Poems

50 years on – San Kunt

နှစ်ငါးဆယ်ပုံရိပ်
စံကွန့်၊ အောက်တိုဘာ ၁၅၊ ၂၀၁၃
အမှန်တရားကို မှန်ဘောင်သွင်းပြီး ခေါင်းရင်းမှာ ချိတ်ချင်တဲ့ကောင်
သစ္စာတရားကို ပန်းပုထုပြီး ဧည့်ခန်းမှာ ထားချင်တဲ့ကောင်
အာဏာရှင် အာဏာရူးကို အရှင်လတ်လတ် ကျင်းတူးမြှပ်ချင်တဲ့ကောင်
အင်း … … လက်ဖ၀ါးယားတော့  ပိုက်ဆံဝင်နိုးနိုး
ကျီးသာတော့ ဧည့်လာနိုးနိုး
ခြေဖ၀ါးယားတော့ ခရီးထွက်ရနိုးနိုး
အမြင့်တက် အမှည့်ရနိုးနိုး
သူများမြက်ခင်း စိမ်းနိုးနိုး
ဆေးစာဖတ်ရာ ရောဂါပျောက်နိုးနိုး
သိုက်စာဖတ်ရာ ဥစ္စာရနိုးနိုး
ရွေးကောက်ပွဲသံကြား သမ္မတဖြစ်နိုးနိုး
စင်မြင့်ပေါ်တက် လက်ခုပ်သံရနိုးနိုး
တံလျှပ်မြင် ရေထင်နိုးနိုး
ညာဝါးတဲ့ အာသမားမြင် ကယ်တင်ရှင် ထင်နိုးနိုး
ဒီလိုနဲ့ … … … လင်းတတွေ၊ ခွေးအတွေ ၀ံပုလွေတွေ သားသတ်သမားတွေကြား
သိုးငယ်တွေ လည်စင်းပေးခဲ့ရပေါင်းများလှပြီ
အကျိုးလိုလို့ ညောင်ရေသွန်းတဲ့သူတွေ
တဆုပ်ကြဲရင် တလှည်းများ ၀င်လေမလားဆိုတဲ့သူတွေ
ပွဲလန့်တုန်း ဖျာခင်းကြတဲ့သူတွေ
အရိုးအယွင်းလေး ကိုက်ရနိုးနဲ့ အမြီးနံ့ပြသူတွေ
အရက်ပျက်မလေးကို (သနားလို့) ကြည့်ရှုစောင်မချင်သူတွေ
မိန့်ခွန်းချွေလိုက်၊ ပန်းချီရေးလိုက်၊ သီချင်းရေးလိုက်
ကမ္ဘာပတ်လိုက်နဲ့ တမိုးလုံး ဖျောက်ဆိတ် လုပ်ချင်သူတွေ
ကိုယ့်ဖဲကိုယ်ချိုး ကိုယ်ဝေ၊ ဟောဒီမှာ တစ်သုံးလုံး
လို့ ထအော်ကြတဲ့သူတွေ
မသာအိမ်ရှာနေတဲ့ ဖဲသမားတွေ
ဖဲသမားမျှော်နေတဲ့ မသာအိမ်တွေ
လမ်းဘေးမျက်လှည့်ဝိုင်းမှာ ချည်းမန်းကြိုး ၀ယ်ချင်အောင်
ဆောင်တဲ့ အလံရူးတွေ …
(ဘာရယ် မဟုတ်) သင်ဓုန်းကောင်းလို့ ကတုံးဝင်ရိတ်သူတွေ
ကြုံတုန်း ၀င် ဆွမ်းကြီးလောင်းချင်တဲ့သူတွေ
(မဖမ်းလောက်ဖူး ထင်ပြီး) နိုင်ငံရေးစကား ဟောင်ဖွာ ဟောင်ဖွာ လုပ်သူတွေ
(စစ်အစိုးရ မရှိတော့ပါဘူး ဆိုတဲ့) လေနဲ့ ၀မ်းနဲ့ မကွဲသူတွေ
ရှူးတိုက်ပေးရင် ကိုက်ချင်တဲ့သူတွေ
စပါးထောင်းရာ မောင်မပါ၊ စပါးပြာရာ မောင်မလာ
ထမင်းစားရာ မောင်ကပါတဲ့သူတွေ … သူတွေ … တွေ … တွေ
ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာတဲ့နှစ်တွေ
ဖွတ်ထွက်မှ တောင်ပို့မှန်း သိခဲ့ရတဲ့ နှစ်တွေ နှစ်တွေ …
သြော် … … ရာစုနှစ်ဝက် ကျော်ခဲ့ပါပကော။
 ပြည့်အသရေ ဘုရင်ငတေကြောင့် ပျက်ပါပကော။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts