ရသဆောင်းပါးစုံ မောင်မိုးသူ

ဦးဝင်းတင်ဖောင်ဒေးရှင်း နှင့် မောင်မိုးသူ

      ဦးဝင်းတင်ဖောင်ဒေးရှင်း
နှင့် မောင်မိုးသူ
 
မောင်မိုးသူ
(သံတော်ဆင့်ဂျာနယ်တွင် ပါရှိဖော်ပြပြီး။)
မိုးမခ   ဇွန် ၂၂ -၂၀၁၆
 
 
 
          ဇွန် ၁၂ ရက်နေ့ – တော်ဝင်နှင်းဆီငြိမ်းချမ်းခန်းမမှာ
ဦးဝင်းတင်ဖောင်ဒေးရှင်းက ၂၅ ကြိမ်မြောက် နိုင်ငံရေးအကျဉ်းသားများ၊ အကျဉ်းသားဟောင်းများနှင့်
ဘ၀တူစာနယ်ဇင်းက ပုဂ္ဂိုလ်များကို ထောက်ပံ့ကူညီမှု အခမ်းအနားကျင်းပပါတယ်။ ပုံမှန် အဲဒီအခမ်းအနားတွေမှာ
အန်ကယ်ဦးတင်ဦးက သဘာပတိပြုလုပ်နေကျပါ။ ဒီနေ့တော့ အန်ကယ်ဦးတင်ဦးရဲ့ မြေး မင်္ဂလာဆွမ်းကျွေးရှိလို့
အန်ကယ်မလာနိုင်လို့ မောင်မိုးသူ သဘာပတိလုပ်ရပါတယ်။ သဘာပတိလုပ်ရတော့ အဖွင့်မိန့်ခွန်းလည်းပြောရ၊
အပိတ်မိန့်ခွန်းလည်းပြောရ လုပ်ရတော့တာပေါ့။ ခြေထောက်တွေ သိပ်မခိုင်တော့တဲ့ မောင်မိုးသူ
ဟာ သဘာပတိအဖွင့်နှင့် အပိတ်မိန့်ခွန်းတွေကို တိုတိုပဲ ထိုင်လျက်ပြောရပေမယ့် အလှူငွေပေးအပ်တာတို့၊
အလှူရှင်များ ဂုဏ်ပြုလွှာပေးအပ်ခြင်းများကိုတော့ မတ်တပ်ရပ်ပြီး ပေးရတာပေါ့လေ။
          ဦးဝင်းတင်ဖောင်ဒေးရှင်း ဖြစ်ပေါ်လာပုံကို
ပြန်စဉ်းစားကြည့်မိပါတယ်။ မှတ်မှတ်ရရ ကြေးမုံကိုစိုးနိုင် ရဲ့ မွေးနေ့ပွဲကို သူ့သားမောင်မောင်နိုင်
က ကျုံဝါမှာ လုပ်ပေးတာပါ။ ညစာစားပွဲပါပဲ။ အဓိကအားဖြင့် ကိုစိုးနိုင် ရဲ့ ဆရာဘော်ဒါ
ဦးဝင်းတင်ရဲ့ အပေါင်းအသင်းတွေချည်းပါပဲ။ အဲဒီညစာစားပွဲမှာ မောင်ဝံသလည်း တက်တယ်။ မောင်ဝံသက
ဦးဝင်းတင်ကို ဆရာက ရသမျှပိုက်ဆံတွေကို ဒီအတိုင်းပေးလှူမည့်အစား နိုင်ငံတကာကပါ လှူဒါန်းချင်တာတွေ
ရှိလို့ ဖောင်ဒေးရှင်းထောင်ပါ။ ကျနော် လုပ်ပေးပါ့မယ်ဆိုတာနဲ့ ဦးဝင်းတင်ဖောင်ဒေးရှင်းဆိုသဟာ
ထောင်လိုက်ကြပါတယ်။ မောင်ဝံသ ခေါ်လာတဲ့ ကျော်အောင်က အတွင်းရေးမှူးသဘောပေါ့။ ကျန်တဲ့
ဦးဝင်းတင်ရဲ့ အပေါင်းအသင်းများဖြစ်တဲ့ ဦးပေါ်၊ ဦးအုန်းထွန်း၊ ဦးသာဘန်း၊ဦးမောင်မောင်ခင်၊ဦးမိုးသူ  တို့က နာယကပေါ့လေ။
          နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားဟောင်းများကို
စာရင်းပြုစု သွားရောက်စစ်ဆေးကြရတာက နိုင်ကျဉ်းအဖွဲ့၊ အင်န်အယ်လ်ဒီ လူမှုထောက်ပံ့ရေးအဖွဲ့၊
ရှစ်လေးလုံးပွင့်လင်းအဖွဲ့၊ ဖောင်ဒေးရှင်းကလူတွေ စုပြီး စစ်ဆေးပြီး တင်ပြကြလုပ်ရပါတယ်။
အခုဆိုရင် ၂၅ကြိမ်မြောက်ရှိခဲ့ပါပြီ။ အကျဉ်းသားများရော ၊အကျဉ်းသားဟောင်းတွေရော ၊ ဘ၀တူအနုပညာသမားများစွာကို
ကူညီထောက်ပံ့နိုင်ခဲ့ပါတယ်။
          အရင်က ၂ လတကြိမ် ကျင်းပရာက ဦးဝင်းတင်မွေးနေ့
မတ်လ ၁၂ရက်နေ့မှာ လုပ်ဖို့အတွက် ၃လ ဖြစ်သွားပါတယ်။မတ်လ ၁၂ရက်နေ့က ၃လပြည့်တဲ့ ဇွန်လ
၁၂ ရက်နေ့မှာ ၂၅ ကြိမ်မြောက် ပြုလုပ်ရတာပါ။
          ဦးဝင်းတင်ကွယ်လွန်တာပဲ ၂ နှစ်ရှိခဲ့ပြီ
ဖြစ်ပါတယ်။ ဦးဝင်းတင်ရှိစဉ်က သဘာပတိက ဦးတင်ဦးနှင့် ဦးဝင်းတင်ပေါ့။ ဦးဝင်းတင် မရှိတော့
ဦးတင်ဦးက သဘာပတိလုပ်ပေးပါတယ်။ ဦးတင်ဦးက ဦးဝင်းတင်ဟာ အင်န်အယ်လ်ဒီ အတွက် စွမ်းစွမ်းတမံ
ဆောင်ရွက်ခဲ့သူဖြစ်လို့ ဦးဝင်းတင်အမှတ်တရ အဆောက်အအုံ၊ဦးဝင်းတင်အမှတ်တရ ပစ္စည်းတွေနှင့်
ဦးဝင်းတင်ရေးသားပြုစုခဲ့တဲ့ စာအုပ်စာတမ်းတွေ ပြုစုပြီး ပြတိုက်လုပ်ဖို့ ဆန္ဒရှိပါတယ်။
ဒါပေမဲ့ မလုပ်ဖြစ်သေး၊ မလုပ်နိုင်သေးဘူးပေါ့။
          ဦးဝင်းတင်ဖောင်ဒေးရှင်းဆိုပြီး ဖွဲ့ထားပေမယ့်
ဦးဝင်းတင် ရှိစဉ်ကတည်းက ယခင်အစိုးရခေတ်မှာ မှတ်ပုံမတင်ခဲ့ကြပါဘူး။ ဦးဝင်းတင် ကွယ်လွန်ပြီးခါမှ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ပြီမို့ ဖောင်ဒေးရှင်းမှတ်ပုံတင်ကြဖို့
ရှေ့နေနှစ်ဦးဖြစ်တဲ့ ဦးတင်စိန်၊ဦးကိုနီတို့ကို တာဝန်ပေးထားပါတယ်။ ရှေ့နေကြီးနှစ်ဦးကလည်း
အလုပ်များ တာဝန်ကြီးလို့ အခုထိတော့ မှတ်ပုံမတင်ရသေးပါဘူး။  ၁ လ၊ ၂ လ အတွင်း မှတ်ပုံတင်ဖြစ်မှာပါ။ ၂၅ ကြိမ်မြောက်
အလှူ ပေးအပ်ပွဲပြီးလို့ မီဒီယာတွေက မောင်မိုးသူကို အင်တာဗျူးပါတော့တယ်။ အရင် အန်ကယ်ဦးတင်ဦး
သဘာပတိလုပ်တဲ့အခါများမှာတော့ အန်ကယ်က ပြောရရှာတာပေါ့။ အန်ကယ်မတက်နိုင်တဲ့ ဒီပွဲမှာ
ရှောင်မပြေးနိုင်တဲ့ မောင်မိုးသူက အင်တာဗျူးတွေ ဖြေရပါတယ်။
          မေးကြသူများက အရင် ၂ တကြိမ် လုပ်ရာက အခု
၃ လတကြိမ် ဘာလို့ဖြစ်သွားရတာလဲဆိုတော့ ဦးဝင်းတင် မွေးနေ့ကို အကြောင်းပြုပြီး ဖြစ်သွားရတာပါလို့
ပြောရပါတယ်။ဒီမေးခွန်းက ပြဿနာ မဟုတ်ပါဘူး။
          နောက် မေးခွန်းက ပြဿနာခင်ဗျ။
          နိုင်ငံရေးအကျဉ်းသားတွေ ရှိသေးသလား။ ဘာလို့
ရှိနေသေးတာလဲတဲ့။ အတော်ဖြေရခက်တဲ့ မေးခွန်းပဲ၊ မတတ်သာတော့ မောင်မိုးသူ လည်း ပြည်ထဲရေးဝန်ကြီးဌာနက
ကာကွယ်ရေးလက်အောက် မှာ ရှိနေလေတော့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိနေရဦးမှာပေါ့လို့
ဖြေရပါတယ်။
          ဒီ့ထက်ဆိုးတာက အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စကို
ဘယ်လိုသဘောထားသလဲ၊ ၂၁ ရာစု ဒုတိယပင်လုံညီလာခံ အပေါ် ဘယ်လိမြင်သလဲဆိုတာမျိုးတွေပေါ့။
          အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးပြီးသားအဖွဲ့တွေနှင့်
မူဘောင်တွေ ချမှတ်ဆွေးနွေးနေပြီး  လက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့များလည်း
ရှိနေသေးလို့ ဒေါက်တာတင်မျိုးဝင်းကို စေလွှတ်ဆွေးနွေးနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က
တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဖို့ ကမ်းလှမ်းထားကြောင်း ကြားသိရသမျှကို
ပြောရပါတယ်။ ကိုယ်ပိုင်ထင်မြင်ချက်များ ပေးဖို့ကတော့ မဖြစ် နိုင်ဘူးလေ။
          အဲ…ဦးဝင်းတင်ဖောင်ဒေးရှင်း ရန်ပုံငွေများလည်း
ဦးဝင်းတင်ကွယ်လွန်ပြီးနောက် နည်းပါးသွားကြောင်း ပြောဖြစ်ပါတယ်။ လက်ရှိရန်ပုံငွေများကို
ဘဏ်မှာ ပုံသေအပ်နှံမှုတမျိုး၊ လတ်တလော အသုံးစာရင်း ဖွင့်တာတမျိုး  ၂မျိုးခွဲပြီး ဦးအုန်းထွန်း နှင့် ဦးမိုးသူတို့
လက်မှတ်ထိုးပြီး အပ်နှံလာကြောင်း ပြောပါတယ်။
          ဖောင်ဒေးရှင်း မှတ်ပုံတင်တော့မယ်ဆိုတာရယ်၊
ရန်ပုံငွေနည်းလာနေပြီဆိုတဲ့ သတင်းကြောင့် ပြည်တွင်းပြည်ပက အလှူရှင်များ ဆက်သွယ်လာကြတာတွေ့ရပါတယ်။
          ဦးဝင်းတင်ဖောင်ဒေးရှင်းဟာ ဆက်လက်ရှင်သန်ရဦးမှာ
ဖြစ်တဲ့အတွက် လုပ်နိုင် ကိုင်နိုင်တဲ့ လုပ်အားရှိတဲ့လူလတ်ပိုင်း လူငယ်ပိုင်းတွေဟာ ဆက်လက်လုပ်ကိုင်ကြရမှာလေ။
ဦးဝင်းတင်ရဲ့ ဘော်ဒါတွေဖြစ်တဲ့ ဦးပေါ် ၉၀ ကျော်ပြီး မလာနိုင်တော့ဘူး။ ဦးသာဘန်း ကွယ်လွန်သွားပြီ။
ဦးမောင်မောင်ခင်က အမေရိကန်ကို လိုက်သွားတယ်။ ဒီမှာက ဦးအုန်းထွန်းနှင့် ဦးမိုးသူပဲ
ကျန်တော့တာ။ ဦးအုန်းထွန်းက ၈၆၊၈၇၊ မောင်မိုးသူက ၇၉-၈၀ ကြီးကြပြီ။
          လုပ်စရာ အလုပ်တွေက ရှိလေသေး။
          လုပ်နိုင်သမျှကတော့ ဦးဝင်းတင်ရဲ့ ဆောင်ပုဒ်အတိုင်း
ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကို လျှောက်နေကြရပေဦးမှာပေါ့။
          ဦးဝင်းတင်ဖောင်ဒေးရှင်းနှင့် မောင်မိုးသူပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts