Ni July ကဗျာ

နီဇူလိုင် ● ရေမဆေးကျောက်ကလေးများ

  နီဇူလိုင် ● ရေမဆေးကျောက်ကလေးများ
(မိုးမခ) မေ ၃၁၊ ၂၀၁၆

သကာပုံမှာအုံနေတဲ့ ပရွတ်ဆိတ်ကလေးတွေလို
သူတို့ဘ၀ခါးခါးတွေအတွက်
သကာတစက်တလေ လျှက်မိလေမလားဆိုတဲ့
အတွေးတွေနဲ့..
မျှော်လင့်ချက်တွေနဲ့..။

သူများထွေးထားတဲ့ ယင်တလောင်းလောင်းနဲ့
အန်ဖတ်ဟောင်း စွန့်ပစ်မြေစာပုံတွေဟာ
သူတို့အတွက်တော့ နတ်သုဒ္ဓါတမျှ ၀င်းပ
အသက်ဆက်ရမဲ့ အာဟာရတောင်တန်းကြီးတွေပေါ့ ..။

ဒါပေမဲ့
သူတို့အသက်ကလေးတွေနဲ့ ယက်..ယက်ပြီး
တူးနေတဲ့တွင်းတွေဟာ
သူတို့တကိုယ်စာသေတွင်းတွေ  ဖြစ်..ဖြစ်သွားရတဲ့အခါ..
ဆင်းရဲတွင်းထက် ဘယ်တွင်းနက်ဦးမလဲတဲ့
သိသိကြီးနဲ့..
ခုန်ဆင်းသွားကြရင်း..။

သူတို့ရှာဖွေတဲ့ ရေမဆေးကျောက်ကလေးတွေလိုပဲ
သူတို့အသက်မဲ့ခန္ဓာတွေဟာ  မြေစာတွေအလိမ်းလိမ်းကပ်လို့..။
မြေစာပုံထဲမှာ  ရေမဆေးကျောက်တွေ ထပ်ထပ်ဖြစ်လို့..။

နီဇူလိုင်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts