ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ကြိုးမဲ့စွန်

ဆောင်းယွန်းလ ● ကြိုးမဲ့စွန်

(မိုးမခ) ဇွန် ၆၊ ၂၀၁၆

ဖွာရှိုက် မှုတ်ထုတ်ပစ်လိုက်တဲ့
စီးကရက်မီးခိုးမျှင်တွေရဲ့ နောက်ဆုံးခရီးအထိ
လူက စိတ်ကို မစီးနိုင်ခဲ့ဘူး
တကိုယ်တည်း စိတ်ဝမ်းကွဲနေတဲ့ စိတ်ကို ငြှိမ်းသတ်ဖို့
မီးသတ်ကားတစီးရဲ့ ညသြဆွဲသံရှည်နောက်ကို
စိတ်ရော ကိုယ်ပါ နောက်ယောင်ခံလိုက်နေမိတယ်
ရာသီဥတုက ရာသီဥတုဘက်ပါနေတော့
မီးလောင်ရာနောက်ကို လေကပင့်တယ်
စိတ်ဟာ လေပင့်ရာဘက်ကို ဆက်လွင့်တယ်
လွင့်နေတဲ့ စိတ်ဟာ ကြိုးမပါပဲပြတ်သွားတဲ့ စက္ကူစွန်တစင်းပဲ
ကိုယ်တိုင်မျှားလို့ မမိနိုင်သလို
တခြားတပါးသူတွေလည်း မျှားလို့မမိနိုင်ဘူး
လွင့်နေတယ် လေနဲ့အတူ
လွင့်နေတယ် လေယူရာဘက်ကို တိမ်းရင်းယိမ်းရင်း
လွင့်နေတယ် လေနှင်ရာဘက်ကို လည်ရင်းပတ်ရင်း
ထိလွယ်ရှလွယ် ကြေမွပျက်စီးလွယ်တဲ့ စိတ်
အထီးကျန် အကျည်းတန်တဲ့ စိတ်
သံမဏိလို တောင့်တင်းခိုင်မာလွန်းတဲ့ စိတ်
ခြွေယံသင်းပင်းနဲ့ လှပလွန်းတဲ့ စိတ်
မလွှင့်ပဲလွင့်နေတဲ့ စိတ်ဟာ
ကြိုးမဲ့စွန်ကလေးဆီမှာ….။

ဆောင်းယွန်းလ (ဇွန် ၆ ရက်၊ ၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts