ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ ● ဒုတိယပင်လုံညီလာခံသည် ဘာကြောင့်…နှင့် မောင်မိုးသူ

မောင်မိုးသူ ● ဒုတိယပင်လုံညီလာခံသည် ဘာကြောင့်…နှင့် မောင်မိုးသူ

(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၆

(မော်ဒန် သတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါး)    

ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေး လုပ်ဆောင်ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လောလောလတ်လတ် အရင် ဦးသိန်းစိန်အစိုးရလက်ထက်က တပိုင်းတန်းလန်းထားခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ရပ်ကို ဆက်လက်လုပ်ဆောင်ဖို့ တာဝန်ယူရပါတယ်။

အရင် အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ရပ်မှာ အပစ်အခတ်ရပ်စဲရေးသဘောတူ လက်မှတ် ရေးထိုးထားတဲ့အဖွဲ့နဲ့လက်မှတ်မရေးထိုးရသေးသော အဖွဲ့ရယ်လို့ နှစ်ပိုင်း နှစ်ဖွဲ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီးတဲ့နောက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမထားရသေးတဲ့ အဖွဲများရှိတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ကို ဒေါက်တာတင်မျိုးဝင်း၊ ဦးလှမောင်ရွှေတို့ သွားရောက်ကြပြီး ဆွေးနွေးခဲ့ ကြရာမှာ အဆင်ပြေချောမောပြီး အဲသည်အဖွဲ့များက ညီလာခံမှာတက်ရောက်လာဖို့ သဘောတူကြပါတယ်။ ထို့အတူ မိုင်းလား ` ၀´ ဒေသကိုလည်း သွားရောက်တွေ့ဆုံခဲ့ပြီး ဆွေးနွေးကြရာမှာ သဘောတူညီမှုရ ကြတယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားရှစ်ဖွဲ့က ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင်များနဲ့ ဇွန်လ ၂၈ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။ ဤသို့တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ရေး ၀ိုင်းဝန်းကူညီကြရန် တိုက်တွန်းခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စသည် ပထမဆုံးလုပ်ဆောင်ကြရမယ့်ကိစ္စ ဖြစ်ပါတယ်။ တဆက်တည်း ၂၁ရာစု ပင်လုံညီလာခံဆိုသည်ကမူ တိုင်းရင်းသားအားလုံး၏အသံကို နားထောင်ကြရမယ့်ကိစ္စ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးဆိုသည်က လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တိုက်ရိုက်သက်ဆိုင်နေသည့် ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိစ္စကျတော့ တိုင်းရင်းသားအားလုံးရဲ့ အသံ၊ လိုအပ်ချက်များ ကြားသိကြဖို့ လိုအပ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့စကားလုံးကို ယခင်အစိုးရအဆက်ဆက်က မပြောဆိုခဲ့ကြသလို တပ်မတော်ကလည်း ၎င်းစကားလုံးကို ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။ ယခုတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရေစီအစိုးရက ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးကို ပြောကြားနေသည့်နည်းတူ တပ်မတော်ကလည်း ဖက်ဒရယ်ပြည်ထောင်စုဆိုသည့်စကားလုံး သုံးနှုန်းလာနေကြသည်ကို တွေ့ရပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ တိုင်းရင်းသားအားလုံးအတွက် တန်းတူရည်တူအခွင့်အရေးရရှိရေး၊ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေး တန်းတူရည်တူရရှိရေး ၊ သယံဇာတများရဲ့အကျိုးအမြတ်များကိုလည်း မျှတစွာ ရရှိရေး ၊ကျန်းမာရေး တိုးတက်ဖွံ့ဖြိုးရေး အားလုံရရှိစေရေးပဲ ဖြစ်ပါတယ်။

အဲသည် လိုအပ်ချက်၊လိုလားချက်များကို တိုင်းရင်းသားအားလုံးက တင်ပြကြရမှာ ဖြစ်တယ်။

အဲသည်တင်ပြချက်တွေအားလုံးကို အသေအချာစိစစ်ပြီး မည်သည့်အချက် မည်သည့်အခြေအနေတွင် လိုက်လျောဆောင်ရွက်ပေးကြရမည်ဟု ဆွေးနွေးညှိနှိုင်းရမှာ ဖြစ်ပါတယ်။

ဆွေးနွေးညှိနှိုင်းခြင်းဆိုသည်မှာ ငြင်းခုံကြရမည့်ကိစ္စမဟုတ်ပါ။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည့်တိုင် တိုင်းရင်းသားများအတွက် တန်းတူရည်တူအခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်နိုင်မှုအားနည်းခဲ့ခြင်း၊ မပြည့်စုံသေးသည်ကိုတွေ့ရပြီး တိုင်းရင်းသားများရဲ့ ဖွံ့ဖြိုး တိုးတက်မှုအားနည်းလျက် ရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းမရှိသလို တိုင်းရင်းသားဒေသမှ ထွက်ရှိသည့်သယံဇာတများ၏အကျိုးအမြတ်များ မျှဝေခံစားခွင့်မရှိခြင်းကလည်း အားနည်းချက် ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရရှိရေးဟာ အရေးကြီးသည့်နည်းတူ တိုင်းရင်းသားအားလုံး ဖွံ့ဖြိုး တိုးတက်မှုညီမျှရေးကို လုပ်ဆောင်နိုင်ကြပါမှ ဖက်ဒရယ်ပြည်ထောင်စုဆိုသည့်စကားရပ် ပြည့်စုံမှာ ဖြစ်ပါတယ်။

အဲသည်လို အဲသည်လို ဖြစ်မြောက်လာဖို့အတွက် တိုင်းရင်းသားအားလုံးတွေက မိမိတို့ရဲ့လိုအပ်ချက် များကို အချက်အလက်နဲ့ ကျကျနန တင်ပြကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံသည် ဘာကြောင့်အရေးပါသလဲလို့ မောင်မိုးသူရေးခဲ့ရတာက တိုင်းရင်းသားများ အားလုံးရဲ့အသံတွေကို ၂၁ ရာစု ပင်လုံညီလာခံမှာ ကြားရနိုင်လို့ပဲဖြစ်ပါတယ်။

သည်ညီလာခံမှာလည်း အပစ်အခတ်ရပ်စဲရေးမှာ ပါတဲ့ မပါတဲ့ အဖွဲ့တွေရဲ့ သဘောထားသာမက တိုင်းရင်းသားအဖွဲ့အစည်းများ ၊ တိုင်းရင်းသား လူမှု အဖွဲ့အစည်းများရဲ့ အသံ့တွေကိုပါ ကြားရနိုင်လို့ပါပဲ။

၂၁ ရာစုပင်လုံညီလာခံရဲ့အရေးအပါဆုံးအချက်က တိုင်းရင်းသားများအားလုံးလက်နက်ကိုင်ရော လက်နက်မကိုင်သူများရဲ့လိုအပ်ချက်၊ တင်ပြချက်အသံများ ပြည့်ပြည့်စုံစုံ ကြားသိနိုင်တာကြောင့် ဖြစ်ပါတယ်။

စကားတရပ်ရှိပါတယ်။ တကယ်လုပ်ရင် အဟုတ်ဖြစ်ပါတယ်။ ဒါကြောင့် ၂၁ ရာစုပင်လုံညီလာခံဟာ တကယ်လုပ်ကြရင် အဟုတ် ဖြစ်လာနိုင်မှာပါ။

တကယ် ရိုးသားဖြူစင်စွာ မျှမျှတတ ပွင့်ပွင့်လင်းလင်းရှိကြပြီး ကောင်းမွန်တဲ့ရလဒ်အဖြေကို ရရှိအောင် ကြိုးစားကြပါစေလို့ ဆိုပါရစေ။

၂၁ ရာစုပင်လုံညီလာခံသည် ဘာကြောင့်နှင့် မောင်မိုးသူပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts