလိုပါးလှပ်နေတာလား
ကိုယ်ရာမှာသူ့ကိုခေါ်ကြတာက တောက်တို
တောက်တိုဟာ သူ့ကိုယ်သူ
တောက်တိုမှန်းမသိ တောက်တိုဆိုတော့
ချိန်ခါသင့်ဝတ်တတ်စားတတ်
အံဝင်အောင်ပြောတတ်ဆိုတတ်
တောက်တိုက ဖင်ပေါ့တယ်
တောက်တိုမှာ ဟုတ်ကဲ့ပဲရှိတယ်
သူ့လောက်မရှိတဲ့လူတွေနဲ့မတွေ့ခင်အထိ
သူ့လောက်မသိနားမလည်သူတွေနဲ့မဆုံခင်အထိ
တောက်တိုရဲ့ ငြိမ်ဝပ်ပိပြားမှုဟာ
သူ့ကိုးကွယ်တဲ့ သူ့အထက်ကလူများ
တံတွေးကိုအပေါ်လှန်မထွေးရဘူးဆိုတာ
တောက်တိုသိတော့ တောက်တိုထွေးတဲ့တံတွေးက
တောက်တိုရဲ့အောက်ကလူတွေအပေါ်
ခပ်တည်တည်ဖိန့်လုံးတွေ
ရုပ်တည်ကြီးနဲ့ခြိမ်းခြောက်မှုတွေ
တောက်တိုက အကယ်ဒမီရှော့ပဲ
တောက်တိုကအပီအပြင်ပဲ
သခင့်ရှေ့မှာငြိမ်နေရတဲ့ကြောင်လို
တောက်တိုလမ်းလျှောက်ရင်မြောက်ကြွကြွ
လူကြီးတွေရှေ့သိမ်မွေ့အိညက်သော
တောက်တိုရဲ့အသံက
အရပ်ထဲကျ ကျယ်ကျယ်လောင်လောင်မြည်ဟီး
တောက်တိုဟာ ဟာသမှန်းသိပေမယ့်
တောက်တိုအထက်ကအရိပ်တွေကို
ကြောက်ကြရတဲ့ လူတွေခမျာ
တောက်တိုရှေ့မှာ ပေါ်တင်မရယ်ရဲ
တောက်တိုလို့တောက်တိုကိုရယ်နေကြတာ
တောက်တိုလည်းသိပါတယ်
ရယ်သံတွေရှေ့သူရောက်သွားတဲ့အခါ
ဘရိတ်မိသွား ကားတွေလို တုန့်ခနဲရပ်သွားကြ
အဲ့ဒီအရသာကို
တောက်တိုအကြိုက်ဆုံးပဲဖြစ်မယ်ထင်တယ်
တစ်ချက်ငဲ့ကြည့်ပြီး တောက်တိုဟာ
တိမ်လိုတလွင့်လွင့်ဆက်လျှောက်သွား
ရယ်သံများပြန်ထွက်လာ
တောက်တို…..ဟား ဟား ဟား
တောက်တို…..ဟား ဟား ဟား
တောက်တို…..။                  ။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts