ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး မှ ပြည်တွင်းငြိမ်းချမ်းရေးသို့

ဇင်လင်း ● အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး မှ ပြည်တွင်းငြိမ်းချမ်းရေးသို့

(မိုးမခ) ဇွန် ၆၊ ၂၀၁၆
 

ဒီကနေ့ မြန်မာနိုင်ငံအစိုးရသစ်အနေနဲ့ တိုင်းပြည်တည်ငြိမ်ရေး၊ အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူ ထမ်း ရွက်ရမယ့်ကိစ္စ အများအပြား ရှိနေပါတယ်။ အဲဒီကိစ္စမြောက်များစွာအနက် ပြည်တွင်းစစ် ပဋိပက္ခ ဖြေရှင်းရေးဟာ လတ်တ လော အရေးတကြီးဆောင်ရွက်နေတဲ့တာဝန်ဖြစ်ပါ တယ်။ မြန်မာ့ပြည်တွင်းစစ်ရေးပဋိပက္ခ အထွေထွေဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်လို့ မြန်မာ့အရေးလေ့ လာသူတို့က ပြောစမှတ်ပြုကြပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်အတွင်း သေခဲ့ ကြေခဲ့ကြတဲ့ တိုင်းသူပြည်သားများ ဟာ မြန်မာနိုင်ငံသား သွေးချင်း သားချင်းများသာ ဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးရတဲ့ အိုးအိမ်ပစ္စည်း ဥစ္စာတွေ၊ လမ်းတံတား အဆောက်အဦးတွေဟာလည်း နိုင်ငံရဲ့ဓနဥစ္စာများသာ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းပြည်ကို ဆင်းရဲမွဲတေအောင် ဖန်တီးခဲ့တာဟာ ဒီပြည်တွင်းစစ်ဖြစ်ပါတယ်။ အခု ပြည်သူတင်မြှောက်တဲ့ ပြည် သူ့ဒီမိုကရေစီ အစိုးရတရပ်ပေါ်ပေါက်လာချိန်မှာ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရသစ် ဦး ဆောင်တဲ့ မူဝါဒလမ်းစဉ်နဲ့ လိုက်လျောညီထွေ လိုက်ပါကြဖို့ လိုပါတယ်။  အခုလို ငြိမ်းချမ်းရေးအတွက် အခွင့်အခါ ကောင်း ကြုံကြိုက်ချိန်မှာ အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ အာဃာတစိတ်ကို ထိန်းချုပ်ကြဖို့လိုပါတယ်။ နိုင်ငံကို ဆင်းရဲတွင်းက လွတ် မြောက်စေချင်ရင်၊ ကမ္ဘာအလယ်မှာ လေးစားလောက်တဲ့နိုင်ငံတစ်ခုအဖြစ် ပြန်လည်ထူထောင်ချင်ရင်၊ ပြည်တွင်းစစ်ပဋိပက္ခ ကို မဖြစ်မနေ ရပ်ဖို့လိုပါတယ်။ ဒါကြောင့် အာဃာတနဲ့ ရန်လိုစိတ်ကို ချိုးနှိမ်ပြီး၊ မေတ္တာ စေတနာအရင်းခံနဲ့ တိုင်းပြည်ငြိမ်း ချမ်းအောင်ဦးစွာ လုပ်ကြရမှာဖြစ်ပါတယ်။

ယခင် အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ကို အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre- NRPC) အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန လက်အောက်မှာ အစိုးရအဖွဲ့အစည်းတရပ်အနေနဲ့ ထားရှိပါတယ်။ (၂၁) ရာစု ပင်လုံညီလာခံ ကျင်းပရေး အကြိုပြင်ဆင်ကော်မတီနဲ့ ဆပ်ကော်မတီတွေကို အမြန်ဖွဲ့စည်းပြီး လုပ်ငန်းအရှိန် မြှင့်တင်လုပ်ကိုင်သွားမယ့်အကြောင်း မေလအလယ်မှာ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (သို့မဟုတ်) “၂၁ ရာစု ပင်လုံ ညီ လာခံ” ကြိုတင်ပြင်ဆင်ရေးကော်မတီအနေနဲ့ Nationwide Ceasefire Agrement လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့လည်း တွေ့ဖို့ ရှိသလို၊ NCA လက်မှတ် မထိုးသေးတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ လည်း တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဇွန်လပထမပတ်မှာ NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ နဲ့ တွေ့ဆုံဖို့ ရှိကြောင်း ညီလာခံ ကြိုတင်ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက မီဒီယာတွေကို ပြောပါ တယ်။ “၂၁ ရာစု ပင်လုံညီလာခံ” ကြိုတင်ပြင်ဆင်ရေး ဆပ်ကော်မတီ (၂) မှာ ဥက္ကဋ္ဌအဖြစ် ဒေါက်တာတင်မျိုးဝင်း၊ အတွင်း ရေးမှူး ဦးလှမောင်ရွှေနဲ့ အဖွဲ့ဝင် ၇ ဦးပါကြောင်း သတင်းတွေအရ သိရပါတယ်။

ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက တက်သုတ်ရိုက်ပြင်ဆင်နေသလို တိုင်းရင်းသားအဖွဲ့တွေကလည်း လာမယ့် နိုင်ငံရေးမူဘောင်ရေးဆွဲရေးလုပ်ဆောင်ကြတဲ့အခါ သူတို့နဲ့ ဆီလျော်မယ့် မူဝါဒတွေတင်ပြနိုင်ဖို့အတွက်  မေလ ၂၉ ရက်နဲ့ ၃၀ မှာ ၂ ရက်ကြာ ဆွေးနွေးပွဲတခု ကျင်းပခဲ့ကြပါတယ်။ လာမည့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာမှာ တိုင်းရင်းသားရေးရာ မူဝါဒများ ပါဝင်နိုင်ရေး ရည်ရွယ်ချက်နဲ့ မူကြမ်းတခုထွက်လာအောင် ဆွေးနွေးခဲ့ကြ ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ တိုင်းရင်းသားများရဲ့ နိုင်ငံရေးဆိုင်ရာ မူဘောင်ရေးဆွဲရေး  အလုပ်ရုံဆွေးနွေးပွဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒုဥက္ကဌ နော်စီဖိုးရာစိန်က အဖွင့်မိန့်ခွန်း ပြောပါတယ်။ အစိုး ရသစ်ဟာ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်သော်ငြားလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာ ဆောင်ရွက်နေရတဲ့အတွက် အဟန့်အတား အခက်အခဲရှိနေကြောင်း ပြောပါတယ်။ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တပ်မတော်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု ရှိနေဆဲဖြစ်ကြောင်းလည်း နော်စီဖိုးရာစိန်က ထည့် သွင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အစိုးရသစ်ရဲ့ မူဝါဒ နိုင်ငံရေးရည်မှန်းချက်ကတော့ တိုင်းရင်းသားတွေသွားတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ တစ်ထပ်တည်းရှိနေတယ်လို့ နော်စီဖိုးရာစိန်က သုံးသပ်ပြောဆိုသွား တာတွေ့ရတယ်။  နောက် တပ်မတော်ရဲ့ လုပ်ဆောင် ချက်ဟာ အဟန့်အတားဖြစ်နေပေမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ များအနေနဲ့  ရည်မှန်းချက်သို့ ရောက်ရှိရေးအတွက် အချင်းချင်း ပိုမိုနားလည်မှုရှိပြီး စည်းလုံးညီညွတ်ကြဖို့ နော်စီဖိုးရာစိန်က တိုက်တွန်းပြောကြားသွားတဲ့အချက်ကလည်း ထူးခြားပါတယ်။

“စစ်တပ်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ တိုင်းရင်းသားတွေအပေါ်မှာ အများကြီး နစ်နာခဲ့တယ်။ သူတို့ကတော့ နည်းလမ်းမျိုးစုံ၊ ကျမတို့ တိုင်းရင်းသား အချင်းချင်း မညီညွတ်ဖို့ လုပ်ဆောင်လာတယ်။ ကျမတို့လည်း အများဆုံး ကြုံခဲ့ရတယ်။ နောက်ဆုံး NCA လက်မှတ်ထိုးတဲ့ အခါမှ လက်မခံတဲ့အဖွဲ့ရှိတဲ့ အပေါ်မှာ အခက်အခဲအများကြီး ကြုံခဲ့တယ်။” လို့  KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်က ပြောကြားကြောင်း မဇ္ဈိမသတင်းမှာ ဖေါ်ပြထားပါတယ်။

ယခု အစိုးရသစ် ၅ နှစ်တာကာလအတွင်း တိုင်းရင်းသားများ စည်းလုံးညီညွတ်ဖို့ လိုအပ်ပြီး ဖက်ဒရယ်နှင့်ပတ်သက်တဲ့ အချက်အလက်တွေကို ပြည်သူလူထုအား ချပြနိုင်ရေး ဆက်လက်လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း KNU ဒုဥက္ကဌက တိုက်တွန်းပြောကြားခဲ့တာတွေ့ရတယ်။

“ဘယ်လိုပဲ အခြေအနေရှိရှိ ကျမတို့ တိုင်းရင်းသားတွေ တစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲရေးသွားဖို့အတွက် ဒီမိုကရေစီ အစိုးရ တခုထိတော့ ရောက်နေပါပြီ။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရ မဟုတ်သေးဘူး။ အဲဒါကြောင့် ပြည့်စုံအောင် ကျမတို့ ဝိုင်းပြီးတော့ မြန်မာပြည်သူပြည်သားအားလုံး တွန်းအားပေးပြီးတော့ ကျမတို့ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီဖြစ်ဖို့ ဆက်လက် ကြိုးစားဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်” လို့ နော်စီဖိုးရာစိန်က ပြောကြားသွားပါတယ်။

ဒီအပြင် နော်စီဖိုးရာစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ ရာစုပင်လုံ ညီလာခံ ခေါ်ယူကျင်းပခြင်းဟာ နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လက်လုပ်ဆောင်ဖို့ နည်းလမ်းများရှာခြင်း၊ အခြေခံ မူချမှတ်ရန် ဆောင်ရွက်ခြင်းဖြစ်မယ်လို့ မျှော်လင့်ကြောင်း၊  ၂၁ ရာစုပင်လုံ ညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော် ကြရမှာ ဖြစ်ကြောင်းစသဖြင့်လည်း ပြောပါတယ်။

တချိန်တည်းမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်း ပြင် ဆင်နေချိန်မှာ တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသကို နယ်မြေစိုးမိုးရေး အကြောင်းပြပြီး ထိုးစစ်ဆင်နေခြင်းဟာ အစိုးရ သစ်က ပြင်ဆင်ဆောင်ရွက်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ဆန့်ကျင်ချေဖျက်နေတာလားလို့ သံသယဖြစ်မိကြောင်း SSPP/SSA သျှမ်းပြည်တပ်မတော် မေလ ၁၉ ရက်နေ့ ရက်စွဲနဲ့ သဘောထားကြေငြာချက်ထုတ်ပြန်ထားတာ လည်းတွေ့ ရပါတယ်။ သဘောထားကြေငြာချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံကို နှစ်လအတွင်းကျင်းပလိုကြောင်း ပြောဆိုချက်ကို ထောက်ခံထားပြီး၊ လားရှိုး၊ သီပေါနယ်ရှိ SSPP/SSA စခန်းများကို မြန်မာ့တပ်မတော်က အလုံးအရင်းနဲ့ တိုက်ခိုက်နေမှုအပေါ် ကန့်ကွက်ကြောင်း ကြေငြာချက်မှာ ဖော်ပြထား တာ တွေ့ရ တယ်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေးအတွက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသတွေ အတွင်း အင်အားအလုံးအရင်းသုံး ထိုးစစ်ဆင်ခြင်းများ ရပ်ဆိုင်းပေးဖို့ ကြေငြာချက်မှာ ထည့်သွင်း တောင်းဆိုထားပါတယ်။

အစိုးရနဲ့ သျှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့အကြား ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် ရှိပါတယ်။ ဒါပေမယ့် SSPP/SSA နဲ့ မြန်မာ့တပ်မတော်တို့ အကြား လတ်တလော တိုက်ခိုက်ပွဲတွေ ကြောင့် ကျောက်မဲ ၊ သီပေါဒေသမှ ထောင်နှင့်ချီသော ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းသိရှိရပြီး တိုက်ပွဲတွေ အတွင်း လူ့အခွင့်ရေးချိုးဖောက်မှုများလည်း ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မကြာသေးမီ မေလဆန်းပိုင်းက ကျောက်မဲ မြို့နယ်၊ သီပေါမြို့နယ်တွေ အတွင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)ရဲ့ ဝမ်ဟိုင်းဌာနချုပ် အနီးအထိ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ တိုက်ပွဲမှာ တပ်မတော်က လေယာဉ်နဲ့ပါဝင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

တဆက်တည်းမှာ ကျောက်မဲမြို့နယ်အတွင်း အရပ်သားတွေအပါအ၀င် အလောင်း ၈ လောင်း မီးရှို့သတ်ဖြတ်ခံရတဲ့ ရက်စက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်။ အဲဒီ မီးရှို့သတ်ဖြတ်မှုကြောင့် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက စစ်ရပ်စဲ ရေး တောင်းဆို ဆန္ဒဖော်ထုတ်မှုလုပ်ခဲ့တာလည်း တွေ့ရတယ်။ ရှမ်းလူမှုအဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများ၊ လူငယ်ကွန်ယက်အဖွဲ့အစည်းများနဲ့ ဒေသခံ ပြည်သူများ ၃၀၀၀ ကျော် စုပေါင်းတောင်းဆိုဆန္ဒပြခဲ့တာ ဖြစ်ကြောင်း သိရ တယ်။ မေ ၂၈ရက် နံနက် ၈ နာရီမှ ၁၀ နာရီခွဲခန့်အထိ ကျောက်မဲမြို့ ပင်လုံကားလမ်း ကမ္ဘာဇ ရှမ်းဘုန်းကြီးကျောင်းမှ ခရိုင်ရဲစခန်းထိ တောင်းဆိုချက်စာတန်းတွေ ကိုင်ဆောင်ပြီး၊ ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်တယ်လို့ ကျောက်မဲမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က မဇ္ဈိမသတင်းကို ပြောပြခဲ့တယ်။ အဆိုပါ အရပ်သားတွေ မီးရှို့ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျားခေါင်းပါတီမှ ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်လှယ် စိုင်းထွန်းဝင်းက ရှမ်းပြည်နယ် အစိုးရ လွှတ်တော်သို့ တင်သွင်းသွားမှာဖြစ်ကြောင်းလည်း စိုင်းထွန်းဥာဏ်က ပြောပါတယ်။

မေလ ၅ ရက်နေ့ကနေ မေလ၂၀ ရက်နေ့အထိ SSPP/SSA ဝမ်ဟိုင်းအဖွဲ့က သတ်မှတ်နယ်မြေကျော်လွန်လာတဲ့အတွက်  တပ်မတော်စစ်ကြောင်းနဲ့ တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်ဘက်မှ အရာရှိ စစ်သည့်တချို့ ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း များကြောင်း မေလ ၂၁ ရက်နေ့မှာ တပ်မတော်က သတင်းထုတ်ပြန်ထားတယ်လို့ မဇ္ဈိမ သတင်းအရ သိရတယ်။

လက်ရှိ ဖြစ်စဉ်ပျက်စဉ်တွေကို လေ့လာကြည့်ရင် အစိုးရသစ်က ငြိမ်းချမ်းရေးရရှိရေးအတွက် အပြင်းအထန်ကြိုးစာနေတာ တွေ့ရသလို၊ အခြားတဖက်မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးရရှိရေးအတွက် စိတ်အားထက်သန် ပြင်းပြနေကြတာ မြင်တွေ့နေရပါတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်ကြောင့် တပ်မတော်က အစိုးရနဲ့ မညှိနှိုင်းဘဲ စစ်ဆင်ရေးတွေ လုပ်နေတာ တွေ့နေရတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဟာ ဒီမိုကရေစီ နည်းကျ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ဖြစ်မယ်ဆိုရင်၊ စစ်တပ်ဟာ ဂုဏ်သိက္ခာရှိစွာ စစ်တန်းလျားမှာနေပြီး နိုင်ငံတော်ရဲ့ ကာကွယ်ရေး တာဝန်တွေကို အလေးထား ထမ်းရွက်နေရမှာ ဖြစ်တယ်။ မိမိနဲ့မပတ်သက်တဲ့၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ တာဝန်ယူစရာ လိုမယ် မဟုတ်ပါ။ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာ ကိစ္စတွေမှာ မူဝါဒရေးဆွဲချမှတ်သူ အစိုးရအဖွဲ့ ရဲ့ ဦးဆောင်လမ်းညွှန်မှုအတိုင်း လိုက်ပါဆောင်ရွက်သင့်ပါတယ်။

မြန်မာနိုင်ငံဟာ ပြည်သူကို ဗဟိုပြုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။  မိမိတို့ ရည်မှန်းချက် ပန်းတိုင်ဟာ  တည်ငြိမ်၊ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ လူမှုအသိုက်အဝန်းတခုဖြစ်ရေးဆီ ဦးတည်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်း ရင်းသား အားလုံးရဲ့ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းထားဖို့ အလွန်အရေးကြီးပါတယ်။ စည်းလုံး ညီညွတ်မှုကို ခိုင်မြဲစေဖို့ဆိုရင် တိုင်းရင်းသား အချင်းချင်းအကြား စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းအောင် လုပ် ပေးရမှာ ဖြစ်တယ်။ မြန်မာပြည်ထောင်စုအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အာမခံနိုင်မှသာ စီးပွားရေးကွာဟမှု ကို လျှော့ချနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် စစ်ရေး ပဋိပက္ခတွေကို အဆုံးသတ်ဖို့လိုတယ်။ ပြည်သူလူထုရဲ့ လုံခြုံရေး အာမခံချက်ကို အစိုးရရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမူဝါဒနဲ့အညီ တပ်မတော်က တာဝန်ခံဖို့လိုတယ်။

အနှစ်ချုပ်ရရင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း အတင်းသွတ်သွင်းဖို့ လုပ် နေရင် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဦးမှာ ဖြစ်တယ်။ ပြည်တွင်းစစ်ကို စနစ်တကျရပ်စဲနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီစနစ်နဲ့ ဆီလျော်အောင် ပြင်ဖို့လိုအပ်ပါတယ်။ တပ်မတော်ကလည်း ဂုဏ်သိက္ခာရှိစွာ နိုင်ငံ့ကာကွယ်ရေး တာဝန်ကိုသာ အဓိကထား ထမ်းရွက်သင့်ပါတယ်။  ဒီကနေ့ တိုင်းရင်းသား ပြည်သူလူထုက ပြည်တွင်းငြိမ်းချမ်းရေး အတွက် ပြည်တွင်းစစ် ချက်ချင်း ရပ်ဖို့ သဘောထား ဖေါ်ပြနေပေမယ့်၊ တပ်မတော်က မသိကျိုးကျွံလုပ်ပြီး  စစ်ရေးတိုးချဲ့ နေတာ တွေ့နေရတယ်။ အမှန် ဖြစ်သင့်တာက ဒီမိုကရေစီစံနှုန်းနဲ့အညီ တပ်မတော်ဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှု အောက်မှာပဲ ရှိသင့်တယ်။ ကာကွယ်ရေးဘတ်ဂျက်နဲ့ စစ်ပွဲတစ်ပွဲ ဆင်နွှဲရေးကိစ္စကို လွှတ်တော်နှစ်ရပ်က ဆုံးဖြတ်ပေးသင့် တယ်။  ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အရ ကာကွယ်ရေးဦးစီးချုပ် တဦးတည်းသဘောနဲ့ စစ်ပြုရေးကိစ္စ မဆုံးဖြတ်သင့်ပါ။ ပြည်သူလူထု သဘောမတူတဲ့ စစ်ပွဲကို တပ်မတော်က မဆင်နွှဲသင့်ပါ။ သို့ဆိုလျှင် တိုင်းပြည် ဆင်းရဲ မွဲတေဖွယ်ရာ အကြောင်းလည်း မရှိပါ။   အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးလည်း မအောင်မြင်စရာ မရှိပါ။ ဒါမှသာ မြန်မာနိုင်ငံဟာ စစ် မက်ကင်းစင်ပြီး ငြိမ်းချမ်း တည်ငြိမ် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ရုံမက၊ ကြွယ်ဝချမ်းသာတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။။။။

ဒီလှိုင်းစာစောင် ၂၀၁၆ ဇွန်လ ၆ ရက်၊ တနင်္လာနေ့မှာ ဖေါ်ပြခဲ့တဲ့ ဆောင်းပါး။ 

photo credit : ibtimes.co.uk


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts