ရသဆောင်းပါးစုံ

ကိုသစ် (သီတဂူ) – စစ်ပွဲတွေ ရပ်ပါတော့

သရုပ်ဖော် – ဂျော်ဒီး
 

ကိုသစ် (သီတဂူ) – စစ်ပွဲတွေ ရပ်ပါတော့ 

(မိုးမခ) ဇွန် ၂၆၊ ၂၀၁၆

ကျနော့်စိတ်ထဲတွင် အခုလောလောဆယ်ဖြစ်ပေါ်နေသော အပြင်ပြဆုံးဆန္ဒတခုမှာ ပြည်တွင်းစစ်ပွဲ တွေ အပြီးတိုင်အမြန်ဆုံးရပ်စဲစေချင်သော ဆန္ဒပင်ဖြစ်ပါသည်။ ပြည်တွင်းစစ်ကို အားမပေးပါ။ ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကျနော်တို့တိုင်းပြည်လွတ်လပ်ရေးရခဲ့တာ အားလုံး သိပြီးဖြစ်သည်။ အရှေ့တောင်အာရှတခွင် လွတ်လပ်ရေးရယူနိုင်ခဲ့သည့် တိုင်းပြည်များတွင် ကျနော်တို့တိုင်းပြည်က ပထမဦးဆုံးဖြစ်သည်။ ကျနော်တို့သည် လူညံ့များမဟုတ်ကြပါ။ ကျနော်တို့နှင့်အတူ မရှေးမနှောင်း လွတ်လပ်ရေးရယူခဲ့ကြသည့်တိုင်းပြည်အားလုံးမှာ အခုတော့ ပြည်တွင်းစစ်မီးတွေ တောက်လောင်နေ ခြင်းအလျဉ်းမရှိကြတော့။ ပြည်တွင်းစစ်မီးတွေ အကြွင်းမဲ့ ချုပ်ငြိမ်းသွားကြလေပြီ။ ကျနော်တို့မှာသာ..။

လွတ်လပ်ရေးရပြီး (၂) လကျော် အချိန်ကလေးအတွင်းမှာပင် ပြည်တွင်းစစ်ပွဲတွေ စတင်ခဲ့ခြင်း ဖြစ် သည်။ တိတိကျကျဆိုရသော် လွတ်လပ်ရေးရပြီး (၂)နှင့် (၂၄)ရက်မြောက်နေ့မှာ ပြည်တွင်းစစ်မီးက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ဇန်န၀ါရီလ (၄) ရက်နေ့မှာ လွတ်လပ်ရေးရခဲ့ပြီး မတ်လ (၂၈) ရက်နေ့ တွင် ပြည်တွင်းစစ်ပွဲတွေစတင်ဖို့ အကြောင်းဖန်လာခဲ့ပါတော့သည်။

ပြည်တွင်းစစ်သမိုင်းကို နည်းနည်းကလေးပြန်လှန်ကြည့်လိုက်တော့ ၁၉၄၈ ခုနှစ် မတ် လ (၂၈) ရက် နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၄၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့ မှာ ကရင်နီလက်နက်ကိုင်တော်လှန်ရေး၊ ၁၉၄၈ ခုနှစ် သြဂုတ်လ (၁၉)ရက် နေ့မှာ မွန်လက်နက် ကိုင်တော်လှန်ရေး၊ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ကရင်လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၅၈ ခုနှစ် မေလ(၂၁) ရက်နေ့မှာ ရှမ်းလက်နက်ကိုင်တော်လှန်ရေး၊ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ ကချင်လက်နက်ကိုင်တော်လှန်ရေး စသည်စသည်ဖြင့် တတိုင်းတပြည်လုံး နေရာစုံမှာ လူ မျိုးပေါင်းစုံရဲ့ လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့ကြပါသည်။

ဗမာပြည်ကွန်မြူနစ်ပါတီက စတင်မီးမွေးခဲ့ခြင်း ဖြစ်သည်။ ဗမာပြည်ရဲ့ကံကြမ္မာဆိုးလိုက်တာ ဟုတော့ ကံကြမ္မာကို ရိုးမယ်မဖွဲ့ချင်ပါတော့။ ကျနော်တို့လူကြီးမင်းများ၏အတ္တကြီးမားမှု၊ တကိုယ်ကောင်းဆန်မှု၊ အမြော်အမြင်နည်းပါးမှုတို့ကြောင့်သာ ပြည်တွင်းစစ်တွေ စတင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်ပြည်က တက်ဆက်ပြည်နယ်လောက်ပင် မကျယ်ဝန်းလှသည့် စတုရန်းဧရိယာ တစ်သိန်း ခြောက်သောင်းကျော်ကျော်ကလေးသာရှိသည့် ကျနော်တို့တိုင်းပြည်တွင် ဟိုယခင်နှစ်များတုန်းက တော်လှန်ရေးအဖွဲ့အစည်းပေါင်း (၁၀၀) ကျော်ရှိသည်ဟုဆိုပါသည်။ ဆောင်းပါးတပုဒ်တွင် ဖော်ပြထား သည့် အဆိုပါ တစ်ရာကျော်ရှိသည့် ရှည်လျားလှစွာသောတော်လှန်ရေးအဖွဲ့အစည်းများ စာရင်းကို ကြည့်ရင်း စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရဖူးပါသည်။ ဗုဒ္ဓဘုရားရှင်၏ အရိပ်အောက်တွင်ရှိသော ကျနော် တို့တိုင်းပြည်ကလေးတွင် တော်လှန်ရေးအဖွဲ့အစည်းတွေက များလွန်းနေပါတော့သည်။ ရန်ကို ရန်ချင်း မတုံ့နှင်းကြဖို့ ဗုဒ္ဓမြတ်စွာက အသေအချာမှာကြားခဲ့သည့်တိုင် ထေရ၀ါဒစစ်ပါသည်ဟု ကြွေးကြော် ထားသည့် ကျနော်တို့တိုင်းပြည်တွင် ရန်ကိုရန်ချင်း တုံ့နှင်းချင်သူတွေက များလိုက်တာ။

ကျနော်တို့တိုင်းပြည်သည် ထေရ၀ါဒဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သော တိုင်းပြည် ဖြစ်ပါသည်။ ကျင့်စဉ်အားဖြင့်လည်းကောင်း၊ ကျမ်းစာတိကျမှုအနေအားဖြင့်လည်းကောင်း ထေရ၀ါဒတိုင်းပြည်များ တွင် အခြားထေရ၀ါဒတိုင်းပြည်များထက် ကျနော်တို့တိုင်းပြည်က နှာတဖျားမက သာပါသည်။ ဒီ အချက်ကို အခြားတိုင်းပြည်များကလည်း လေးလေးနက်နက် လက်ခံယုံကြည်ထားကြပါသည်။ ကမ္ဘာ ကြီးရဲ့ အရှေ့အနောက် တောင်မြောက်တိုင်းပြည်များက ဗုဒ္ဓဘာသာနှင့်ပတ်သက်လာလျှင် ကျနော်တို့ တိုင်းပြည်ကို မော်ကြည့်ငေးကြည့်နေကြရပါသည်။ ကမ္ဘာပေါ်မှာ တရားရိပ်သာအများဆုံးရှိသော တိုင်း ပြည်သည် ကျနော်တို့တိုင်းပြည်ပင် ဖြစ်သည်။ ကမ္ဘာမှာ ဘယ်တိုင်းပြည်မှာမှမရှိသော ပိဋကသုံးပုံ ဆောင်ဆရာတော်ကြီးတွေ ကျနော်တို့တိုင်းပြည်မှာ အများအပြားရှိနေပါသည်။ ကမ္ဘာ့ရှားပါး စာရင်းဝင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်သည်လည်း ကျနော်တို့တိုင်းပြည်မှာ သက်ရှိထင်ရှားရှိ နေပါသည်။

သမထ ၀ိပဿနာတရားစစ်တို့ကို ကမ္ဘာကြီးကိုဖြန့်ချိနေသည့် ကျနော်တို့တိုင်းပြည်၊ ကမ္ဘာ့အငြိမ်းချမ်း ဆုံးဘာသာတရားကို ကိုးကွယ်ထားသည့်ကျနော်တို့တိုင်းပြည်၊ ထေရ၀ါဒအစစ်ဆုံး ဆိုသော ကျနော် တို့တိုင်းပြည်တွင် ပြည်တွင်းစစ်ပွဲတွေ များစွာရှိနေခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများ များစွာရှိနေ ခြင်းသည် သိပ်တော့ဆီလျော်ခြင်း မရှိလှ။ ပြည်တွင်းစစ်ပွဲများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ တည်ရှိ နေခြင်းသည် ကျနော်တို့တိုင်းပြည်၊ ကျနော်တို့လူမျိုးကို ရုပ်ဆိုးအကျည်းတန်စေပါတော့သည်။ ကမ္ဘာ ကြီးက ကျနော်တို့လူမျိုးကို ရန်လိုတတ်သောလူမျိုးဟု အထင်မရောက်စေလို။ စစ်ပွဲတွေရပ်ဖို့ လိုပါ သည်။ အမှန်တကယ်တော့ ကျနော်တို့တိုင်းပြည်သည် ဗြဟ္မစိုရ်တရားများဖြင့် အတည်ငြိမ်ဆုံး၊ အအေး ချမ်းဆုံး၊ အငြိမ်းချမ်းဆုံး တိုင်းပြည်တခုသာ ဖြစ်သင့်လှပေသည်။ အခုချိန်ထိတော့ သေနတ်သံများကို ကြားနေရဆဲဖြစ်သည်။

တိုက်ပွဲတွေဆင်နွှဲနေသည့် နေရာဒေသတွေကို ကြည့်ပါဦး။ ပြည်တွင်းစစ်ကြောင့် ပညာရေးတွေ အနိမ့် ဆုံးကို ရောက်ခဲ့ပြီးပြီ။ ပြည်တွင်းစစ်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပျက်သုံးခဲ့ကြပြီးပြီ။ ပြည် တွင်းစစ်ကြောင့် ကိုယ်ယုံကြည်ရာ ဘာသာတရားတို့ မှေးမှိန်ခဲ့ကြရပြီးပြီ။ ပြည်တွင်းစစ်ကြောင့် စီးပွား ရေးတွေ အဖတ်ဆယ်မရ၊ စားစရာပင်မရှိအောင် မွဲပြာကျခဲ့ရပြီးပြီ။ ပြည်တွင်းစစ်ကြောင့် ဘာတွေများ ကောင်းတာဖြစ်ထွန်းခဲ့လို့လဲ။

ပြည်တွင်းစစ်က အိုးမဲ့အိမ်မဲ့တွေကို မွေးဖွားပေးခဲ့ပြီးပြီ။ ခြေပြတ်လက်ပြတ်တွေကို ဖြစ်စေခဲ့ပြီ။ ပြည် တွင်းစစ်က သားကွဲမယားကွဲ ဆွေကွဲမျိုးကွဲတွေကို ဖန်တီးပေးခဲ့ပြီ။ ပြည်တွင်းစစ်က မိဘမဲ့တွေကို ဖြစ် ပေါ်စေခဲ့ပြီ။ ပြည်တွင်းစစ်က ကလေးသူငယ်တွေကို အနာတရတွေ ဖြစ်စေခဲ့ပြီးပြီ။ ပြည်တွင်းစစ်က သားသမီးတွေကို နေ့မြင်ညပျောက် ဒုက္ခတွေ အတိရောက်စေခဲ့ပြီးပြီ။ ပြည်တွင်းစစ်က အကြောက် တရားတွေကို ပေးခဲ့ပြီးပြီ။ ပြည်တွင်းစစ်က ကျနော်တို့ရဲ့ညီအကိုမောင်နှမတွေ၊ ကျနော်တို့ မိဘဘိုး ဘွားတွေကို ဘာတွေများ ကောင်းကျိုးပေးခဲ့လို့လဲ။ ပြည်တွင်းစစ်ဆိုသည်မှာ ကျနော်တို့ တိုင်းရင်း သားညီအကိုအချင်းချင်း ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေကြခြင်းသာ ဖြစ်ပါသည်။ ထို့ထက် ဘာမှ မပို ပါ။ တွေးနေမိသည်မှာ ကြာပေပြီ။ ကျနော်တို့ အခုချိန်ထိ ဘာကြောင့် မငြိမ်းချမ်းနိုင်ကြသေး တာလဲ….။ ပြည်တွင်းစစ်ကြောင့် ခေါင်းဆောင်တချို့ အကျိုးအမြတ် ရချင်ရနိုင်ပါလိမ့်မည်။ သို့သော် အများစုအတွက်တော့ အနှုတ်လက္ခဏာပင် ဖြစ်သည်။

 ထို့ကြောင့် တိုင်းပြည်နဲ့လူမျိုးရဲ့အနာဂတ်ကို မျှော်တွေးလို့ ဆရာတော်သံဃာတော်များသည် ပြည်တွင်းစစ်ပွဲတွေရပ်ဖို့ အင်တိုက်အားတိုက် ဟော ပြောကြဖို့ အချိန်သင့်ပေပြီ။
တိုင်းပြည်တွင်း ထင်ရှားကျော်ကြားသည့် နိုင်ငံရေးသမားများ၊ အနုပညာ ရှင်များ၊ စာရေးဆရာ ကဗျာဆရာ၊ ပန်းချီဆရာ စသည့် စာရေးစာချီ အနုပညာသမားများအနေဖြင့် ပြည်တွင်းစစ်ပွဲတွေရပ်ဖို့ လှုံဆော်တိုက်တွန်းကြဖို့ လိုပါသည်။
 ပြည်သူတွေကိုယ်တိုင်က ပြည်တွင်းစစ် ကို ခါးခါးသီးသီးငြင်းပယ်ပြလိုက်လျှင် အထိရောက်ဆုံးပင် ဖြစ်ပါသည်။ ပြည်သူက ရွေးချယ်တင် မြှောက်ထားသည့် အစိုးရအနေဖြင့် ပြည်တွင်းစစ်မီး အကြွင်းမဲ့ချုပ်ငြိမ်းရေးကို အမြန်ဆုံး ကြိုးပမ်းပေး စေချင်ပါသည်။ ဒီနေရာကနေ တကိုယ်တော် ဆန္ဒဖော်ထုတ်ရရင်ဖြင့်… ပြည်တွင်းစစ်ကို အားမပေးပါ။ စစ်ပွဲတွေ ရပ်ပါတော့။

ဘာသာတရားရဲ့အရိပ်အောက်မှာ ကျနော်တို့ အေးချမ်းသင့်လှပြီ။ ကျနော်တို့ လူမျိုးများသည် ရန်လို သောသူများမဟုတ်ကြောင်း သက်သေပြသင့်ပေပြီ။ ကျနော်တို့လူမျိုးသည် ဗြဟ္မစိုရ်တရားများဖြင့် ရှင် သန်ကြီးပြင်းခဲ့ကြသည့်လူမျိုးများဖြစ်ပါသည်။ သို့သော် ကျနော်တို့ရဲ့ ရင်ထဲနှလုံးသားထဲမှာ တကယ် ရော ဗြဟ္မစိုရ်တရားတွေ ရှင်သန်နေကြပါရဲ့လား။ ကျနော်တို့လူမျိုးများသည် ယဉ်ကျေးဖော်ရွေသော လူမျိုးများ ဖြစ်သည်ဟုဆိုပါသည်။ ကျနော်တို့ အမှန်တကယ်ရော ယဉ်ကျေးသိမ်မွေ့ကြပါရဲ့လား။ ကျနော်တို့ စာများများဖတ်ဖို့ လိုပါမည်။ ကျနော်တို့ ခရီးများများသွားဖို့ လိုအပ်ပါလိမ့်မည်။ ကျနော်တို့ ၀ါးလုံးခေါင်းထဲမှာ လသာနေဖို့ အချိန်မဟုတ်တော့။ ကျနော်တို့ ဒီထက်ပို၍ မျက်စိတွေကြီး၊ နားတွေ ကြီးရပေဦးတော့မည်။ ကျနော့်ကို ကိုယ်တိုင်က ဘာမှအဖြစ်မှမရှိဘဲနဲ့ အဆိုးတွေကိုချည်းပဲကွက်ပြီး မြင်နေတတ်သည့်အဆိုးမြင်ဝါဒီတဦးရယ်လို့ စွပ်စွဲနှိပ်ကွပ်ချင်တယ်ဆိုရင်ဖြင့် ယခုချိန်သည် အကောင်း ဆုံးအချိန်ပင် ဖြစ်ပါသည်။ အားမနာတမ်းသာ ပြောကြပါတော့။

ကျနော့်ရင်မှာတော့ဖြင့် ဖြစ်စေချင် မြင်စေချင်တဲ့ စေတနာသန့်သန့်နဲ့ရယ်ပါဗျာ။

ကိုသစ် (သီတဂူ)

၆၊၂၄၊၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကိုသစ် (သီတဂူ) – စစ်ပွဲတွေ ရပ်ပါတော့
  1. မြန်မာပြည်လွတ်လပ်ရေးမရမီကတည်းကသူပုန်များရှိနေပါပြီ။

    (၁) ရခိုင်ပြည်မြောက်ပိုင်းရှိ စစ်တကောင်းသားဘင်္ဂလီကုလားများသည် မြန်မာပြည်လွတ်လပ်ရေးမရမီ အင်္ဂလိပ်ဘုရင်ခံ Sir Hubert Rance ၏လက်ထက်တွင်ပင် တောခိုသွားကြပြီး သူတို့ ကိုယ်ကို သူတို့ ’မူ ဂျာဟစ်’ (ဘာသာရေးစစ်ပွဲဆင်နွဲသူ) များဟုခေါ်ကြပါသည်။ ၎င်းမူဂျာဟစ်များကို ဗြိတိသျှစစ်ဗိုလ် Roger Campagnac ရောဂျာ ကန်ပက်ညက် ဦးဆောင်သော မြန်မာတပ်များက တိုက်ခဲ့ရပါသည်။ NLD နာယကကြီး ဦးတင်ဦး မှာ ထိုစဉ်က ဗိုလ်သင်တန်းဆင်းစ အရာရှိပေါက်စ ဖြစ်ပါသည်။

    (၂) သခင်စိုးကြီးနှင့်အလံနီပါတီသည်လည်း မြန်မာပြည်လွတ်လပ်ရေးမရမီ ကပင်မတရားအသင်းဖြစ်နေ၍သူပုန်ဖြစ်နေပါပြီ။

Comments are closed.