သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – မြစ်ကြီးနားမှ မောင်ဂွမ်ဆိုင်းအောင် သေဆုံးမှုနှင့် ပတ်သက်၍

မောင်မောင်စိုး –  မြစ်ကြီးနားမှ မောင်ဂွမ်ဆိုင်းအောင် သေဆုံးမှုနှင့် ပတ်သက်၍
 မိုးမခ၊ ဇွန် ၂၄၊ ၂၀၁၆

၁ ။ မြစ်ကြီးနားမြို့မှ တက္ကသိုလ်ကျောင်းသား မောင်ဂွမ်ဆိုင်းအောင်သည် ၂၀၁၆ ဇွန်လ ၂၁ ညက သေနတ်မှန်၍ သေဆုံးမှု ဖြစ်ပွါးခဲ့သည်။

၂။ အချို့သတင်းဖေါ်ပြချက်အရ မောင်ဂွမ်ဆိုင်းအောင်သည် လုံခြုံရေးတာဝန် ယူထားသော တပ်မတော်သားတစ်ဦး၏ သေနတ်အား ဝင်လုရင်းကျည် ထွက်၍ သေဆုံး သည်ဟုဆိုပါသည်။

၃။ အချို့ သတင်းများအရ လူငယ်၎ ဦးအား မောင်ဂွမ်ဆိုင်းအောင်အပါ အခြား လူငယ် ၈ ဦးမှ လိုက်လံနှောက်ယှက်နေ၍ ဗလမင်းထင်တံတားတွင် တာဝန်ကျနေသော ရဲဘော် ၂ ဦးမှ လိုက်ပို့သည်ဟုဆိုသည်။ သီတာရပ်ကွက် အရောက်တွင် ဆီကုန်၍ ဆီထည့်နေစဉ်တွင် ဂွမ်ဆိုင်းအောင်တို့မှ သေနတ်ကိုင်ထားသူ ရဲဘော်အား ဝင်ရောက်တိုက်ခိုက်ရာမှ ကျည်ထွက်ပြီး
ဂွမ်ဆိုင်းအောင် သေဆုံးသည်ဟုဆိုပါသည်။

၎။ နောက်သတင်းတခုအရ နှောက်ယှက်ခံရသော လူငယ်များအား ပို့ပြီး အပြန်တွင် ဝင်ရောက်တိုက်ခိုက်ခံရသဖြင့် သေနတ်ကျည်ထွက်ပြီး သေသည် ဟုဆိုသည်။ ဖြစ်စဉ်ကွဲလွဲမှု ရှိသည်။ သေနတ်လု၍ ကျည်ထွက်သည်က တော့ အတူတူဖြစ်သည်။

၅။ သေနတ်ကျည်ထွက်သည့်ကိစ္စနှင့်ပတ်သက်လျင် စဉ်းစားတွက်ဆစရာ များစွာရှိသည်။ သေနတ်တလက်ကျည်ထွက်ရန် ကျည်ထိုးထားရန်လိုသည်။ မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားတွင် လုံခြုံရေးတာဝန်ယူထားသူများ သည် သေနတ်အား ကျည်ထိုးထားရန်လိုအပ်ပါသလော။ အကူအညီ တောင်းသည့် လူငယ် ၄ ဦးအား လိုက်ပို့ရုံနှင့် ကျည်ထိုးရန် လိုအပ်ပါ သလော။

၆။ သေနတ် ကျည်ထိုးထားသူသည် လုံခြုံ ရေးခလုတ် safe မပိတ်ထားသလော။ ကျည်ထိုးပြီး safe မပိတ်ဘဲ stand by အနေအထားဖြင့် လိုက်ပို့ သည်မှာ ဖြစ်နိုင်ပါသည်လော။

၇။ သေနတ်ကျည်ဆံ ၃ တောင့်ထွက်သည်ဟုဆိုပါသည်။ safe ဖွင့်ထားလျင်တောင် ကျည်ထွက်ခလုတ်အား တတောင့်ချင်းနှင့် auto ခလုတ်ခွဲဖွင့်ရန် လိုသည်။ သာမန်အချိန်တွင် မည်သူမဆို တတောင့်ချင်း semi-auto စနစ်တွင်ထားလေ့ရှိသည်။

၈။ ကျည် ၃ တောင့်ထွက်ရန် တတောင့်ချင်းခလုတ်ထားက မောင်း ၃ ခါဆွဲရမည်ဖြစ်ပြီး auto ထားပါက တချက်ဆွဲရုံနှင့် အတွဲလိုက်ထွက်ပါသည်။

၉။ auto ထား၍ တချက်ဆွဲပါက ၃ တောင့်နှင့်ရပ်ရန်ခက်သည် ။ လက်အချိန်အဆ လိုသည်။ ယခုလို ရုန်းရင်းကန်ရင်းမဆိုထားနှင့် ချိန်ဆပြီး လက်ကုတ် ကုတ်လျင်ပင် ၃ တောင့်မက ထွက်ပါသည်။

၁၀။ ထို့ကြောင့် အမေရိကန်ထုတ် M 18 များတွင် တတောင့်ချင်းခလုတ် auto ခလုတ်အပြင် ၃ တောင့် တတွဲ ခလုတ်အပိုထပ်ထည့်ပါသည်။ တိုက်ပွဲများ တွင် ကျည်ကုန် သက်သာရန်ဖြစ်ပါသည်။

၁၁။ အကယ်၍ auto မထွက်ပါက တတောင့်ချင်း ၃ ခါ မောင်းဆွဲရမည်ဖြစ်ပါသည်။ သေဆုံးသူမှာ လုယက်သူမှန်ပါက သေနတ်တချက်မှန်ပြီး ဆက် လုနိုင်ပါမည်လော စဉ်းစားဘွယ်ဖြစ်သည်။

၁၂။ သေဆုံးသူအား သေနတ်မှန်ထားသည်မှာ နောက်ကျောမှ ဖြစ်ရာမျက်နှာချင်းဆိုင်မှ သေနတ်လုလေ့ရှိပြီး ကျောပေးပြီးသေနတ်လုလေ့မရှိရာ
သေနတ်မှန်ပုံအား လေ့လာရန်လိုသည်။

၁၃။ လိုက်ပို့ခိုင်းရန် မှန်ကန်သည်ဟု ရဲစခန်းတွင်ထွက်ဆိုသည့် လူငယ် ၄ ဦးသည် ဖြစ်ပွါးစဉ် မျက်မြင်သက်သေဟု ရဲစခန်းတွင် ထွက်ဆိုခြင်းမရှိပါ။ ထို့ပြင် နှောက်ယှက်သူ လူငယ် ၈ ဦးဟုဆိုသော်လည်း ကျန် ၇ ဦးမှာ မည်သုများဖြစ်သည်ဆိုသည်မှ ယခုထိ မသိသေးပါ။

၁၄။ ၎င်းဖြစ်ရပ်ဖြစ်ပွါးစဉ် မြစ်ကြီးနားမြို့ တွင် လူငယ်အချို့ ညဆိုလျင် မူးယစ်၍ ဆိုင်ကယ်နှင့် လှည့်ပတ်သောင်းကျန်းသည်ဟုဆိုပါသည်။ သို့သော် မှု ခင်းတခုဖြစ်လျင် ဝါးလုံးရှည်နှင့် ရမ်း၍မရပါ။ တိကျသေချာသော  အချက်အလက်လိုပါသည်။

၁၅။ မည်သူမှန်သည် မှားသည်ဆိုသည်ကို သေချာစစ်ဆေးရန်လိုပါသည်။ သေနတ်ဝင်လု၍ ထိုးကြိတ်ဒဏ်ရာများရှိသည်ဆိုကြသည်။ သေဆုံးသူတွင်ရော သေနတ်ထွက်သူတွင်ပါ ထိုဒဏ်ရာရှိမရှိ ဖြစ်ပွါးစဉ်ကထဲက  အများသူငါ လက်ခံသော  ဆရာဝန်ထံတွင် ဆေးစစ်ချက်ယူရန် လိုပါသည်။

၁၆။ သေဆုံးသူ၏ မိဘ ဆွေးမျိုးများအား အလောင်းကြည့်ရန် ည ၁ နာရီထိ စောင့်သော်လည်း တွေ့ခွင့်မရ။ မနက် ၉ နာရီ မှ လာကြည့်ချိန်းဆိုသည်မှာ၎င်း လူတယောက်သေဆုံးလျင် ဆွေမျိုးသားချင်းတယောက်အား ခေါ်ယူ၍ ချက်ခြင်းတည်မပြု သည်မှာ၎င်းထူးဆန်းသည်ဟု ဆိုရပါမည်။

၁၇။ အဆိုပါဖြစ်စဉ် ဖြစ်ပြီး အမှန်အမှားမကွဲစဉ် ရဲစစ်ချက်သော်၎င်း တရားရုံးဆုံးဖြတ်ချက်သော်၎င်း မထွက်မှီ ရဲပုဒ်မ ၃၀၄ လူသေမှုဖြင့် အမှု ဖွင့် ထားသော ထိုစစ်သည် မှန်သည်ဟု၎င်း ချက်ခြင်း ဒုတပ်ကြပ်တိုးပေးသင့်သည်ဟူ၍၎င်း online ပေါ်တွင် ပြောဆိုနေကြမှု များသည် ထူးဆန်း
သည်ဟုဆိုရမည်။

၁၈။ သေနတ် ကိုင်ထားသော စစ်သားလက်မှ သေနတ်လု၍ ကျည်ထွက်၍  သေသူမှာ အနီးခေတ်တွင် ကိုပါကြီးပြီးလျင် ဂွမ်ဆန်အောင်ဟု ဆိုရမည်။  သေနတ်ကိုင်ထားသူလက်ထဲမှ သေနတ်ဝင်လုသည့် အလွန့်ပင်ရှားပါး သည့်ဖြစ်စဉ်ဟုဆိုရပါမည်။

၁၉။ လိုအပ်သည်မှာ ပွင့်လင်းသည့် စုံစမ်းဖေါ်ထုတ်မှု နှင့် တရားစီရင်ရေးဖြစ်ပါသည်။ အမှန် အမှားခွဲခြားဖို့ဖြစ်သည်။ ပွင့်လင်းမြင်သာမှု မရှိက သံသယအကျိုးခံစားကြရမည်ဖြစ်ပါသည်။

၂၀။ လိုအပ်သည်မှာ တရားမျှတမှု ဖြစ်ပါသည်။ အင်္ဂလိပ်လိုတော့ Justice ဟုခေါ်ပါသည်။ တရားဥပဒေအထက်တွင် မည်သူမျှ မရှိဟုလည်းဆိုကြ ပါသည်။

(သတင်းစာဖြတ်ပိုင်းများ၊ ထုတ်ပြန်ချက်များ)

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts