မောင်မောင်စိုး ● ငြိမ်းချမ်းရေး အခင်းအကျင်းသစ် – အပိုင်း (၄)

မောင်မောင်စိုး ●  ငြိမ်းချမ်းရေး အခင်းအကျင်းသစ် – အပိုင်း (၄)

(မိုးမခ) မေ ၂၄၊ ၂၀၁၆

● ဘာပေးနိုင်မည်ကို အခြေခံမည်
၂၀၁၆ မေလ ၁၆ ရက်နေ့တွင် ပြုလုပ်သော ၂၁ ရာစုပင်လုံအကြိုဆွေးနွေးညှိနှိုင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “အမျိုး သားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိကအချက်မှာ ပါဝင်သူအားလုံးအနေဖြင့် မိမိတို့ မည်သည်ကိုလို ချင်သည်ဟူသော တောင်းဆိုမှုထက် မိမိတို့ဘက်က မည်သည်ကိုပေးနိုင်သည်ဟူသော ကမ်းလှမ်းချက်ကိုအခြေခံ၍ ဆွေး နွေးကြရန်ဖြစ်ကြောင်း” ပြောဆိုခဲ့သည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးပွဲဆိုင်ရာ လမ်းညွှန်ချက်နှင့်ပတ်သက်၍ အချို့က တိုင်းရင်းသားတွေမှာ ဘာများ ပေးစရာရှိမည်နည်းဟူ၍ တိုင်းရင်းသားအခွင့်အရေးဆုံးရှုံးမှု ပေါ်သက်သက်အခြေခံ၍ ပြောဆိုနေကြသည်ကိုတွေ့ရသည်။ တကယ်တမ်းဆိုလျင် ဤအချက်မှာ ဆွေးနွေးပွဲဆိုင်ရာလမ်းညွှန်ချက်သာဖြစ်သည်။ ထို့ပြင် မိမိတို့ဘက်က မည်သည်ကို ပေးနိုင်သည်ဟူသော ကမ်းလှမ်းချက်သည် တိုင်းရင်းသားအဖွဲ့များသက်သက်ကိုသာ ဆိုလိုသည်မဟုတ်ပေ။ ဆွေးနွေးပွဲတွင် ပါဝင်ကြမည့် အစိုးရရော မြန်မာစစ်ဖက်ပါ မိမိတို့ မည်သည်ကိုပေးနိုင်သည်ဆိုသည့် ကမ်းလှမ်းချက်ကို ဖေါ်ပြရမည်ဖြစ်သည်။ မည်သည့်အချက်ကို လက်ခံရမည်ဟူသည့် တောင်းဆိုချက်ကို နောက်သို့ပို့ရပေတော့မည်။

ဆွေးနွေးပွဲအခြေခံကို ဘက်အားလုံးက လိုက်လျောပေးနိုင်သည့်အချက်များပေါ် မူတည်၍ အစချီရန်ရည်ရွယ်ပုံရသည်။ တဖက်ကဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်များအား လက်နက်စွန့်ရန်တောင်းဆိုနေမှုအပါ တဖက်က တဖက်ကို တောင်းဆိုချက် အရင်မလုပ်ဘဲ မိမိတို့ဘက်က ဘာလုပ်ပေးနိုင်သည်ကို အရင်အစချီရန်ဆိုလိုခြင်းလည်းဖြစ်ပုံရသည်။ ဒေါ် အောင်ဆန်းစုကြည်၏ပြောကြားချက်ကို ဘက်စုံက စဉ်းစားသုံးသပ်ကြရန်လိုသည်။ လက်ရှိဆွေးနွေးပွဲများတွင် မည်သူက ကိုယ်လိုချင်သည်များကိုဘဲ တောင်းနေသည်ကို ပြန်လည်သုံးသပ်ကြစေချင်သည်။

ထို့ကြောင့်လည်း ဆွေးနွေးကြရာတွင် NCA အခြေခံ၍ ပြောင်းလွယ်ပြင်လွယ်ဖြစ်ရန် နိုင်ငံရေးမူဘောင်များကိုပြန်လည်သုံးသပ်၍ ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ ဆိုခဲ့ခြင်းဖြစ်သည်။ ဤအချက် နှင့်ပတ်သက်၍ ဘက်စုံမှလေးလေးနက်နက် ထည့်သွင်းစဉ်းစားကြရန်လိုအပ်ပေသည်။

● ယုံကြည်မှုတည်ဆောက်ရေး
ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးညီလာခံများတဆင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့သွားရန် ဆက်လုပ်း သွားရန်လိုသည်ဟု သူမသွားမည့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဖေါ်ပြခဲ့သည်။ ဆိုလိုသည်မှ အားလုံးလက်ခံထားသည့် အတိုင်း ငြိမ်းချမ်းရေးညီလာခံတခုကျင်းပရုံမျှနှင့် ပြဿနာကို ဖြေရှင်း၍မရနိုင်ပေ။ ထိုအပြင် အနှစ် ၆၀ ကျော်ကာလတွင် လက်နက်ကိုင်ပဋိပက္ခပြင်းထန်စွာဖြစ်ပွားခဲ့သော ဖက်များအတွင်း တဖက်နှင့်တဖက် ယုံကြည်မှုကင်းမဲ့နေကြသည်မှာ အ မှန်ပင်ဖြစ်သည်။

နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော တိုက်ပွဲများအတွင်း ဖက်အသီးသီးတွင် ထိခိုက်မှုဆုံးရှုံးမှု နာကျည်းမှုများ မုန်းတီးမှုရှိကြသည်။ဤသည်တို့ကိုကျော်လွှားရန်လိုသည်။ပျက်ပြားနေသော ယုံကြည်မှုကို တည်ဆောက်ရန်လိုသည်။ တဖက်နှင့်တဖက် ယုံကြည်မှုရှိမှသာ ဆွေးနွေးပွဲကို ချောမွေ့နိုင်စေလိမ့်မည်။ လွယ်ကူသော လူမှုဘဝတွင်းမှ ဥပမာတခုပေးရလျှင် ရင်းနှီးကျွမ်း ဝင်သူအချင်းချင်း ခေါင်းပုပ်ပုပ် ထိပ်ပုပ်ပုပ် ပြဿနာမရှိ။ အလားတူ ဆဲဆိုပြောဆိုကြလည်း ပြဿနာမရှိ။ သို့ထိုအပြုအမူ အပြောအဆိုမျိုးကို မရင်းနှီးသူ နားလည်မှု မရှိသူနှင့် ပြု၍မရ။ တယောက်နှင့်တယောက် မျက်နှာကြောမတည့်သူဆို ပို၍ ပြု မရ။

သို့ဖြစ်ရာ ငြိမ်းချမ်းရေးညီလာခံများအတွင်း တဖက်နှင့်တဖက် တယောက်နှင့်တယောက် ယုံကြည်မှု ရင်းနှီးမှု တည်ဆောက် ရန်လိုသည်။ တဖက်၏ ခံစားမှု စိုးရိမ်မှုကို နားလည်အောင် အပြန်အလှန်ကြိုးစားကြရန် လိုသည်။ အထူးသဖြင့် ဤငြိမ်း ချမ်းရေးဖြစ်စဉ်တွင် အဓိကပါဝင်ကြမည့် ဇတ်ဆောင်များ (stake holder ဟုလည်း ဆိုကြသည်) အတွက် ထိုအချက်သည် အရေးကြီးပေသည်။

ပြီးခဲ့သော ၂၀၁၆ ဇန္နဝါရီလအတွင်း ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်ကြသည် အဓိကဇတ်ဆောင် အချို့သည် ဆွေးနွေးပွဲတွင် ဆွေးနွေးသည်မှအပ ဆွေးနွေးပွဲအချိန်ပြီးသည်နှင့် မိမိဘာသာ တသီးတခြား ထီးထီးနေကြသည်။ တိုင်းရင်းသားအဖွဲ့များနှင့် ရင်းနှီးမှုတည်ဆောက်ခြင်း အပြန်အလှန်နားလည်မှုတည်ဆောက်နိုင်ရန် ဆွေးနွေးပွဲပြင်ပတွင် ကြိုးစားခြင်းမရှိကြချေ။ ဤအားနည်းချက်ကို အထူးသတိပြုသင့်သည်။ ငြိမ်းချမ်းရေးညီလာခံများ စားပွဲဝိုင်းဆွေးနွေးပွဲများ သည် တဖက်နှင့်တဖက် ယုံကြည်မှုတည်ဆောက်ရန် အကောင်းဆုံးကာလဖြစ်သည်ကိုသတိပြု ရန်လိုအပ်ပေသည်။

● ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု
နိုင်ငံရေးဆွေးနွေးပွဲတွင် မိမိကဘာပေးနိုင်သည်ဟု အစချီသကဲ့သို့ ဆက်လက်ဆွေးနွေးရာတွင်လည်း တပြည်နယ်ချင်းပြ ဿနာများကို ထိပ်မတင်ဘဲ မြန်မာပြည်တွင် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ပါကမည်သို့သော ပုံစံဖြင့်တည်ဆောက်မည် ကို ဦးတည်ဆွေးနွေးသင့်သည်ဟု သုံးသပ်ရပါသည်။ မြန်မာပြည် တိုင်းရင်းသားလူမျိုးများအနေအထား ပြည်နယ်များ အနေအထားမှအစချီ၍ ဖက်ဒရယ်ပြည်ထောင်စုအတွက် မည်သည့်ပုံစံ မည်သည့်အခွင့်အရေးရသင့်သည်။ ၎င်းမှတဆင့် လက်တွေ့ကျသည့် ပြည်နယ်ပြည်မပြဿနာ၊ ဥပဒေပြုရေးပြဿနာ၊ အုပ်ချုပ်ရေးပြဿနာ၊ တရားစီရင်ရေး ပြဿနာ လက် နက်ကိုင်တပ်ဖွဲပြဿနာများကို မည်သို့မည်ပုံထားသင့်သည်။ ၎င်းမှတဆင့် ပြည်နယ်တခုချင်း ထူးခြားချက်များကို ထည့်သွင်း ဆွေးနွေးခြင်း၊ ၎င်းမှတဆင့် အားလုံးလက်ခံနိုင်သည့် သဘောတူညီချက်တခုရယူပြီး ထိုသဘောတူညီချက်နှင့်အညီ ပါဝင် သူအားလုံး လိုက်နာဆောင်ရွက်သည့် နည်းလမ်းသည် ကောင်းမွန်ဖွယ်ရှိသည်ဟု ယူဆရပါသည်။

ထိုဖြစ်စဉ် လွယ်ကူလှမည်မဟုတ်သော်လည်း ကျော်လွှားရမည့် ဖြစ်စဉ်ဟုဆိုရပါမည်။

● တိုင်းရင်းသားများယုံကြည်မျှော်လင့်မှုအခြေအနေ
၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် တိုင်းရင်းသားပါတီများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် တိုင်းရင်းသားပြသနာဖြေရှင်းနိုင်ရေးနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲတွင်အနိုင်ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပေါ် လွန်စွာမျှော် လင့်ချက် ကြီးစွာထားရှိခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ ထိုယုံကြည်မျှော်လင့်မှု လျော့ကျနေသည်ဟုဆိုနိုင်သည်။

ရွေးကောက်ပွဲတွင်ပါဝင်အနိုင်ရထားသည့် အင်အားကောင်းသည့် တိုင်းရင်းသားပါတီများအနေနှင့်လည်း ပြည်အစိုးရဖွဲ့စည်း ရေးနှင့် ပတ်သက်၍ဖြစ်စေ၊ ရွေးကောက်ပွဲအပြီး ပါတီချင်းဆွေးနွေးမှုဖြစ်စေ၊ NLD ၏ကမ်းလှမ်းမှုပေါ်မလာသဖြင့် ဒေါ်အောင် ဆန်းစုကြည်နှင့် NLD အစိုးရသစ်အပေါ် ယုံကြည်မျှော်လင့်မှုလျော့လာသည်ကို တွေ့ရသည်။

အလားတူပင် မြန်မာစစ်ဖက်ခေါင်းဆောင်များက ၂၀၁၆ မေလ ၁၃ ရက် သတင်းစာရှင်းလင်းပွဲတွင် သူတို့အနေနှင့် ဒေါ် အောင်ဆန်းစုကြည်၏၂၁ ရာစုပင်လုံညီလာခံတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောနေစဉ်မှာ ရှမ်းပြည်မြောက်ပိုင်းရှိ SSPP/SSA ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့်လည်းကောင်း၊ ကချင်ပြည်နယ်ရှိ KIO/KIA ကချင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့်ပြင် တိုက်လေယာဉ်များ တိုက်ခိုက်ရေးရဟတ်ယာဉ်များ စသည့် လေကြောင်းပစ်ကူများအသုံးပြုတိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

ထိုသို့တိုက်ခိုက်မှုများနှင့် အစိုးရသစ်က ရေငုံနှုတ်ပိတ်နေသည့်အတွက် တိုင်းရင်းသားများအတွက် အများကြီးစဉ်းစားစရာ ဖြစ်ပေါ်စေသည်ဟု KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒေါင်ခါးကဆိုခဲ့သကဲ့သို့ SSPP/SSA ကလည်း ကြေငြာချက်ထုတ်၍ ၂၁ ရာစု ပင်လုံအား အနှောက်အယှက်ဖြစ်စေသည့်လုပ်ရပ်ဟူ၍ ကန့်ကွက်သည်ကိုတွေ့ရသည်။ ထို့ပြင် ရခိုင်စစ်ဘေးဒုက္ခသည်များကူညီရေးနှင့် AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်ဆွေးနွေးရေးနှင့်ပတ်သက်၍ ANP ရခိုင်အမျိုးသားပါတီမှ လွှတ် တော်ကိုယ်စားလည်မှ တင်ပြသည့်အဆိုအားလည်း ပြည်သူလွှတ်တော်ဥက္ကဌ၏ ပယ်ချခြင်းကိုခံခဲ့ရသည်။ ထိုအချင်းအ ရာများနှင့်ပတ်သက်၍ တိုင်းရင်းသားအဖွဲ့အစည်းများအနေနှင့်စဉ်းစားစရာများဖြစ်ခဲ့သည်တော့ အမှန်ပင်ဖြစ်သည်။

တိုင်းရင်းသားများဘက်ကစဉ်းစားသည်မှာ ပြည်ထောင်စုအစိုးရအင်္ဂါစဉ် ၁ နှင့် ၂ တွင်ရှိသော သမတဦးထင်ကျော်နှင့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂို လ်ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါစဉ် ၈ တွင်ရှိသော ကာကွယ်ရေးဦးစီးချုပ်အား အမိန့်ပေးနိုင် ခြင်း ရှိ/ မရှိအပေါ် အဓိက အလေးပေးစဉ်းစားပုံရသည်ဟု ဆိုရမည်။ သူတို့အဖို့ သူတို့အတွက် လက်တွေ့ကျသည့်ဘက်မှ စဉ်းစားသည်ဟု ဆိုနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှကြည့်လျင် နိုင်ငံတော်အစိုးရအာဏာအား ရွေးကောက်ပွဲတွင်အနိုင်ရသည့် NLD ပါတီထံသို့ လွှဲပြောင်းရယူနိုင်ရေးကို ဦးစားပေးခဲ့သည်။ ပြောရလျှင် မြန်မာစစ်ဖက်နှင့်ရင်ကြားစေ့ရေးကို ဦးစားပေးခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သူမအနေနှင့် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း အဖြစ်မျိုးအားနောက်တကြိမ် အဖြစ်မခံနိုင်တော့။ သို့အတွက်တိုင်းပြည်အပြောင်းအလဲအတွက် နောက်တကြိမ် အထိအခိုက်မခံနိုင်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ သူမအနေနှင့် ဦးစွာအားဖြင့် မြန်မာစစ်ဖက်နှင့်ရင်ကြားစေ့ရေးအခြေခံပေါ်မှ တိုင်းရင်းသားပြဿနာဖြေရှင်းမည်ဟု ရည်ရွယ်လုပ်ဆောင်နေသည်ဟု ယူဆရ သည်။ သူမ၏ အမြင် သူမ၏သဘောထားများနှင့်ပတ်သက်၍ မတူသောအမြင် (ဝါ) အငြင်းပွားဖွယ်ရာများ ရှိနိုင်သော်လည်း သူမလျှောက်သည့်လမ်းကား ဤလမ်းသာဖြစ်သည်ကိုတော့ သတိပြုရန်လိုပေသည်။

ထို့ပြင်လက်ရှိ ၂၁ ရာစုပင်လုံကိုဦးဆောင်ပြုလုပ်မည့် ထိပ်ဆုံးခေါင်းဆောင် ၂ ယောက်မှာ အသစ်များဖြစ်သော်လည်း သူတို့ လက်အောက်ရှိ ကော်မတီဝင်များသည် လူဟောင်းများဖြစ်ကြလေရာ တိုင်းရင်းသားတို့အနေနှင့်ထိုလူဟောင်းများ၏ သ ဘောထားဟောင်းများကို ကြုံတွေ့ခဲ့ဘူးပြီဖြစ်ရာလမ်းဟောင်းအတိုင်းဆက်သွားကြမည်ကို စိုးရိမ်သည်မှာ ဓမ္မတာပင်ဖြစ် သည်။

မျှော်လင့်စရာရှိသည်ကား ဆွေးနွေးပွဲများ ညီလာခံများ အရှိန်ဟုန်ရလာ၍ လမ်းမှန်ပေါ်သို့ရောက်မှသာ အားလုံး၏သံသယ သည် တဖြေးဖြေးပျောက်ကွယ်မည်ဟုသာ ဖြစ်ပေတော့သည်။ လက်တွေ့လုပ်ရပ်များသည်သာ သံသယများအား ချေဖျက် နိုင်ပေလိမ့်မည်။

● လက်နက်စွန့်ရေး
လက်ရှိအချိန်တွင် မြန်မာစစ်ဖက်ခေါင်းဆောင်များ တောင်းဆိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်များ လက်နက်စွန့် ရေးဖြစ်သည်။ မြန်မာ စစ်ဖက်ခေါင်းဆောင်များက MNDAA/TNLA/AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့အား လက် ငင်း လက်နက်စွန့်ရန်တောင်းဆိုထားသကဲ့သို့ လက်ရှိ NCA လက်မှတ်ထိုးထားသောအဖွဲ့များအားလည်း DDR အရ လက် နက်စွန့်ရန် တောင်းဆိုထားသည်။

မြန်မာစစ်ဖက်က ပြည်တွင်းသောင်းကျန်းမှုသမိုင်းဟုဆိုသည့် ပြည်တွင်းစစ်သမိုင်းတွင် အစိုးရအား လက်နက်ကိုင်ပုန်ကန်သည့်အဖွဲ့များအား လက်နက်စွန့်ခိုင်းသည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ ဖဆပလ အစိုးရခေတ်ကစပြီး လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်မည်ဟု ဆိုခဲ့ဘူးသည်။ လက်နက်စွန့်ခဲ့သူများလည်း ရှိခဲ့သည်မှာ အမှန်ဖြစ်သည်။ သို့သော် လက် နက်ကိုင်အဖွဲ့များအား လက်နက်စွန့်ရေးမူသည် သမိုင်းအရတော့ မအောင်မြင်ခဲ့ပေ။

ယနေ့တွင်လည်း လက်နက်စွန့်ရေးတောင်းဆိုချက်သည် အောင်မြင်ဘွယ်ရာမရှိသည့်ပြင် လက်တွေ့လည်းမကျပေ။ တိုင်း ရင်းသားအဖွဲ့များအနေနှင့် သူတို့အခွင့်အလမ်းများနှင့်ပတ်သက်၍ သေချာမှုမရှိဘဲ လက်နက်စွန့်ရန်ဖြစ်နိုင်ဖွယ်မရှိချေ။ လက်တွေ့ကျသည်ကိုသာ ချဉ်းကပ်ရန်လိုပေလိမ့်မည်။ လက်ငင်းအနေအထားအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် လက်နက်စွန့်သည်ထက် မိမိအင်အားသာလွန်ကောင်းမွန်အောင်ကြိုးစားနေသည်က လက်တွေ့ဘဝဖြစ်သည်။ သို့ဖြစ်ရာ စဉ်းစားသင့်သည်မှာ အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ပြဿနာကို မည်သို့ချောမွေ့စွာဖြေရှင်းမည်နည်းဆိုသည်ပင်ဖြစ် ပေသည်။

မြန်မာ့တိုင်းရင်းသားအရေးနှင့်နီးကပ်စွာရှိသော တရုတ်သံတမန်တို့ကမူ ချက်ခြင်းလက်ငင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား လက်နက်စွန့်ခိုင်းပါက ဖြစ်နိုင်ဖွယ်မရှိဟုသုံးသပ်ကြသည်။ သမတဟောင်းဦးသိန်းစိန်လက်ထက် မြန်မာ့ငြိမ်း ချမ်းရေးကို ငွေရေးကြေးရေးထောက်ပံ့ခဲ့သူ ဥရောပသမဂ္ဂကမူ တမျိုးစဉ်းစားပုံရသည်။

၂၀၁၆ မေလအတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော ရှမ်းပြည်အတွင်းသို့ ဥရောပသမဂ္ဂ သံအမတ်ကြီးများနှင့် ကိုယ် စားလှယ် ၁၁ ဦးသွားရောက်လေ့လာခဲ့ရာ ၎င်းသံအမတ်များထဲမှ မစ္စတာရိုလန်ကိုဘီယာက “ရှမ်းပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်နေသော အဖွဲ့အစည်းများသည် မကြာမီ ၎င်းတို့၏လက်နက်များကိုစွန့်လွှတ်၍ စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းသို့ လာနိုင် လိမ့်မည်ဟု မျှော်လင့်ကြောင်း” ပြောဆိုခဲ့ပါသည်။

အဆိုပါ ဥရောပသမဂ္ဂသံအမတ်ကြီး၏ ပြောဆိုချက်အား မြန်မာ့အရေး ထဲထဲဝင်ဝင်သိမြင်လုပ်ကိုင်နေသူများအဖို့ ဖြစ်နိုင် ဖွယ်မရှိဟု ယူဆကြသည်။ ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခွန်ဂျာက “ရှက်ဖွယ် မစ္စတာရိုလန်ကိုဘီယာ” ဟု ဆိုခဲ့သည်။ တိုင်းရင်းသားအရေး အလေးထားသူ သတင်းထောက် ငြိမ်းငြိမ်းပြည့်ကလည်း “ဥရောပ သံတမန်၏ပြောကြားချက်သည် EU နှင့်သူ၏သံတမန်များအနေနှင့် မြန်မာပြည်ပြည်တွင်းရေးအားကောင်းစွာနားမလည်ခြင်း (သို့မဟုတ်) မြန်မာပြည် ပြည်တွင်း ရေးကို အလေးမထားခြင်းကိုဖေါ်ပြသည့် သက်သေခံချက်တရပ်ဖြစ်သည်” ဟု မှတ်ချက်ပြုခဲ့သည်။ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ငွေကြေးများစွာကူညီပံ့ပိုးနေသော ဥရောပသမဂ္ဂမှ သံတမန်များအနေနှင့် မြန်မာပြည်တိုင်းရင်းသားအရေးကို လေးလေးနက်နက် ထဲထဲဝင်ဝင်သဘောမပေါက်သည်မှာ အံသြစိတ်ပျက်ဖွယ်ပင်ဖြစ်သည်။

ဆိုရလျှင် လက်ရှိအနေအထားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ သို့မဟုတ် အချို့အား လက်နက်စွန့်ရန်တောင်း ဆိုခြင်းသည် လက်တွေ့မကျဟု သုံးသပ်ရပေသည်။ ပြဿနာအားကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် အစချီချက်မဟုတ်ဟု ဆိုရပေမည်။ လက်နက်ကိုင်တပ်ဖွဲ့ပြသနာဖြေရှင်းရေးသည် နိုင်ငံရေးဆွေးနွေးသဘောတူညီချက်များ၏ နောက်ဆုံးဖြေရှင်း ရမည့်အဆင့်ဟု ယူဆရပါသည်။

● NCA ပါအချက်အချို့နှင့် မြန်မာစစ်ဖက်၏မူ
လက်ရှိအချိန်တွင် NCA လက်မှတ်ထိုးရာတွင်ပါဝင်သော အချက်အချို့သည် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာတွင် အမြဲတစေ အငြင်းပွားဖွယ်ရာလိုဖြစ်သည်။ တချက်မှာ နယ်မြေသတ်မှတ်ချက်ဖြစ်သည်။ UWSA နှင့် NDAAကဲ့သို့ နယ်မြေ နှင့် တပ် ခွဲခြားပိုင်းခြားထားနိုင်သည့် အဖွဲ့ ၂ ဖွဲ့မှလွဲ၍ ကျန်အဖွဲ့များမှာ အချို့နေရာများမှလွဲ၍ ကျန်နယ်မြေအများစုမှာ နယ်မြေပိုင်းခြားသတ်မှတ်ရန် ခက်ခဲသော ပျောက်ကြားဒေသခေါ် နှစ်ဖက်စလုံးမှ ဝင်ရောက်လှုပ်ရှားနေသည့် အနေအထား မျိုးဖြစ်ရာ အမြဲလို အငြင်းပွားဖွယ်ရာဖြစ်သည်။

နောက်တချက်မှာ NCA လက်မှတ်ထိုးထားသည့်အဖွဲ့များအနေနှင့်တပ်အင်အား မတိုးချဲ့ရန် ဖြစ်သည်။ သို့သော် မည်သည့် လက်နက်ကိုင်အင်အားစုမဆို မိမိအင်အားတောင့်တင်းရန် တိုးချဲ့ရန် ကြိုးစားနေသည်ဖြစ်ရာ ဤအချက်သည်လည်း အမြဲ တစေ ပြဿနာဖြစ်နေသည်ကိုတွေ့ရသည်။

သို့ဖြစ်ရာ ဤအချက်များကိုကျော်လွှားရန် နည်းလမ်းရှာမည်လော သို့တည်းမဟုတ် နိုင်ငံရေးအရကြေလည်အောင်ဆွေး နွေးဖြေရှင်းပြီးမှ ဖြေရှင်းမည်လော စဉ်းစားဖွယ်ဖြစ်သည်။

နောက်တခုကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တပ်မတော်ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်ကိုင်စွဲသော မူ ၆ ချက်ဖြစ်သည်။ ထို ၆ ချက်အ နက် ပထမ ၄ ချက်မှာ ပြဿနာမကြီးသော် နောက်ဆုံး ၂ ချက်ဖြစ်သည့် တည်ဆဲဥပဒေများကို လိုက်နာရန်နှင့် ၂၀၀၈ အခြေခံဥပဒေကိုလက်ခံရန်ဆိုသည်မှာ NCA လက်မှတ်ထိုးထားသူများရော လက်မှတ်မထိုးထားသူများပါ လက်ခံ လိုက်နာရန် ခက်ခဲသော အချက် ၂ ချက်ဖြစ်ပေရာ ထိုအချက်များနှင့်ပတ်သက်၍ လက်တွေ့ကျကျစဉ်းစားရန်လိုအပ်ပေ လိမ့်မည်။ စာရွက်ပေါ်တွင်ထည့်ထားပြီး လက်တွေ့ လိုက်နာနိုင်ခြင်းမရှိပါက အဓိပ္ပါယ်ရှိမည် မဟုတ်ပေ။

● နိဂုံး
မြန်မာပြည်တိုင်းရင်းသားအရေးကို လေ့လာသုံးသပ်ကြသူများနည်းတူ ၂၁ ရာစုပင်လုံ (ဝါ) ငြိမ်းချမ်းရေးပြဿနာ၏ သော့ ချက်ပြဿနာမှာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်သည်။ အဆိုပါအခြေခံဥပဒေကို မပြင်ဆင်နိုင်ပါက အောင်မြင်ရန် ခက်ခဲပေသည်။

ဆိုရလျင်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သည့် ဖက်အားလုံးသည် အကောင်းဆုံးကိုမျှော်လင့်၍ အဆိုးဆုံးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားသည်ဟု သုံးသပ်ရပေသည်။ ပြည်ထောင်စုကြီး ကံကောင်းပါစေဟုသာ ဆုတောင်းရပေတော့သည်။

ပြီးပါပြီ

Mg Mg Soe (မောင်မောင်စိုး)