ကဗျာ

မင်းကိုနိုင် ● လေပြေကြုံလျှင်

မင်းကိုနိုင် ● လေပြေကြုံလျှင်
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၆
——-
(ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးပါသည်)

——

အကြွေးဟောင်းတွေလဲ မဆပ်နိုင်သေး
နောက်တပွင့် ထပ်ပေးပါ စပါယ်ရုံလေးရယ်

လဖြစ်ပါလျက် ညမှာ မတင့်ရ
ကြိုးကြာဖြစ်လျက် တေးမသီရ
ငါးဖြစ်ပါလျှက် ရေဆန်မတက်ပြရ
အောက်ကမြစ် တလုံးဘ၀နဲ့ 
ဝါကျတကြောင်းရဲ့ ကျက်သရေကိုငဲ့ပြီး
မညည်းမငြူ အံကြိတ်ခဲ့သူမှာ…

မြွေဆိပ်ဖြေဖို့လည်း မြွေဆိပ်မရှိ
မြွေပြန်ခေါ်ဖို့လည်း ဂါထာမရှိ
သမာဓိအကျိုးအပဲ့နဲ့  အဖန်ဖန်
ဥုံခံရွတ်ရင်း အနာရင်းနေပြီ

ကိုယ်သွေးတဲ့ဓါးက
ကိုယ့်ဘ၀လက်ကျန်
ကိုယ့်ခန္ဓာ လက်ကျန်မှာ
အန္တရာယ်ရှိမယ့် အပိုင်း
မဆိုင်းမတွ လှီးဖဲ့ဖို့ပါ

ကုန်းခေါင်ခေါင်ပေါ်
ပင်လယ်ရေ မမျှော်ပါဘူးကွယ်
လေပြေကြုံရင်..
စပယ်ရုံလေးဆီက တပွင့်ရနံ့ရရ တောင်းချင်တယ်
ကြွေးဟောင်းတွေတော့ မဆပ်နိုင်သေးဘူးပေါ့…။ ။

#‎မင်းကိုနိုင်‬
[သူကြီးသားမက် သူငယ်ချင်း ကဗျာစာစဉ်မှ ကောက်နှုတ်ဖော်ပြသည်]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts