ကဗျာ

ရိုးခက် ● မနက်ဖြန် ကျောင်းအဖွင့် သားကျောင်းတက်ချင်တယ် မေမေ

ရိုးခက် ● မနက်ဖြန် ကျောင်းအဖွင့် သားကျောင်းတက်ချင်တယ် မေမေ
(မိုးမခ) မေ ၂၉၊ ၂၀၁၆

မေမေ
သားတို့ရဲ့အိမ်ကလေး
ဘယ်တော့ပြန်ရမှာလဲ
မနက်ဖြန်တက်ရတော့မယ့်
သားတို့ရဲ့ကျောင်းကလေး
ဘယ်ရောက်သွားပြီလဲ
သားမဖြေလိုက်ရတဲ့
အတန်းတင်စာမေးပွဲ
ကုစားစနစ်မှာပါသေးလား
မေမေ
အဖေဘယ်မှာလဲ
အကိုကြီးဘယ်မှာလဲ
သားသူငယ်ချင်းရဲ့အကိုကြီး
အစိမ်းရောင်ဝတ်စုံနဲ့
သေနတ်ကြီးကိုင်လို့
မေမေ
သားတို့စားတဲ့ထမင်းကို
မေမေဘာလို့မချက်တာလဲ
မေမေချက်တဲ့ထမင်းနဲ့ဟင်း
သားစားချင်တယ်
သားအိမ်ပြန်ချင်လှပြီ
မေမေ သားကိုစကားပြန်ပြောပါ
မေမေနှုတ်ဆိတ်တော့
သားကျောင်းတက်ဖို့အတွက်
မနက်ဖြန်ကျောင်းဖွင့်ရက်မှာ
သားတို့ရဲ့ဘဝတွေ
အသစ်ကပြန်စရတော့မှာလား
မေမေ
အဖေနဲ့အကိုကြီးပြန်လာရင်
အဲ့ဒီအစိမ်းရောင် ဝတ်စုံတွေ
မဝတ်ပါနဲ့လို့ ပြောပေးပါ
အဲ့ဒီအရောင်တွေက
သားတို့ဘဝတွေကို
ဒုက္ခရောက်စေလို့
သားသိပ်မုန်းတယ်မေမေ
မနက်ဖြန်ကျောင်းတက်ဖို့
အိမ်ပြန်ကြစို့ မေမေ ။ ။

ရိုးခက်
24.5.2015


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts