ကိုသန်းလွင် သူတို့အာဘော်

ကိုသန်းလွင် – ဆီလီကွန်းတောင်ကြား နှင့် ဒီဂျီတယ် မြန်မာ


ကိုသန်းလွင် – ဆီလီကွန်းတောင်ကြား နှင့် ဒီဂျီတယ် မြန်မာ

(မိုးမခ) မေ ၃၀၊ ၂၀၁၆
(၁)

လွန်ခဲ့သောနှစ် စက်တင်ဘာလက ဆီလီကွန်းတောင်ကြားသို့ရောက်ရှိလာသော အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နီရန်ဒါး မိုဒီက အိန္ဒိယနိုင်ငံကို “ဒီဂျစ်တယ် အိန္ဒိယ” ဖြစ်အောင် ပြောင်းလဲပစ်ရမည်ဟုဆိုခဲ့ပါသည်၊ သူရောက် သွားချိန်မှာ တရုတ်သမ္မတ ရှီဂျင်ပင်း၏ဆီလီကွန်တောင်ကြား လည်ပါတ်ရေးခရီးစဉ် အပြီးတပါတ် အကြာမှာ ဖြစ်ပါသည်၊ လွန်ခဲ့သော ဖေဖော်ဝါရီလကလည်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လုံး ဆီလီကွန်း တောင် ကြား (Silicon Valley) မှ ကုမ္ပဏီများသို့ အလည်အပါတ်သွားခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်ကြီးများသည် အမေရိကန် မြို့တော် ၀ါရှင်တန်၊ နယူးယောက်မြို့ကြီးများ အပြင် ဆီလီကွန်းတောင်ကြား ကမ္ဘာကျော် ကုမ္ပဏီကြီးများ၏ ဗဟိုချက်မ နေရာသို့ လာရောက်နေကြခြင်းမှာ စိတ်ဝင်စားစရာဖြစ်လာပါသည်၊ ဂျပန်၊ ဘရာဇီး၊ ပြင်သစ်နှင့် အိုင်ယာလန်၊ အစ္စရေး၊ ရုရှား၊ မလေးရှားနိုင်ငံ အင်ဒိုနီးရှားနိုင်ငံ တို့မှ ခေါင်းဆောင်ကြီးများဆီလီကွန်းတောင်ကြားရှိ ကုမ္ပဏီ CEO များနှင့် တွေ့ဆုံဆွေးနွေး နေကြခြင်းဖြစ်ပါသည်။ တချို့ခေါင်းဆောင်ကြီးများမှာဤနေရာသို့ ဦးစွာလာပြီးမှမြို့တော် ၀ါရှင်တန်ရှိ နိုင်ငံရေး ခေါင်းဆောင် ကြီးများကိုသွားရောက်တွေ့ဆုံကြသည်လည်းရှိပါသည်၊

(၂)

ကမ္ဘာကြီးကိုအင်တာနက် ကမ္ဘာကြီးဖြစ်အောင်၊ ဆက်သွယ်ရေးတွင် နေရာအနှံ့ချက်ခြင်း ဆက်သွယ်နိုင်အောင် Global Village ဖြစ်အောင်၊ ပြောင်းလဲပေးရာတွင်ဆီလီကွန်းတောင်ကြားမှ ကုမ္ပဏီများက ဦးဆောင်ပါဝင်ခဲ့ကြ ပါသည်။

Gold Rush ဟုခေါ်သော ၁၈၄၉ ခုနှစ်များဆီက အမေရိကန်ပြည်ထောင်စု အနောက်ဖက်ကမ်းခြေရှိ ကာလီဖိုးနီးယားနယ်တွင် ရွှေရှာသူ အများအပြား ရွှေကိုတွေ့ရှိခဲ့ကြပါသည်၊ ရွှေလုပ်ငန်းဖြင့်ချမ်းသာသွားသူ၊ ဆင်းရဲသွားသူတွေရှိခဲ့ကြပါသည်၊ ထိုအချိန်က Mr. William Stanford မှာ ရွှေရှာသူများ အသုံးပြုရန် ဂေါ်ပြား များ၊ တူးရွင်းများ၊ တောင်း နှင့် ထည့်စရာများ အခြား အသုံး အဆောင် ပစ္စည်းတွေကို ရောင်းပြီး ချမ်းသာ ကြွယ်ဝလာခဲ့ပါသည်၊ နောက်ပိုင်း တွင်သူဌေး စတင်းဖို့ဒ်မှာ မြို့တော်ဝန်၊ ဆီနေတာ စသည်ဖြင့် ရီပါတ်ဘလီကင် လွှတ်တော်အမတ်တယောက် ဖြစ်လာခဲ့သည်၊ သူသည် မီးရထား ကုမ္ပဏီကို ထူထောင်ပြီး ကာလီဖိုးနီးယားနှင့် အရှေ့ဘက်ကမ်းခြေကို ဆက်သွယ်ရန် မီးရထား လမ်းဖေါက်ခဲ့သည်၊

ထိုအချိန်တွင် သားဖြစ်သူမှာ တိုက်ဖွိုက်ရောဂါဖြင့် ဆုံးပါးသွားခဲ့ရာမှ မိဘနှစ်ပါးစလုံးများစွာပူဆွေး သောက ရောက်ခဲ့ကြရပါသည်၊ မိမိသားဆုံးပါးသွားသောအခါ ကာလီဖိုးနီးယား တနယ်လုံးမှ သားအရွယ် လူငယ်တွေကို သားကဲ့သို့ ချစ်ခင်ပြုစုပျိုးထောင်ပေးရမည်ဟူသော ကောင်းမြတ်သည့် အမြင်တခုကို မြင်လာခဲ့ကြပါသည်၊ သူတို့သည် ဧက ၆၀၀ ကျော်ကျယ်ဝန်းသည့် မြေနေရာတခုကိုဝယ်ခါ (Stanford University) ကိုထူထောင် ပြီး တက္ကသိုလ်ကောလိပ် ပညာရပ်များကို အခမဲ့သင်ပေးခဲ့ကြပါသည်၊ ၄င်းသည် ပညာသင်ရာ ဌာနကြီးတခုအပြင် လက်တွေ့ကျသော ဗဟုဟုတများကိုလည်းပေးရမည်ဟု ရည်ရွယ်ခဲ့ကြသည်၊

ပဌမဆုံး လျှပ်စစ်အင်ဂျင်နီယာဌာနကို ထူထောင်ခဲ့ပြီး နောင် ၁၉၃၉ခုနှစ်တွင် HP ကုမ္ပဏီကို ထူထောင်ကြမည့် Mr. Hewlett နှင့် Mr. Packett တို့မှာ ဦးစွာဘွဲ့ရသူများတွင် ပါဝင်ခဲ့ကြပါသည်၊ HP မှ ပဌမဆုံး Audio Oscillator များကို Walt Disney ကုမ္ပဏီသို့ရောင်းချခဲ့ကြပါသည်။

ကျောင်း၏ခံယူချက်မှာ သုတေသနနှင့် စီးပွားရေးလုပ်ငန်းကို ယှဉ်တွဲလုပ်ကိုင်နိုင်ရမည် ဟူသော အယူအဆ ပင် ဖြစ်သည်၊ Klyston Tube ကို ဗေရီရမ်ညီအစ်ကို နှစ်ယောက်က တီထွင်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမာန် U Boat များကို ရှာဖွေပေးနိုင်ခဲ့ကြပါသည်၊ ထရန်စစ္စတာ တီထွင်သူ Mr. Shockley မှာလည်း ဤကျောင်း ထွက်ပင် ဖြစ်ပြီး သူကနောက်ပိုင်းတွင် Fairchild ကုမ္ပဏီကိုထူထောင်ကာ ဆီလီကွန်ဒတ်တာ များထုတ်လုပ် ခဲ့ပါသည်၊ ၁၉၆၈ ခုနှစ်တွင် ဤကျောင်းဆင်းများကပင် Intel ကုမ္ပဏီကို ထူထောင်ပြီး သုတေသနနှင့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ကြပုံမှာ တကမ္ဘာလုံး လူနေမှု ပုံစံပြောင်းသွားသည် အထိ အကျိုးရှိထိရောက်ခဲ့ပါသည်။

၁၉၇၀ နှစ်များဆီက ဂျပန်နိုင်ငံ၏ တိုယိုတာကုမ္ပဏီသည် ကားထုတ်လုပ်ရေး၌ အဆင့်အတန်းမြင့်မားလှသော ကြောင့် သူ၏ အုပ်ချုပ်ပုံစနစ်၊ ထုတ်လုပ်ရေး အလုပ်ရုံ၌ လုပ်သားများ အလုပ်လုပ်ပုံကို ကမ္ဘာအရပ်ရပ်မှလာပြီး လေ့လာကြ၊ နည်းယူကြရသည်၊ တဖန် ဂျာမနီနိုင်ငံမှ Mittelstand ခေါ် မိသားစုပိုင် စက်မှုကုန်ထုတ်လုပ်ရေး လုပ်ငန်းများ မှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးအရည်အသွေးရှိသည့် နှစ်ရှည်ခံ၊ အကြမ်းခံ၊ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် နာမည်ကြီးလာသောကြောင့် ဂျာမန်ပုံစံကို ကမ္ဘာအရပ်ရပ်မှလာပြီး နည်းယူကြရသည်။

ယခုအခါ ၁၉၉၀ နှစ်များ အင်တာနက် စတင်ပေါ်ပေါက်လာချိန်မှစပြီး ပဌမတွင် အိမ်တွင်းသေးငယ်သော ကုမ္ပဏီလေးများမှ တကမ္ဘာလုံး မိမိကုန်ပစ္စည်း Brand ဖြင့် လွှမ်းမိုးထားနိုင်သော ကုမ္ပဏီများ ရှိရာ ဆီလီကွန်း တောင်ကြားသို့ ကမ္ဘာအရပ်ရပ်မှ လာရောက်လေ့လာလျက်ရှိကြပါသည်၊ နိုင်ငံ၏ ပေါ်လစီရေးရာများကို စီမံ ဆုံးဖြတ်နိုင်သော နိုင်ငံခေါင်းဆောင်များမှာလည်း တဖွဲဖွဲရောက်လာကြသည်၊ တီရှပ် ၀တ်ထားသော ကုမ္ပဏီ အုပ်ချုပ်သူများနှင့် ရင်းရင်းနှီးနှီး ဆွေးနွေးနေကြပုံများကို သတင်းများတွင်အမြဲတွေ့နေကြရပါသည်၊ ထို ခေါင်းဆောင်ကြီးများမှာ မိမိတို့ပြည်သူလူထုထံ သူတို့ခေါင်းဆောင်များသည် နိုင်ငံတော်တိုးတက်ရေးအတွက် စက်မှုသိပ္ပံပညာများကို မည်မျှစိတ်ဝင်စားပါသည်ဟူသော အချက်ကို ညွှန်ပြနေကြပါသည်။

(၃)

လက်ရှိ ဂူးဂဲလ်ကုမ္ပဏီ၊ မိုက္ကရိုဆော့(ဖ)နှင့်Adobeကုမ္ပဏီကြီးများ၏ စီအီးအိုများမှာ အိန္ဒိယနိုင်ငံတွင် မွေးဖွား ခဲ့သူများ ဖြစ်ရာ အိန္ဒိယ၀န်ကြီးချုပ် မိုဒီ အဖို့ မိမိတို့ ဘာသာစကားဖြင့်ပင် ဆွေးနွေးတိုင်ပင်နိုင်ကြသည်၊ ဂူးဂဲလ် စီအီးအို စွန်ဒါပီချိုင်း၊ Sundar Pichail က အိန္ဒိယနိုင်ငံမှ မီးရထားဘူတာ ၁၀၀တွင် အခမဲ့ ၀ီဖီ(Wi-Fi) ဆားကစ်များကို တပ်ဆင်ပေးမည်ဟုဆိုသည်၊ ရည်ရွယ်ချက်မှာ နှစ်ကုန်တွင် ဘူတာရုံ ၄၀၀အထိ အပြီးတပ်ဆင် ပေးရန်ဖြစ်သည်၊ အိန္ဒိယပြည်တွင် ဘူတာပေါင်းရုံပေါင်း ၇၅၀၀ ခန့်ရှိရာ ဤစီမံကိန်းမှာ လွယ်လွယ်ကူကူတော့ မဟုတ်ပေ၊ မိုဒီ၏ ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိ အိန္ဒိယတနိုင်ငံလုံးကို အင်တာနက် ဆက်သွယ်ရေးစီမံကိန်းမှာ ဂူးဂဲလ်က ပါဝင်လိုသည်၊ အိန္ဒိယပြည်တွင် လူဦးရေ သန်းထောင်ပေါင်း ၁.၂၅ မျှရှိရာကြီးမားသော ဈေးကွက်ဖြစ် သည်၊ အင်တာနက်သုံးစွဲသူ ၃၂၈ သန်းမျှ ရှိသည်ဟု ခန့်မှန်းကြသည်။

ဂူဂဲလ် ကုမ္ပဏီတွင် အိန္ဒိယနိုင်ငံသားအများအပြားပါဝင်သော အာရှတိုက်သား အလုပ်သမား များက ၀န်ထမ်း အားလုံး၏ ၃၀ % အထိရှိသည်၊

အိန္ဒိယ၀န်ကြီးချုပ်တွင် ဖေ့(စ)ဘွတ်မိတ်ဆွေ သန်း၃၀ မျှရှိပြီး တွစ်တာအကောင့်မှာ ဖေါလိုးလုပ်သူ ၁၅သန်း မျှရှိသည်၊ သူ့ထက် မိတ်ဆွေပိုများသူမှာ အမေရိကန်သမ္မတကြီး အိုဘားမားသာရှိသည်၊ မိုဒီက “အရင်က မဲဆွယ်တယ်ဆိုတာငါးနှစ်မှာ တကြိမ်ဘဲလုပ်ရတယ် အခုတော့ ငါးမိနစ်တကြိမ် မဲဆွယ်နေရသလိုပါဘဲ” ဟု ဆိုရှယ် မီဒီယာများ အသုံးဝင်ပုံကိုရှင်းပြခဲ့သည်။

တရုတ်သမ္မတကြီးကမူ ဆီရာတဲလ်မြို့ရှိ Apple၊ ဖေ့(စ)ဘွတ်နှင့် အမေဇုန်တို့မှ စီအီးအိုများနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်၊ မတ်လအတွင်း က ကာဇက်စတန်၊ ဂါဗွန်၊ ပါရာဂွေး အစရှိသောနိုင်ငံများအပါအ၀င် ၃၅ နိုင်ငံမှ သံ အမတ်ကြီးများက မိမိတို့ နိုင်ငံအသီးသီးတွင် ထိုစက်မှုပညာရပ်များကို အသုံးချနိုင်ရန် လေ့လာရေး ခရီးထွက် ခဲ့ကြသည်၊ နိုင်ငံပေါင်းစုံတက္ကသိုလ်များမှ ကျောင်းသားများ ပရော်ဖက်ဆာများမှာလည်း တဖွဲဖွဲ လာရောက် လေ့လာနေကြသည်၊

ဘရာဇီးနိုင်ငံသမ္ပတ ရောက်လာစဉ်ကမူ ဂူဂဲလ်ကမိမိဝန်ထမ်း ဦးရေကို ဘရာဇီး နိုင်ငံတွင် နှစ်ဆတိုး၍ခန့်ထား ပါမည်ဟုကတိပေးခဲ့သည်၊ ဂျပန်ဝန်ကြီးချုပ် အာဘေးက သူ့ခရီးစဉ်အတွင်းမှာပင် နောက်ထပ် ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၃၀ ခန့်ကို လေ့လာရန် လွှတ်ပေးဘို့အစီအစဉ်များချမှတ်ခဲ့သည်၊

ပြင်သစ်သမ္မတကြီး၊ အစ္စရေးဝန်ကြီးချုပ်၊ တို့မှာ သူတို့နိုင်ငံများ၌ ရင်းနှီးမြှပ်နှံမှုအသစ်များကို ဖိတ်ခေါ်ရန် လာ ရောက်ကြခြင်းမဟုတ်ပါ၊ ဤကုမ္ပဏီ ကြီးများသည် တက်ခနိုလိုဂျီ နှင့် စီမံခန့်ခွဲမှု ပုံစံကြောင့် တကမ္ဘာလုံး အဖို့ မိမိတို့ (Brand) အမှတ်တံဆိပ် ပြန့်နှန့်သွားအောင် စွမ်းဆောင်နိုင်ကြသည်၊ သူတို့အောင်မြင်မှုများမှာ အားကျ ဘွယ်၊ လေ့လာဘွယ်ဖြစ်သည်၊ Starbuck ကော်ဖီ , Adidas, Intel, Canon, စသည်ဖြင့် စက်မှုအတတ်ဖြင့် ဦးဆောင်ကုမ္ပဏီကြီးများမှာ ထိုဒေသတွင် အုပ်မြစ်ချ အစပြုခဲ့ကြ ခြင်းဖြစ်သောကြောင့် ဤဆီလီကွန်း တောင် ကြားတွင် ထူးခြားမှုများရှိသည်။

စင်ကာပူဝန်ကြီးချုပ်၏ ဖေဖော်ဝါရီလ ခရီးစဉ်အပြီးတွင် ၀န်ကြီးချုပ်က ဆီလီကွန်းတောင်ကြားမှ ကုမ္ပဏီများ အောင်မြင်သလို စင်ကာပူနိုင်ငံတွင်လည်း အလားတူ စက်မှု အချက်အခြာကျ ဇုံတခုကို ထူထောင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်၊ ထို့အတူ ဆီလီကွန်း တောင်ကြားရှိ စင်ကာပူနိုင်ငံသားများကို မိမိတို့နိုင်ငံ၌ အလားတူ တိုးတက်မှုများရအောင် ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။

သူ့ခရီးစဉ်ပြီးမှ တွစ်တာကုမ္ပဏီက သူ၏ဒေတာသိပ္ပံ အင်ဂျင်နီယာဌာနကို အမေရိကတိုက်ပြင်ပ၌ မဌမဦးဆုံး အနေဖြင့် စင်ကာပူတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပညာရှင် တရာကျော်မျှ ခန့်ထားမည်ဟုကြေငြာခဲ့သည် ဂူဂဲလ်နှင့် ဖေ့(စ)ဘွတ် ကုမ္ပဏီများကမူ သူတို့ရုံးခွဲများဖွင့်လှစ်ပြီးဖြစ်ကြသည်။

(၄)

မြန်မာနိုင်ငံ ဒီမိုကရေစီ အစိုးရသစ်၏ နိုင်ငံသစ်တည်ဆောက်သည့်အချိန်တွင် ကမ္ဘာကြီး၏ စက်မှုနည်းပညာ တိုးတက်လာသလို နည်းပညာများရင့်ကျက်လာချိန်ဖြစ်သည့်အလျောက် ရှိနေသည့် အခွင့်အရေးများကို အသုံးချနိုင်ရန် အရေးကြီးပါသည်၊ ကျွန်တော်တို့နိုင်ငံတွင် လျှပ်စစ်၊ ရေ ဖြန့်ဝေမှုမှအစ မပြည့်မစုံဖြစ်နေချိန်တွင် ထိုပြဿနာ များကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် အကြံဥာဏ်နှင့် Hard Ware အကူအညီများလို အပ်နေပါသည်။

တချိန်တည်းမှာပင် ကျွန်တော်တို့လိုအပ်နေသည်မှာ e-Government ခေါ် အစိုးရ၏လုပ်ငန်းမှန်သမျှကို ကွန်ပျူတာ စနစ်များ ဖြင့် ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်၊

ယနေ့ခေတ်တွင်ကျွန်တော်တို့၏ မှတ်ပုံတင်ကဒ်ပြားများမှာ စက္ကူကဒ်တွင်ဓါတ်ပုံကပ်၊ လက်ဗွေ နှိပ်ရသည့် စနစ် မဖြစ်သင့်တော့ပါ၊ လူတိုင်း၏မှတ်ပုံတင်၊ နေရပ်လိပ်စာကအစ ကွန်ပျူတာဒေတာ အဖြစ်သိမ်းဆည်းထားရန် ကွန်ပျူတာ Chip များပါသော ပလပ်စတိစ် ကဒ်ပြားများဖြစ်သင့်နေပါပြီ၊ ပြည်သူပိုင်ဆိုင်မှု၊ အိုးအိမ်ဒေတာ၊ ဘဏ်လုပ်ငန်းငွေစာရင်း၊ အကောက်ခွန် စသည်ဖြင့် ဆောင်ရွက်ဖွယ်ကိစ္စအ၀၀ကို ကွန်ပျူတာ Networks များဖြင့် ဆောင်ရွက်နိုင်ဖို့ လိုပေသည်၊ ကုမ္ပဏီ ကြီးများ၏ လုပ်ငန်းဆောင်တာအ၀၀ နှင့်မှတ်တမ်းမှတ်ရာ ဟူသမျှကို ကွန်ပျူတာဒေတာအဖြစ် မှတ်တမ်းတင်နိုင်ရပါမည်၊

တိုးတက်သောနိုင်ငံများ၏ ဘတ်ဂျက်ကိုကြည့်လျင် ကုမ္ပဏီကြီးများက ပေးဆောင်သည့် အခွန်ငွေကြေးက ပမာဏ အများဆုံးဖြစ်ပါသည်၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အလုံးအရင်းဖြင့် ရောက်လာရေးမှာ ကုမ္ပဏီများအဖို့ အဆင်ပြေစွာ အလုပ်လုပ် လည်ပါတ်နိုင်ရန် စနစ်နှင့် နည်းဥပဒေများ အဆင်သင့် ချမှတ်ပြီးဖြစ်ရပါမည်၊ လိုအပ်သော အခြေခံ အဆောက်အဦး Infra Structure ကို ပြင်ပြင်ဆင်ဆင် လုပ်ပေးထားရန်လိုပါသည်၊

အစိုးရကို ပေးသွင်းရန် အတွက်ဖြစ်စေ၊ ရထားလက်မှတ်၊ ကားလက်မှတ် လေယာဉ်ပျံလက်မှတ် စသည်ဖြင့် ၀ယ်ယူရန်ဖြစ်စေ ကွန်ပျူတာဖြင့် ငွေပေးငွေယူလုပ်နိုင်ပြီဟုဆိုလျင် လာဒ်ပေးလာဒ်ယူကိစ္စများလည်း လျှော့ နည်းသွားနိုင်သလို၊ အစိုးရကရရန်ရှိသည့်ဝင်ငွေများကိုလည်း မဖိတ်မစင်ဘဲ ကောက်ခံရရှိပါလိမ့်မည်။

ထို့ကြောင့်နိုင်ငံသစ်ထူထောင်ရာတွင် ကွန်ပျူတာများကို အသုံးချနိုင်ရေးမှာ ရှောင်လွှဲ၍ မရနိုင်သော အချက် တခုဖြစ်လာနေပါသည်၊

အတတ်ပညာ တက်ခနိုလိုဂျီက ရင့်ကျက်နေပြီးဟုဆိုရာတွင် ယနေ့ခေတ်တွင် အတတ်ပညာဖြန့်ဖြူးရေး၊ လွှဲပြောင်းပေးရေး၊ တပ်ဆင်ရေးကိစ္စများမှာ အလွယ်တကူ ဆောင်ရွက်နိုင်ပါပြီဟု ဆိုလိုရင်းဖြစ်ပါသည်၊ မြန်မာနိုင်ငံနှင့် အလားတူ မည်သည့် နိုင်ငံတွင်မဆို ကွန်ပျူတာနက်ဝပ်များ ထူထောင်လိုပါက Hardware နှင့် Software လိုအပ်ချက်များ အတွက် ဖြည်ူဆည်း ပေးနိုင်သည့် ကုမ္ပဏီကြီးများ ကမ္ဘာအရပ်ရပ်တွင် ပေါ်ပေါက် နေပါပြီဟု ဆိုလိုပါသည်၊ ဆီလီကွန်း တောင်ကြားတွင် ကွန်ပျူတာ ပရိုဂရမ်ရေးသူများ ရှိသလို အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့မှာလည်း ဆော့(ဖ)၀ဲယား ရေးသူ များဖြင့် အထင်ကရ ကုမ္ပဏီများရှိသည်၊ ကွန်ပျူတာ အသုံးပြုပုံကို ပြင်ပတွင် လက်တွေ့ နည်းယူနိုင်သည့် နိုင်ငံများလည်း အများ အပြားဖြစ်နေပါပြီ၊

နိုင်ငံတော်ထူထောင်ရေးအတွက် တက္ကသိုလ်များမှ ဘွဲ့ရလာကြမည့် လူငယ် လုပ်သားထု၏ အင်အားကို စုဆောင်း အသုံးချနိုင်စွမ်းရှိရပါမည်၊ လူကြီးတွေက နေရာပေးပြီး ဦးဆောင်ညွှန်ပြနိုင်ဘို့လိုအပ်ပါသည်၊ ပညာသင်ရာဌာနကြီးများက လိုအပ်သော အတတ်ပညာကို သင်မပေးလိုက်သောကြောင့်၎င်း၊ အခြား အကြောင်းများကြောင့်၎င်း လူငယ်များ၏ လုပ်အားကို အသုံးမချနိုင်ဘူးဆိုလျင် နိုင်ငံတော်အတွက် နစ်နာ ပါသည်၊ e-Government ပရောဂျက်တခုတည်းကပင်လျင် အလုပ်အကိုင် သိန်းသောင်းချီ၍ ဖန်တီးပေးနိုင် ပါလိမ့်မည်။

အိန္ဒိယ ၀န်ကြီးချုပ်က သူ့နိုင်ငံကို ဒီဂျစ်တယ်နိုင်ငံဖြစ်စေချင်သလို ကျွန်တော်တို့နိုင်ငံကို ဒီဂျစ်တယ်မြန်မာ နိုင်ငံဖြစ်ရန်မှာ အလွန်အလှမ်းကွာလျက်ရှိပါသေးသည်၊ သို့ပါသော်လည်း ယနေ့ ခေတ်သစ်တွင် ဒီဂျစ်တယ် နိုင်ငံတော်ကသာ ပြင်ပ နိုင်ငံများနှင့် ရင်ဘောင်တန်းလိုက်နိုင်ပါလိမ့်မည်၊

ကျွန်တော်တို့ အတွက် အရေးကြီးသည်မှာဖြစ်အောင်လုပ်ရမည် ဆိုသော ( Political Will) ရှိရန်ပင်ဖြစ်ပါသည်၊

ကိုသန်းလွင်

(Illustration credit – http://www.slideshare.net/dinhledat/southeast-asia-sea-digital-in-2015-q4-wearesocials )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကိုသန်းလွင် – ဆီလီကွန်းတောင်ကြား နှင့် ဒီဂျီတယ် မြန်မာ
  1. thank you. So advanced idea.
    let me share my experience.
    .
    အနည်းငယ်ကွန်မင့်ရေးပါရစေ။
    1. Myanmar Silicon is real silicon for growing. construction သဲတကျ
    င်း ကျပ်၁၅၀၀၀
    2. Our educated youths’ the best technology is mobile App. Phone banking is so fast industry. Payment by mobile ph is so much developing in Myanmar.(ph also come from silicon).

    3. mobile internet is so expensive. Fiber optic land ph development is slow. Free WiFi is available at coffee shop by land ph, but sadly, gov never give free WiFi at university.

    Silicon Myanmar
    Singapore based semiconductor engineers – so many doing business in myanmar sand industry. Ko Soe buy two sand truck car and daily 500 sgd profit. Good Silicon business in Myanmar.

    Just for fun.

Comments are closed.