ဗိုလ်ထက်မင်း သတင်းဆောင်းပါး

ဗိုလ်ထက်မင်း – ပွိုင့် ဖိုက် ငြိမ်းချမ်းရေးလက်နက်ကြီးနဲ့ ၂၁ ရာစုပင်လုံညီလာခံ – အပိုင်း ၁


ဗိုလ်ထက်မင်း –  ပွိုင့် ဖိုက် ငြိမ်းချမ်းရေးလက်နက်ကြီးနဲ့ ၂၁ ရာစုပင်လုံညီလာခံ – အပိုင်း ၁
(မိုးမခ) ဇွန် ၇၊ ၂၀၁၆

၁။ ပွိုင့် ဖိုက် (.၅) စက်သေနတ်ကြီးဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့အထူး အားထားရာ လက်နက်ကြီးဖြစ်ပါတယ်။ ပစ်ကူပေးလက်နက်ကြီးတွေဟာ တိုက်ရိုက်ပစ်၊ သွယ်ဝိုက်ပစ်နှစ်မျိုးရှိရာ ပွိုင့်ဖိုက် ဟာ တိုက်ရိုက်ပစ်လက်နက်ကြီးတွေထဲမှာ တာဝေးထိချက် ကောင်းမွန်လှပါတယ်။ တိုက်စစ်အပိုင်းမှာ အဲဒီ့ လက်နက်ကြီးသုံးပါက တော်ရုံလုံးပါတ်ရှိတဲ့ သစ်ပင်များဆိုရင် ထက်ပိုင်းဖြတ်လဲနိုင်သလို ခေါင်ကတုတ် ပါးပါးရှိရင် အမိုးဖွာလန်ကျဲ သွားသည်အထိ ပြင်းထန်လှပါတယ်။ ခံစစ်ပိုင်းမှာ အဲဒီ့လက်နက်ကြီးကို ထိုင်ထား လိုက်ပါက တိုက်စစ်ဆင်သူအဖို့အလူးအလဲ စစ်သည်များ မြေကြီးမှာ နှာခေါင်းထယ်ထိုးနေရသလို ဝပ်နေရ ပါတယ်။

၂။ ပွိုင့်ဖိုက် လက်နက်ကြီးဟာ လေယာဉ်ကိုပစ်ချနိုင်စွမ်းရှိတာမို့ ရဟတ်ယာဉ်နဲ့ Speed နှေးတဲ့ ဂျက်လေယာဉ် များ အနီးကပ်လေကြောင်းပစ်ကူ( Air Support Fire) ပေးဖို့ အခက်အခဲရှိသွားနိုင်သလို တဖန်လေယာဉ်များ၊ သဘောင်္ာငယ်များမှာလည်း ပွိုင့်(5)ကို ယနေ့ကာလမှာတောင် တပ်ထားဆဲပင် ဖြစ်ပါတယ် သင်္ဘောမှာတပ်ဆင်ထားတာဆိုရင် ရေဒါရှောင်ကာ ရေပြင်ပေါ်မှကပ်ပြီး ချဉ်းကပ်လာတဲ့သင်္ဘောဖျက်ဒုံးတွေ ကို ပွိုင့်ဖိုက် နဲ့ပဲ ခုခံ ချေမှုန်းရတာမို့ ဘက်စုံသုံး အားထားရတဲ့လက်နက်ကြီး ဖြစ်ပါတယ်။ ပွိုင့် ဖိုက် လက်နက်ကြီးပစ်သံဟာ စစ်သည်များအဖို့ စိတ်အားတက်ကြွစေပါတယ်။ ပွိုင့်ဖိုက် ဟာ ကျဉ်လမ်းကြောင်းသိစေဖို့ခွင်းကျည်နဲ့ ရောပြီး မီးကျည်နဲ့ပစ်လို့ရတာမို့ ကျည်ကျတာကို ချက်ချင်းပြင်ဆင်မှုပေးနိုင်တာကြောင့် တပ်တွေရဲ့အသည်းစွဲ  ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လို ဘက်စုံသုံး အားထားရတဲ့ လက်နက်ကြီးဖြစ်ပါတယ်။

၃။ ဒီလိုရေးနေရတာဟာ ဒေါ်အောင်ဆန်းစုကြည်ကိုစာရေးသူက စစ်သားပီပီ စစ်သဘောအရ ဘက်စုံသုံး စွမ်းရည်ထက်မြက်တဲ့ ပွိုင့်ဖိုက် လက်နက်ကြီးနဲ့ နှိုင်းယှဉ် ဂုဏ်ပြု တင်စားချင်လို့  ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပွိုင့်ဖိုက် လက်နက်ကြီးနဲ့ တင်စားရတဲ့ ဇာတ်လမ်းက ရှိနေပါတယ်။ စာရေးသူနဲ့တပတ်စဉ်ထဲ သူငယ်ချင်းက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့အင်္ဂါစဉ်အရ သမ္မတနဲ့ ဒုသမ္မတတွေကြားမှာ ရှိပေမဲ့ တကယ်တမ်း Power အရှိဆုံးသူအဖြစ် နံပါတ် (၁)ထက်ရှေ့ကရှိလို့ ပွိုင့်ဖိုက် လို့ လူမှုမီဒီယာမှာ တင်စားလိုက်ရာ စာရေးသူက သဘောကျကာ Comment ပေးခဲ့ပါတယ်။

၎။ မဆလခေတ်က မျက်မှန်ကြီးတင်ဦး(စစ်ဖက်လက်ထောက်နဲ့ အမျိုးသားထောက်လှမ်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တင်ဦး) ကို လူတွေက (၁ ပွိုင့် ၅) လို့ ခေါ်ကြတယ်။ နံပါတ် (၁) ပါတီဥက္ကဋ္ဌ ဦးနေဝင်းနဲ့ နံပါတ်(၂) သမ္မတ ဦးစန်းယုရှိရာမှာ သူဟာ ဦးစန်းယုထက် ပိုစွမ်းတာကြောင့် (၁ဒသမ၅)လို့ သူ့ကိုခေါ်ကြတယ်။ သူဟာ ဦးနေဝင်း ကို ခန့်အပ်ခဲ့တာမဟုတ်တာကြောင့် နံပါတ် ၁ ထက်တော့ ကျော်လို့မရနိုင်ဘဲ ဖြုတ်ခံရပါတယ်။ ဒေါ်အောင်ဆန်း စုကြည်က ဦးထင်ကျော်ကို ရွေးချယ်ခန့်အပ်ခဲ့တာမို့ ဂဏန်းသဘောအရ ဒသမ ၅ လာပြီးမှ ၁ ဖြစ်တာမို့ သူမကို ပွိုင့်ဖိုက် လို့ စာရေးသူသူငယ်ချင်းက တင်စားသလို စာရေးသူကလည်း ပွိုင့်ဖိုက် တိုက်ရိုက်ပစ် လက်နက်ကြီးနဲ့ ထပ်မံ အမွှန်း တင်လိုက်တာဖြစ်ပါတယ်။

၅။ ပွိုင့်ဖိုက် နဲ့တူတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံနိုင်ငံရေးလောကမှာ ဆယ်စုနဲ့ချီ ဆက်တိုက် ပြည်မ၊ တောင်တန်းတိုင်းရင်းသားများ ပါမကျန် လူထုထောက်ခံမှုအများဆုံးရထားပြီး ကြံခိုင်းရေးပါတီကို ပစ်ခွင်း ချေမှုန်း နိုင်ပါတယ်။ ထုကောင်းလှပါတယ်ဆိုတဲ့ အခြေခံဥပဒေ ခံစစ်ကြောင်းကြီးကို ပွိုင့်ဖိုက် က ဥပယ်တမျဉ် ကျော်ခွကာပစ်လိုက်ရာ ခေါင်ကတုတ်တွေ ဖွာလှန်ကြဲကုန်တဲ့အရှိန်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးထုပ်ကျသွားမတတ် အငိုက်မိ အံ့အားသင့်စေခဲ့ပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုပြီး နိုင်ငံကို အုပ်ချုပ် နိုင်စွမ်း စပြလိုက်တာကတော့ ရေဒါပျောက် ရေပေါ်လျှပ်ပြေးပစ်လွှတ်လိုက်တဲ့ “(ရိုဟင်ဂျာ) ဘင်္ဂလီဒုံး” ကို ပစ်ချလိုက်နိုင်တဲ့ ပွိုင့်ဖိုက်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို “sanction လုပ်တိုင်းမကြောက်ပါ၊ ကူညီရာမရောက်ပါ” လို့ ခပ်တင်းတင်းပြောရဲသူ ဖြစ်ပါတယ်။ အရင်ဆုံးပေါက်ဖော်ကြီးက ပိုင်မည်အထင်နဲ့ လက်ဦးမှုရယူချဉ်းကပ်လာရာ မြစ်ဆုံကို မနှစ်သက်တဲ့ လူထုခံစစ်ကြောင်းပေါ်မှာ အကျအနထိုင်ထားတဲ့ ပွိုင့်ဖိုက် က ပုံသေပစ်လမ်းကြောင်းအတိုင်း ပစ်လိုက်ပုံကဖြင့် နှာခေါင်းထယ်ထိုးသွားရရှာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တယောက် …” မြစ်ဆုံစာချုပ် မဖတ်ရသေးဖူး” လို့ ခပ်တည်တည်ပြောလိုက်တဲ့စကားကိုသာ ရင်ဝယ်ပိုက်ပြီး ပြန်သွား ရရှာတယ်။

၆။ ဒေါ်အောင်ဆန်းစုကြည်ဟာ လေယာဉ်ပေါ်တင်ထားတဲ့ ပွိုင့်ဖိုက် နဲ့ လိုပဲ မဟာဗျူဟာမြောက် Dog Fight ကစားသွားတာကတော့ အများထင်သလို အမေရိကန်ကိုမဟုတ်ဘဲ ပြန်သွားတဲ့ ပေါက်ဖော်ကြီး တရုတ်မျက်လုံး ကျယ်သွားစေဖို့ တပ်ချုပ်၊ လွှတ်တော်တို့နဲ့ ညှိကာ ရေငတ်နေတဲ့ ပူတင်(ရုရှား)ကို ကစားကွက်ထဲထည့်ပြီး ရဲရဲတင်းတင်း power change သွားတာကို မြင်ရပါတယ်။ ယာဉ်ထဲမှာ အနှေးဆုံးလို့သတ်မှတ်ထားတဲ့ ရုရှားအဆင့်မြင့် ဖျက်သင်္ဘောကြီး(၃)စင်း ရန်ကုန်ကို ချက်ချင်းရောက်လာတာကဖြင့် တရုတ်သာမက ရိုလင်ဂျာအသံ အမေရိကန်ကိုပါ တိတ်ဆိတ်သွားစေခဲ့ပါတယ်။

၇။ ဒေါ်အောင်ဆန်းစုကြည် ပွိုင့်ဖိုက်ဟာ အရင်ဆုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသေးစိတ် လေ့လာ ထားသလို နောက်ဆုံးအခြေအနေကိုသိနေတဲ့ NCA ပြုလုပ်ခဲ့တဲ့ တပ်မတော်အား စဉ်ဆက်မပြတ် ထိတွေ့ ဆွေးနွေးခဲ့တယ်လို့ စစ်ဖက်အသိုင်းအဝိုင်းထံမှ သိရပါတယ်။ ငြိမ်းချမ်းရေးရဖို့အဓိက အရေးကြီးတဲ့ နေရာက ပါတဲ့တပ်မတော်ရဲ့လိုလားချက်၊ တပ်မတော်က လိုက်လျောပေးသင့်တဲ့ အပိုင်းနဲ့ ပွိုင့်ဖိုက် သွားချင်တဲ့မဟာဗျူ ဟာ၊ နည်းဗျူဟာလမ်းကြောင်းတွေကို ဆွေးနွေးနိုင်တယ်လို့ယူဆပါတယ်။

၈။ ပွိုင့်ဖိုက်ဟာ တပ်ချုပ်နဲ့တွေ့ဆုံခဲ့သလို ငြိမ်းချမ်းရေး မှာပါဝင်နေတဲ့ ဗိုလ်ချုပ်ကြီးတွေကို မကြာခဏ မရှင်း တာခေါ်ယူမေးမြန်ခဲ့တာမို့ တပ်နဲ့နားလည်မှု အတော်အတန် ရရှိပြီလို့ယုံကြည်ရပါတယ်။ အထူးသဖြင့် ယခင်အစိုးရက တင်းခံထားတဲ့ စာချုပ်မှာပါရှိတဲ့ နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ဆွေးနွေးမည့်အပိုင်းမှာ  လက်မှတ်မထိုးရတဲ့အဖွဲ့များကို လေ့လာသူအဆင့်သာ ထားခဲ့ရာမှ ပါဝင်ဆွေးနွေးခွင့်ရသွားပြီး နိုင်ငံရေး မူဘောင်ကို ပွိုင့်ဖိုက် နဲ့ တပ်ချုပ်၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ အားလုံးက သဘောတူလိုက်ရင် NCA စာချုပ်မထိုးရသူများက ထိုးရမှာဖြစ်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံ ညီလာခံ ဆက်သွားမှာ ဖြစ်တဲ့အစီအစဉ်ကို တပ်ချုပ်က ပွိုင့်ဖိုက် အား သဘောတူပေးလိုက်ဟန်ရှိပါတယ်။ ဒါပေမဲ့ တပ်က တင်းခံ ထားတဲ့ TNLA ၊MNDAA ၊AA ကို လက်နက်ကိုင်ဆောင်ခွင့် စွန့်လွှတ်မှသာ ပါဝင်ခွင့်ပေးမယ်ဆိုတဲ့အချက်ကို  သဘောတူဟန်မရှိကြောင်း သုံးသပ်ရပါတယ်။

၉။ NCA ချထားတဲ့ လမ်းကြောင်းအတိုင်း ပွိုင့်ဖိုက် က ဆက်သွားမှာ ဖြစ်ပြီး ပြင်ဆင်လိုက်တာကတော့ လက်မှတ်ထိုးထားတဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေ အတွက် တလိုင်း နည်းဗျူဟာတခု၊ လက်မှတ်မထိုး ရသေးတဲ့တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေအတွက် တလိုင်း နည်းဗျူဟာတခု၊ တပြိုင်နက်သွားမှာ ဖြစ်တယ်။ ဆွေးနွေးပွဲခေါင်းစဉ်အရ အချိန်ကြန့်ကြာနေမှာစိုးလို့ နိုင်ငံရေးနဲ့ လုံခြုံရေးခေါင်းစဉ်ကိုသာ ဦးစားပေးဆွေးနွေး သွားမယ်လို့ သိရပါတယ်။ ယခုဆိုရင် ၂၁ ရာစုပင်လုံညီလာခံ ပြင်ဆင်ဆဲကာလ (ဇူလိုင်လကုန်ထိ) အတွင်း၊ နိုင်ငံရေးမူဘောင်ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲမှာ အားလုံးပါဝင်တက်ရောက်စေဖို့ လက်မှတ်မထိုး ရသေးတဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေထဲမှ UNFC ရဲ့ DPNနဲ့ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲံ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) အဖွဲ့တို့ချင်းမိုင်မှာ ဇွန် ၃ ရက်နေ့တွင် စတင် ဆွေးနွေးနေပြီဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts