စာအုပ်စင်

မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ – ငြိမ်းဝေ ၊ ကိုအောင်

မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ – ငြိမ်းဝေ ၊ ကိုအောင်
(ဆန်းစသော်တာ) မိုးမခစာအုပ်စင်၊ မေ ၂၄၊ ၂၀၁၆


ပထမအကြိမ် ၊ ၂၀၁၆ ၊မေလ
စာမျက်နှာ -၉၀
တန်ဖိုး – ၁၅၀၀ ကျပ်
ဆန်းစသော်တာ စာအုပ်ထုတ်ဝေရေး

မယ်တုက္ခီစမ်းချောင်းရေမှာ ကြည်လင်လွန်းလှသည်။ ကျွန်တော်က ကျောက်တုံးတစ်ခုပေါ်တွင် အ၀တ်ဖွပ်နေစဉ် ချောင်းစပ်သို့ ဆင်းလာသည့် လူသံကြောင့် မော့ကြည့်မိ၏ ။ လူတစ်ယောက် လက်ဆွဲသားရေအိတ်တစ်လုံးပခုံးတွင်လွယ်ကာ ပုဆိုးကမလျက် ချောင်းထဲသို့ ဆင်းလိုက်သည်။ သူ့ နောက်မှ အမျိုးသမီးတစ်ဦးက ရေထဲသို့ ဆင်းရန် ချောင်းစပ်တွင် ထဘီစကို မနေလေသည်။
ချောင်းထဲသို့ ဆင်းလာသူသည် ကျွန်တော့်ကို တစ်ချက်ကြည့်ပြီးမှ တစ်ဖက်သို့ မျက်နှာလွှဲသွား၏ ။ ခြေလှမ်းနှစ်လှမ်းခန့်  လှမ်းပြီးမှ တစ်ဖန် ကျွန်တော့်ဘက်သို့ မျက်နှာပြန်လှည့်၏ ။ သူ နှင့် ကျွန်တော် မျက်လုံးချင်း ဆုံမိသွားကြသည်။

ဟာ…ကိုနိုင်ဝင်း
ဟေး…ကိုငြိမ်းဝေ ၊ ခင်များ ရောက်နေတာ လှေဆိပ်မှာကတည်းက ကြားခဲ့တယ်။ အေးဗျာ .. ကျွန်တော် မဲဆောက်ကို ကိစ္စတစ်ခုရှိလို့ သွားနေတာ တစ်လလောက်ကြာသွားတယ်ဗျ။ ဒါ ကျွန်တော့်အမျိုးသမီး မဂျုံ ၊ ပန်ဆန်းမှာ ကျွန်တော်အိမ်ထောင်ကျခဲ့တာ ၊ ရေချိုးပြီးရင် အိမ်ကို တက်ခဲ့ဗျာ ။ စကားလေး ဘာလေး ပြောကြရအောင်..

—-

စကားပြောခွက်ကို ပုခက်ပေါ် ပြန်တင်ပြီးသည်အထိ ဖဒိုမန်းရှာ ၏ စကားသံက နားထဲတွင် ပဲ့တင်ထပ်နေသည်။ ဖဒိုမန်းရှာ ၏ အသံမှာ လည်း ၀မ်းနည်းကြေကွဲနေလေသည်။
ကိုငြိမ်းရေ ..ဆရာနိုင်ဝင်းဆွေ တော့ ဆုံးရှာပြီဗျာ…တဲ့။

ဆရာနိုင်ဝင်းဆွေ ၏ ရင်သွေးများဖြစ်သည့် မဟူရာမေတ္တာ ၊ မသိန်းရှင်ဆီ ပို့ ပေးပါ ၊ နွေတစ်ည ၊ ညအသင်္ချေ ၊ မြစပယ်ရုံ ၊ အချစ်ည ၊ ဘ၀စာမျက်နှာများ နှင့် ရေဆန်လမ်း စာအုပ်များကို တစ်အုပ်ချင်း ကိုင်တွယ်ကြည့်ရှုရင်း သူ့  ကို သတိရနေမိသည်။

ဆရာငြိမ်းဝေ နှင့် ဆရာနိုင်ဝင်းဆွေ တို့ မာနယ်ပလော မှာ ပြန်ဆုံခဲ့ကြတုန်းက အမှတ်တရ များစွာကို ဒီစာအုပ်လေးထဲမှာ ဆရာငြိမ်းဝေက ရေးသားထားပါတယ်…
——————————————————
ကိုအောင် ရေးထားတဲ့ စာထဲမှာလည်း ဆရာနိုင်ဝင်းဆွေဟာ လွတ်မြောက်နယ်မြေမှာရှိတဲ့ နမ့်ခါချောင်းထဲက ခံတက်ရွက်တွေခူးပြီး အချဉ်ထည့်ကာ ၀မ်းရေးဖြေရှင်းနေရတယ်လို့ ရေးထားပါတယ်..

နောက်ပြီး…

ပန်ဆန်းကျောင်းလေးမှာ ညညတွေဆို ဘင်ဂျို ၊ တယောတွေ နဲ့ တီးဝိုင်းဖွဲ့ ကြတဲ့အခါ အဆိုလည်းမရ အတီးလည်း မစွံတဲ့ ဆရာနိုင်ဝင်းဆွေက မော်ဒယ်အဖြစ် သရုပ်ဆောင်လေသတဲ့။ သူ့ ပုံကြီးနဲ့ သီချင်းတွေအပေါ်မှာ ခံစားပြီး သရုပ်ဆောင်ပြနေတာ ကြည့်ပြီး လှောင်လည်းလှောင်ချင်သလို ဂရုဏာသက် ချစ်လည်း ချစ်မိပါရဲ့လို့ ဆိုထားပြန်ပါတယ်။

မိုင်းယန်းတိုက်ပွဲမှာလည်း ဆရာနိုင်ဝင်းဆွေ ဆင်နွှဲခဲ့တာကို အခုလိုရေးသားထားပါတယ်…..

ပန်ဆန်းကနေ ဗဟိုကင်း တပ်မဟာနဲ့ အတူ မိုင်းယန်းကို ချီတက်ခဲ့ကြတယ်။ ဒေါက်တာလှကျော်ဇောတို့ ဆေးတပ်နဲ့ ကိုနိုင်ဝင်းဆွေတို့ ပြန်ကြားရေး နဲ့ ဗွီဒီယိုရိုက်ကူးရေးတပ်ဖွဲ့ တွေမှာ မြန်မာစကားပြောတတ်တဲ့ တိုင်းရင်းသား ရဲဘော်ရဲဘက်မလေးတွေလည်း ပါတော့ တပျော်တပါး ရှိလှပါတယ်။ မိုင်းယန်းခွင်မှာ အရှေ့ဘက်က ချီတက်လာတဲ့ 815 တပ်မဟာ နဲ့  768 တပ်မဟာတို့ လာဆုံကြပါတယ်။ ၀မ်းသာအားတက်စရာ အကောင်းဆုံးက မိုင်းယန်း – ကျိုင်းတုံခွင်က ရှစ်လေးလုံးစိတ်ဓါတ်နဲ့ အတူ တက်ကြွလာတဲ့ ပြည်သူလူထုတွေ ။ အထူးသဖြင့် ကျောင်းသူ ၊ ကျောင်းသားတွေနဲ့ ဘုန်းကြီးတွေက ၀မ်းသာအားရ ကြိုဆိုနေကြတာကို တွေ့ ရတာပါပဲ။ ရန်သူ့ အမြောက်တစ်ကမ်းအလွန်မှာ လုပ်နေတဲ့ ကျွန်တော်တို့ လူထုဆွေးနွေးပွဲကြီးတွေမှာ ပါဝင်ပြီးတော့လည်း ဆွေးနွေးဟောပြောရ ၊ ဗွီဒီယိုမှတ်တမ်းတင်ကာ တည်းဖြတ် နိုင်ငံရေးစာတန်းတွေ ရိုက်နှိပ်ဖြန့် ချိရတာတွေမှာ ကိုနိုင်ဝင်းဆွေကြီးဟာ နေ့ ညမအား အလုပ်လုပ်ပါတယ်…

မိုင်းယန်းမြို့ ကို ကျွန်တော်တို့ တပ်တွေ ၀ိုင်းမိစမှာပဲ အဲဒီက ရန်သူ့ ဒုတပ်ရင်းမှူး (ယခု ရှစ်လုံးဘွဲ့ ရကြီး) နဲ့ အဖွဲ့ က ထွက်တိုက်ပါတယ်။ ကျွန်တော်တို့ ဝိုင်းတိုက်လိုက်တာ စုတ်ပြတ်ပြီး ထွက်ပြေးသွားကြပါတယ်။ရှစ်လုံးကြီးလည်း အဲဒီတိုက်ပွဲတစ်လျှောက်လုံး ဒဏ်ရာနဲ့ လဲနေခဲ့တာပါ။ ကျောင်းသားတွေ ဘုန်းကြီးတွေက အသံချဲ့စက်နဲ့ ရန်သူ့ တောင်ကုန်းတွေဘက်ကို သွားသွားပြီး လက်နက်ချဖို့  ပြည်သူနဲ့ ပူးပေါင်းဖို့ သွားအော် ၊ ဟိုက တခါတလေ ပွိုင့်ဖိုက်နဲ့ လှမ်းပစ်တော့ ပြန်ပြေးလာကြ နဲ့ …ဒီကြားထဲ စခန်းတစ်ခုမှာ ကျည်ဆံထိလို့  ကျွန်တော်တို့ လော်စပီကာကြီးက ကိုယ့်ဘက် ပြန်လည်လာပါတယ် ။ ဘုန်းကြီးတစ်ပါးက ဟိုဘက်ပြန်လှည့်ဖို့ တက်မယ်လုပ်နေလို့ ခဏစောင့်ပါ ဆိုပြီး ဆွဲချနေတုန်း ကိုနိုင်ဝင်းဆွေ ဘယ်အချိန် ဟိုဘက် တက်လှည့်လိုက်တယ် မသိဘူး ၊ ပွိုင့်ဖိုက်သံတွေကြားမှာ ပုန်းကျင်းထဲ အလျားထိုးဝင်လာမှ သူ့ လက်ချက်မှန်း သိလိုက်ရတယ်။
ကံကောင်းလို့ မဂျုံ မုဆိုးမ ဖြစ်တော့မလို့ …ဆိုပြီး တဟီးဟီး လုပ်နေတယ်။ကျောင်းသားလေးတွေကတော့ သူ့ ကို ပိုပြီး ချစ်သွားကြတာပေါ့…

ဒီစာအုပ်လေးထဲမှာ ဆရာနိုင်ဝင်းဆွေရဲ့ ဘ၀ဖြတ်သန်းမှု ခက်ခဲကြမ်းတမ်းခဲ့တာတွေ ကို ဖတ်ရှုရမှာဖြစ်သလို ရယ်စရာမောစရာ လေးတွေလည်း ခံစားဖတ်ရှုရမှာဖြစ်ပါတယ်။

စာအုပ်ဆိုင်များတွင်ဝယ်ယူရရှိနိုင်ပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts