တူမောင်ညို သူတို့အာဘော်

တူမောင်ညို – စစ်တပ်ကို “လေးစားစွာတောင်းပန်” ခြင်းသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဖြစ်သည်

တူမောင်ညို – စစ်တပ်ကို “လေးစားစွာတောင်းပန်” ခြင်းသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဖြစ်သည်
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၆
အရင်းစစ်လိုက်တော့ “အနုပညာလွတ်လပ်ခွင့်၊သတင်းစာလွတ်လပ်ခွင့်”တို့ဆိုတာဟာ နိုင်ငံရေးပြဿနာ၊ ဒီမိုကရေစီပြဿနာ ပင်ဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုမှာ နိုင်ငံရေးလွတ်လပ်ခွင့်၊ ဒီမိုကရေစီအခွင့်အရေးဘယ်အတိုင်းအတာအထိရှိသလဲ ဆိုတာကိုဖော်ပြတဲ့ ပြဒါးချိန်လည်းဖြစ်ပါတယ်။

“ဆဲဗင်းဒေးသတင်းစာဖြစ်ရပ်” က ဘာတွေကိုဖော်ပြနေသလဲ

ပထမအချက်အနေနဲ့ “၂၀၀၈အခြေခံဥပဒေဘောင်” ထဲမှာ“သတင်းစာလွတ်လပ်ခွင့်” (ဝါ) “လွတ်လပ်စွာရေးသားဖော်ပြခွင့်” တနည်းအားဖြင့် ဒီမိုကရေစီအခွင့်အရေးရဲ့ သနားစဖွယ် ပကတိအခြေအနေကို ပြက်ပြက်ထင်ထင်ဖော်ပြနေပါတယ်။

ဒုတိယအချက်အနေနဲ့ သတင်းစာလွတ်လပ်ခွင့် (ဝါ) လွတ်လပ်စွာရေးသားဖော်ပြခွင့်အတွက် ရွေးကောက်ခံအစိုးရဟာ တလုံး တပါဒမျှဝင်ရောက်ပြောဆိုနိုင်ခြင်း မရှိရှာဘဲ၊ လက်ပိုက်ကြည့်နေရတဲ့ အနေအထားကို အထင်အရှားမြင်တွေ့ရပါတယ်။

တတိယအချက်အနေနဲ့ “သတင်းစာလွတ်လပ်ခွင့်” (ဝါ) “လွတ်လပ်စွာရေးသားဖော်ပြခွင့်” တနည်းအားဖြင့် ဒီမိုကရေစီအခွင့် အရေးကိုဖိနှိပ်အညွန့်ချိုး၊ ပိတ်ပင်ကန့်သတ်နေသူတွေထဲမှာ ဘယ်သူတွေထိပ်တန်းကပါဝင်နေသလဲ၊ ဘယ်သူတွေက လစ်လျူရှုနေကြ သလဲ။ ဘယ်သူက မိမိတာဝန်ရှိမှုကို မသိချင်ဟန်ဆောင်နေသလဲဆိုတဲ့ ဖြစ်ရပ်တွေကို တသီတန်းကြီးဖော်ပြနေပါတယ်။

တချက်ချင်းလေ့လာကြည့်ကြပါစို့။

အကြမ်းဖက်ဖိနှိပ်အနိုင်ကျင့်နေသူများ
“သတင်းစာလွတ်လပ်ခွင့်”(ဝါ)“လွတ်လပ်စွာရေးသားဖော်ပြခွင့်” တနည်းအားဖြင့် ဒီမိုကရေစီအခွင့်အရေးတွေ အဆိုးရွားဆုံး အကြမ်းဖက်ဖိနှိပ်နေသူ၊ ခြိမ်းခြောက်အနိုင်ကျင့်နေသူဟာ စစ်အုပ်စုနဲ့စစ်တပ်က နံပတ်တစ်ဖြစ်ပါတယ်။ သူတို့ဟာ ဒီမိုကရေစီအခွင့် အရေးမှန်သမျှ စစ်ဖိနပ်အောက်မှာ ထာဝစဉ်ထားရှိချင်သူတွေလည်းဖြစ်တယ်။ သူတို့ ဒီလိုထားရှိနိုင်ဖို့ “၂၀၀၈ အခြေခံဥပဒေ” ကခွင့်ပြု ထားတယ်။ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဆိုတာ စစ်အုပ်စုနဲ့စစ်တပ်က ဘယ်အရာကိုမဆို ဘယ်အချိန်မှာဖြစ်ဖြစ် ထင်သလိုပြုလုပ် နိုင်တဲ့ စစ်အုပ်စုဒီမိုကရေစီဖြစ်တယ်။ ဒီလိုလုပ်နိုင်ဖို့ ၂၀၀၈ အခြေခံဥပဒေကို စိတ်ကြိုက်ရေးပြီး အဓမ္မအတည်ပြုခဲ့တာဖြစ်တယ်။

စစ်အုပ်စုကိုထိပါးမယ်ဆိုရင် အနိမ့်ဆုံးအဆင့်က တောင်းပန်ရမယ်။ အမြင့်ဆုံးအဆင့်က ဖမ်းဆီးထောင်ချပစ်မယ်။

နံပတ်နှစ်က မီဒီယာပိုင်ရှင်တွေဖြစ်ပါတယ်။ သူတို့ဟာ ဒီကနေ့ မြန်မာ့မီဒီယာလောကကို လွှမ်းမိုးအုပ်စီးထားသူတွေဖြစ်ပြီး။ အဲဒီမီဒီယာတွေကို ပိုင်ဆိုင်ထားသူတွေ၊ အဓိကရှယ်ယာပိုင်ဆိုင်ထားသူတွေဟာ စစ်အုပ်စုနဲ့စစ်တပ်ခြံပေါက်တွေနဲ့ သူတို့နဲ့ အမြှီးစားဖက် ခေါင်းစားဖက်ခရိုနီတွေပဲဖြစ်တယ်။ ဒီနေရာမှာပြောနေတဲ့ မီဒီယာဆိုတာဟာ သတင်းစာ၊ တီဗွီ၊ ရေဒီယို စတဲ့ (the mass media) ကို ဆိုလိုတာပါ။ ဒါတွေအားလုံးကို သူတို့ချုပ်ကိုင်ထားတာပါ။ ဆဲဗင်းဒေးသတင်းစာပိုင်ရှင်ရဲ့ဖခင်ဟာ (နအဖ) စစ်အစိုးရခေတ်မှာ ဗိုလ်ခင် ညွန့်နဲ့တွဲပြီး အင်မတန်တွင်ကျယ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။

(MJN) က ထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာ “ မီဒီယာပိုင်ရှင်များကလည်း ၎င်းတို့၏ အကျိုးစီးပွားနှင့်ပတ်သက်လာ လျှင် သတင်းလွတ်လပ်ခွင့်နှင့်သတင်းစာတိုက်၏ဂုဏ်သိက္ခာတို့ကို မငဲ့ကွက်ဘဲ သတင်းစာဆရာများ၏ သတင်းစီမံခန့်ခွဲမှုနှင့်သတင်းစာ အာဘော်ကို ဝင်ရောက်စွက်ဖက်သည်ဟု သုံးသပ်ပါသည်” တဲ့။

တိုက်ပိုင်တွေဟာ စစ်အာဏာပိုင်တွေရဲ့တမျက်နှာကိုသာကြည့်ကြသူတွေပါကလား။ “သတင်းလွတ်လပ်ခွင့်၊ သတင်းစာပညာ ၊သတင်းစာတိုက်ဂုဏ်သိက္ခာ” တို့ ဆိုသည်မှာ သူတို့အဖို့ အရေးမကြီး။ မှားမှား/မှန်မှန် စစ်ဖိနပ်ကို ဦးတိုက်တောင်းပန်ဖို့သာပဓါန။

လျစ်လျူရှုသူများ
ဒီအထဲမှာတော့ နံပတ်တစ် လျစ်လျူရှုသူက လက်ရှိ ဒီချုပ်ပါတီအစိုးရပါပဲ။

ဒီချုပ်ပါတီအစိုးရ၊ တနည်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသမီး အစိုးရအဖွဲ့ဟာ “ငရဲခွေးကြီးလွတ်နေသည်” ဆိုတဲ့ ဆောင်းပါး ဖော်ပြမှုအပေါ် ပြတ်သားစွာရပ်တည်ခဲ့တဲ့ “အယ်ဒီတာ ကိုအောင်ဆန်း” ရဲ့ လွတ်လပ်စွာရေးသားဖော်ပြခွင့်အပေါ်ရဲရဲဝံ့ဝံ့ရပ်တည်ခဲ့တဲ့။ ကိုလိုနီအာဏာပိုင်တွေကိုမကြောက်တဲ့၊ အယ်ဒီတာ့သတ္တိမျိုး ကင်းမဲ့တာတွေ့ရပါတယ်။

နံပတ်နှစ်ကတော့ စစ်တပ်ထံတောင်းပန်ရေး ဖြစ်မြောက်အောင် ဝန်ဆောင်မှုပေးရတဲ့ “ကြားပွဲစား” အနေအထားနဲ့ရပ်တည်ခဲ့ တဲ့ မြန်မာ့ မီဒီယာကောင်စီ (MMC) ပါပဲ။

မိမိတာဝန်ရှိမှုကို မသိချင်ဟန်ဆောင်နေသူ
ဒီကိစ္စမှာ အဓိကတာဝန်ရှိသူဟာ ဗိုလ်ရွှေမန်းပဲ။ သူရေးတဲ့စာအပေါ်မူတည်ပြီး ဒီကိစ္စဆင့်ပွား ဖြစ်ပေါ်လာတာပါ။ သူ့မှာ လွတ်လပ်စွာရေးသားဖော်ပြခွင့်အပေါ်၊ သတင်းစာလွတ်လပ်ခွင့်အပေါ် လေးနက်တည်ကြည်တဲ့၊လေးစားတဲ့ စိတ်ဓါတ် (စတိဖြစ်ဖြစ်/ဟန် ဆောင်ပန်ဆောင်ဖြစ်ဖြစ်) ရှိတယ်ဆိုရင် ဒီကိစ္စမှာ သူရှေ့ကထွက်ရပ်ရမှာပါ။ ဆင့်ပွားဖော်ပြတဲ့ သတင်းစာမှာတာဝန်မရှိပါဘူး။ သူ့မှာသာ အဓိကတာဝန်ရှိတယ်။ တရားစွဲချင်း စွဲရင်သူ့ကို တရားစွဲပါလို့ တာဝန်သိသိ၊ တာဝန်ရှိရှိ၊ သတ္တိရှိရှိနဲ့ ထွက်ပြီးပြောဝံ့ဆိုဝံ့ရမှာပါ။ အခု တော့ သူက တမင်တကာနှာစေးနေပါတယ်။ မသိကျိုးကျွံပြုနေပါတယ်။

“အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မလုပ်နိုင်ခြင်းဟာလည်း ကျွန်တော်တို့တွေရဲ့ပညာရည်နိမ့်ကျ နေလို့ပဲ ဖြစ်ပါတယ်” လို့ ဗိုလ်ရွှေမန်းက ပြောတာကြားလိုက်ရပါတယ်။

ဒီလိုဆိုရင်လွတ်လပ်စွာရေးသားဖော်ပြခွင့်၊သတင်းစာလွတ်လပ်ခွင့်တို့နဲ့ပတ်သက်လာရင် သူ့မှာ “သူရသတ္တိ” ကလည်း ကင်းမဲ့ ၊ ပညာရည်ကလည်း နိမ့်ကျနေဟန် တူပါရဲ့။

ကိုယ့်အစိုးရကိုယ် ကြံဖန်ပြီး ဖာထေး ကာကွယ်ချင်လို့လား (သို့တည်းမဟုတ်) ထမင်းရည်ပူလာလို့ လျှာလွှဲချင်သလားတော့ မသိပါဘူး။ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကတော့ “ဒီမိုကရေစီအပြည့်အဝမရှိသေးကြောင်း” ပြောနေပါတယ်။

သေချာတဲ့အချက်ကတော့ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ”ခြံထဲက လွတ်လပ်စွာရေးသားဖော်ပြခွင့်၊ သတင်းစာလွတ်လပ်ခွင့် (ဝါ) ဒီမိုကရေစီအခွင့်အရေးဆိုတာဟာ စစ်အုပ်စုနဲ့စစ်တပ်ကို မထိခိုက်သမျှ “လွတ်လပ်စွာဖော်ပြနိုင်ပြီး” စစ်အုပ်စုနဲ့ စစ်တပ်ကို ထိခိုက် လာရင် မှားသည်ဖြစ်စေ/မှန်သည်ဖြစ်စေ ခြွင်းချက်မရှိ “လေးစားစွာတောင်းပန်” ရမည့် အခွင့်အရေးမျှသာဖြစ်ပါကြောင်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts