ရသဆောင်းပါးစုံ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး ● လမ်းပေါ်ကဘဝများ

ငြိမ်းချမ်းအေး ● လမ်းပေါ်ကဘဝများ

(မိုးမခ) ဇွန် ၁၉၊ ၂၀၁၆
 

ဂီတစာဆို စောဘွဲ့မှူးရဲ့ ဆိုးပေလို ကလေးတွေရဲ့ ဘဝများအတွက် ဖခင်ကောင်းတွေ လိုပါတယ်။  စနစ်ကောင်း တခုလည်း လိုပါတယ်။  ဖခင်များနေ့ကို အမှတ်တရ ဂုဏ်ပြုကြရင် တိုင်းပြည်အနှံ့ လမ်းမတွေ ပေါ်က ဆိုးပေတွေကိုလည်း သတိရကြစေ ချင်ပါတယ်။  မညီမျှတဲ့ ကျား-မ စနစ်၊ ပစ္စည်းရှိ ပစ္စည်းမဲ လူ့ဘောင် လောက စနစ်ကို မတော်လှန်နိုင်ရင်တောင် တနိုင် ပြုပြင်ရာမှာ ပါဝင်ဖို့ တိုက်တွန်းပါတယ်။

လင်ကောင် မပေါ်တဲ့၊ အဖေ မရှိတဲ့ ကလေး ဆိုတာ မရှိပါ။  လင်တွေ၊ ဖခင်တွေ တာဝန်ယူမှု မရှိ၊ စွန့်ပစ် ရှောင်ခွာခြင်းခံရတဲ့ အမျိုးသမီးနဲ့ ကလေးဆိုတာပဲ ရှိပါတယ်။

မိဘမဲ့၊ အဖေ မဲ့၊ တဦးတည်း မိခင် ဘဝ၊ အိမ်တွင်းအကြမ်းဖက်မှု၊ ကလေးသူငယ် နဲ့ အမျိုးသမီးများ ညဉ်းပန်းနှိပ်စက်ခံရမှု၊ မိသားစု ဘဝ လုံခြုံ သမမျှတ ရရှိရေး အားလုံးဟာ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း တည်မှီတဲ့ လောကပါလတရားများ ရှင်သန်ရာ လူမှု၊ စီးပွား၊ နိုင်ငံရေး  နောက်ခံ စနစ်ကောင်း တခု လိုတာ မှန်ပါတယ်။

ဒါပေမယ့် လူတဦးချင်းဆီမှာလည်း တရားမျှတမှုကို လိုလားတဲ့စိတ်နဲ့ တာဝန်ယူစိတ် ကိန်းအောင်းနေဖို့ လိုပါတယ်။  အထူး သဖြင့် လုပ်ချင်ရာလုပ်ပြီး ယောက်ျားပဲကွဆိုကာ ပေယျာလကန် ပြုချင်တဲ့ မဟာဖိုဝါဒီ ကျားကြီးများမှာ ပိုလိုအပ်ပါတယ်။

စောဘွဲ့မှူးရဲ့ သီချင်းတွေက ပြောခဲ့သော ပုံပြင် တပုဒ် “ဆိုးပေ” ကို ဖခင်ကောင်းများနေ့ကို ဂုဏ်ပြုရင်း ခံစားကြည့်ပါ။  ပြီး ရင် တွေးတောဆင်ခြင်ကြပါ..။

နောင်.. လာမယ့်.. ဖေဖေ.. မေမေ.. တွေအားလုံး သေတပန်.. သက်တဆုံး.. ပေါင်းနိုင်စေဖို့ တောင်းဆုရယ် ခြွေခဲ့တဲ့ ရင်တွေ ကျိုးပဲ့ဆိုးပေ အကြောင်းက တဆင့် ခံစားတွေးမြင်စရာတွေ ရနိုင်မှာပါ။

♬ ♪ ♩ ♭ ♫ ∮…
ကျွန်တော်ဟာ.. အဖေ.. ဆိုသူ.. ကိုတော့..
အရွယ်ရောက်မှ.. ရုတ်တရက်.. ပြန်တွေ့ရတယ်..
ပြီးခဲ့တဲ့.. နှစ်ပေါင်း.. နှစ်ဆယ်.. မှာ..
အဖေ.. ဘယ်သွားလဲ.. အဖေ..

အမေ.. ဟာ.. ငယ်ငယ်ရွယ်ရွယ်.. မို့..
ကြုံရာ.. လုပ်ပြီး.. လမ်းမှာ.. ပျော်..
ကျွန်တော့်.. ဘဝ.. အခြေအနေ..
တွယ်ရာ.. မဲ့.. တဲ့.. ငှက်တေလေ..

ကံကြမ္မာရယ်.. နုံချာလာပြီ.. မို့..
အလွန်.. မိုက်သော.. ဆိုးပေ.. ဟာ..
မီးရထား.. ဘူတာ.. ပလက်ဖောင်းများ.. ပေါ်မှာ..
အလစ်သမား.. ဖြစ်ကာ..

အရွယ်.. မတိုင်ခင်.. ထောင်.. အစုံ.. ကျပြီး..
အချုပ်ခန်းလည်း.. ပေါင်းစုံပြီ..
ရင့်ကျက်.. ချိန်မှာ..
အဖေ.. ကို.. တွေ့ လို့.. ဝမ်းမသာပါ..

ပေ.. တစ်ရာ.. ပေါ်မှာ.. အဖေ.. ကို.. မျှော်.. ပြီး..
ကျွန်တော်.. အခုတော့.. အသက်.. နှစ်ဆယ်.. ပြည့်ခဲ့ပြီ..
ရင်းနှီးခဲ့.. ဘဝ.. ခရီးကြမ်းပေါ်မှာ..
ငွေ.. မပါ.. ဖိနပ်လည်း.. မပါ..

ခင်တွယ်ရာ.. ကြင်နာသူ.. ကလည်း..
နာမည်.. မကောင်းလို့.. အပေါင်းအသင်းစုံ..
ခရီးလမ်းဆုံ.. မှာ.. ခြေစုံ.. ရပ်လို့.. မုန်း.. ကုန်ပြီ..

ကျွန်တော်လို.. တေပေ.. လေလွင့်ပြီး..
ကံခေလွန်းတဲ့.. ဆိုးပေတွေ..
လောက.. မြေမှာ.. ထပ်.. မမွေးဖွားအောင်သာ..
အဖေ.. ဆုတောင်း.. ပေးပါ..

နောင်.. လာမယ့်.. ဖေဖေ.. မေမေ.. တွေလည်း..
သေတပန်.. သက်တဆုံး.. ပေါင်းနိုင်စေ..
တောင်းဆုရယ်.. ခြွေ..
ရင်တွေ.. ကျိုးပဲ့.. ဆိုးပေ.. လေ..
♫ ♪ ♫ ♪…


ဆိုးပေ
သံစဉ်/စာသား/ဖွဲ့ဆို – စောဘွဲ့မှူး
တေးစု – သီချင်းပြောသော ပုံပြင်များ (၁၉၈၀ ခုနှစ်များ)
တေးဂီတ – အရိုင်းမြေမှ တောင်ပံလေးများ
ဂီတမှူး – စောဘွဲ့မှူး
အသံဖမ်း – တိုနီ (လင်း)
မူပိုင် – ခဲမှန်ဖူးတဲ့ စာသူငယ်
ဖြန့်ချီရေး – ပြည်ရတနာ တေးသံသွင်း

ဤသီချင်းကို ပရင့်စ်ဘသော် က စောဘွဲ့မှူး ရေးသား စီစဉ် ဂီတ စီမံခန့်ခွဲသည့် တေးစု “အရပ်မြင့်မြင့်အချစ်ဆုံး” တွင် မူလ သီဆိုခဲ့သည်။ စောဘွဲ့မှူး ကွယ်လွန်ပြီးနောက် အမှတ်တရ ထွက်ရှိခဲ့သည့် တေးစုများထဲက “ဟန်းနီးမွန်းခရီး (၁၉၉၈)” တေးစု ၌လည်း ရင်ဂို ပြန်လည် သီဆိုဖူးသည်။

Nyein Chan Aye’s YouTube Music Channel. Non Commercial Use ONLY

Music Video URL: https://youtu.be/h7kniCt-xMg


 

ရေးသားတင်ဆက်သူ – ငြိမ်းချမ်းအေး

ဓာတ်ပုံ – ဆောင်းဖြူ

မှတ်ချက် — ဓာတ်ပုံပါ ကလေးငယ်နှင့်မိသားစု၏ ပုဂ္ဂလိကဘဝမှာ စာပါ၊ သီချင်းပါ အကြောင်းအရာများနှင့် သက်ဆိုင် ခြင်းမရှိပါ။  လမ်းပေါ်ကဘဝများကို ပုံပေါ်စေရန် အသုံးပြုထားခြင်းသာ ဖြစ်ပါသည်။  ကလေးငယ်၏ ရုပ်ပုံ မထင်ရှားစေရန် ဓာတ်ပုံကို ပြုပြင်ထားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts