သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – ငြိမ်းချမ်းရေး အခင်းအကျင်းသစ်များ – အပိုင်း ၂


မောင်မောင်စိုး – ငြိမ်းချမ်းရေး အခင်းအကျင်းသစ်များ အပိုင်း ၂
(မိုးမခ) မေ ၂၂၊ ၂၀၁၆


၂၁ ရာစုပင်လုံအားတုံ့ပြန်မှုများ

၂၁ ရာစုပင်လုံ ကျင်းပမည်ဆိုလျှင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သည်ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာကဆိုပါသည်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကမူ ၂၁ ရာစု ပင်လုံချောမွေ့စွာ ကျင်းပနိုင်ရန်အစိုးရမှ တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာသင့် သည်ဟုဆိုပါသည်။ ဤကဲ့သို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ရာတွင် တဖက်သတ် အပစ်ရပ်ရေးနှင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ၁၉၆၃ ခုနှစ်နှင့် ၁၉၈၀ ခုနှစ်များက ထိုစဉ်က မြန်မာစစ်ဖက်ခေါင်းဆောင် ဗိုလ်နေဝင်း ကျင့် သုံးခဲ့ဖူးသည်ဖြစ်ရာ ယခုအခါတွင်လည်း ကျင့်သုံးနိုင်ပါက ကောင်းမည်ဟုဆိုကြခြင်းဖြစ်သည်။

အချို့ကမူ ငြိမ်းချမ်းရေးဆွေးနွေးပွဲမစမီ မတရားသင်းကြေညာထားခြင်းများကို ဖျက်သိမ်းသင့်သည်ဟု ဆိုသည်။ သမတဟောင်းဦးသိန်းစိန်လက်ထက်က NCA လက်မှတ်ထိုးထားသော အဖွဲ့များ မတရားသင်းကြေညာခြင်းမှဖျက်သိမ်းပေးခဲ့ရာ ယခုလည်း အကယ်၍ ကျန်အဖွဲ့များ NCA လက်မှတ်ထိုးပါက မတရားသင်းကြေညာခြင်းမှ ဖျက်သိမ်းပေးရန် ခက်ခဲမည်မဟုတ်ပေ။ သို့ရာတွင် NCA လက်မှတ်မထိုးပါက မည်သို့ ပြုမည်နည်းကတော့ စိတ်ဝင်စားဖွယ်ဖြစ်သည်။

SNLD ခေါင်းဆောင် ခွန်ထွန်းဦးက ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရန် တဦးနှင့်တဦးယုံကြည်မှုတည်ဆောက်ရန် ကတိကဝတ်များ မပျက်ရန် ပေးထားသောကတိများ ပျက်ပါက သံသယများဖြစ်ပေါ်လာကြောင်း ပြီးခဲ့သော သမိုင်းကို သုံးသပ်၍ဆိုခဲ့သည်။

လက်ငင်း စစ်ရေးအခြေအနေ

၂၁ ရာစုပင်လုံ ကျင်းပရန် ဆော်သြနေသည့်အချိန် အခိုင်အမာခြေလှမ်းများ စတင်နေသည့်အချိန်တွင် ရခိုင်ပြည်နယ် ကချင်ပြည်နယ် ရှမ်းပြည်မြောက်ပိုင်းတိုတွင် တိုက်ပွဲများရက်ဆက်လိုလို ဖြစ်ပွားနေ သည်။ တိုက်ပွဲများသည် လျော့ပါးမလာဘဲ ပို၍ တိုးလာသည်ကိုတွေ့နေရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ဧပြီလလယ်မှစ၍ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ အစောပိုင်း တိုက်ပွဲသတင်းများကို နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့သော်လည်း နောက်ဆက်တွဲတိုက်ပွဲသတင်းများကိုတော့ မသိရပါ။ သို့သော် မြန်မာစစ်ဖက်မှ စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိပြီး စစ်ဘေးရှောင်ဟုခေါ်ဆိုကြသည့် စစ်ဘေးဒုက္ခသည်အရေအတွက်သည် ၂၀၀၀ ကျော်ထိ တိုးမြင့်လာသည်ဟု ဒေသခံများက ဆိုပါသည်။

ကချင်ပြည်နယ်အတွင်း၌လည်း ၂၀၁၆ ဧပြီလဆန်းမှစ၍ တိုက်ပွဲငယ်များ ကြိုကြားဖြစ်ခဲ့ရာမှ မေလဆန်းတွင် ဖားကန့်ဒေသရှိ KIA ရင်း ၆ ဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ကို တွေ့ရ သည်။ ဤသို့ တိုက်ခိုက်ရခြင်းမှာ KIA တို့မှ အရပ်သားအချို့အား ဖမ်းဆီးခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ဤသို့ဖြင့် လုံခင်းအထက် ဆိုင်းဖရာတဝိုက်အပြင် ဖားကန့် ကာမိုင်းလမ်းတလျှောက်နှင့် ဖားကန့်ဒေသတွင် တိုက်ပွဲများဖြစ်ပေါ်ပြီး မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

သို့သော် တိုက်ပွဲများသည် ဖားကန့်ဒေသတွင်ရပ်တန့်မသွားဘဲ ဧရာဝတီမြစ် အရှေ့ဖက်ကမ်း ဗန်းမော်ဒေသအတွင်းသို့ ကူးစက်သွားသည်ကို တွေ့ရသည်။၂၀၁၆ မေလ ၁၅ ရက်မှစ၍ ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း မြန်မာစစ်ဖက်နှင့် KIA တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တိုက်ပွဲအကျအဆုံးများကို မသိရသော်လည်း တိုက်ပွဲအရှိန်မြင့်တက်လာပုံရသည်။ တိုက်ပွဲများသည် မေ ၁၆/၁၇ ရက်များတွင် ဆက်လက်ဖြစ်ပွားပြီး မေ ၁၇ ရက်နေ့တွင် မြန်မာစစ်ဖက် လေတပ်မှ တိုက် လေယာဉ် ၂ စီး အသုံးပြု၍ မနက်ပိုင်းတကြိမ် ညနေပိုင်းတွင် တကြိမ် လေကြောင်းမှ တိုက်ခိုက်ခိုက်ခဲ့ သည်ဟုဆိုပါသည်။ မေလ ၁၈ ရက်နေ့တွင် တိုက်ခိုက်ရေးရဟတ်ယဉ် ၂ စီးပစ်ကူဖြင့် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေ သည်ဟုဆိုပါသည်။

နမ့်ခမ်း မန်တုန် ကျောက်မဲနယ်တဝိုက်တွင်လည်း TNLA တအန်း ပလောင် တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့နှင့် RCSS ရှမ်းတောင် လက်နက်ကိုင်အဖွဲ့များ နယ်မြေစိုးမိုးထိမ်းချုပ်နှင့်ပတ်သက်ပြီး လက်နက်ကိုင်ပဋိပက္ခများ မေ ၁ ရက်မှ မေ ၇ ရက်ထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး စစ်ဘေး ဒုက္ခသည်ထောင်နှင့်ချီ၍ ကျောက်မဲ သီပေါမြို့များသို့ရောက်ရှိလာသည်ကိုတွေ့ရသည်။ မေလ ၈ ရက်မှ စ၍ TNLA နှင့် RCSS တိုက်ပွဲများလျော့ကျသွားပြီး မြန်မာစစ်ဖက်မှ တပ်ဖွဲ့ဝင်များနှင့် TNLA အဖွဲ့တို့ ဆက်လက်တိုက်ပွဲများ ဖြစ်ပွားနေသည်ကို တွေ့ရသည်။

ထို့ပြင် ဝမ်ဟိုင်းဒေသ တိုက်ပွဲများငြိမ်သက်နေပြီး ၆ လအကြာတွင် SSPP/SSA တပ်ဖွဲ့နှင့် မြန်မာ စစ်ဖက်တို့ တိုက်ပွဲများပြန်ဖြစ်သည်ကို မေလ ၁၂ ရက်နေ့ကစ၍ တွေ့ရသည်။ ပြဿနာမှာ ၂၀၁၆ ဧပြီလအတွင်း ဝမ်ဟိုင်းအရှေ့မြောက်ဖက် လွယ်လန်းလွယ်စေးတောင်ကြောမှ SSPP/SSA စခန်းများအား မြန်မာစစ်ဖက်မှ ဖယ်ရှားခိုင်းရာမှ အစပြုသည်ဟု ဆိုသည်။ SSPP အနေနှင့်လည်း ထိုတောင်ကြောများပေါ်မှ စခန်းများအား ဖယ်ရှားခြင်းမပြုနိုင်ဟုအကြောင်းပြန်ရာမှ နှစ်ဖက်ညှိနှိုင်းမှု အရ မြန်မာစစ်ဖက်မှ ကိုယ်စားလှယ်အချို့ ထိုတောင်ကြောများပေါ်သို့ တက်ရောက်စစ်ဆေးခွင့် ပြုခဲ့သည်ဟုဆိုသည်။

ထိုတောင်ကြောပေါ်သို့ တက်ရောက်စစ်ဆေးခွင့်ပြုသည့် မေ ၁၂ ရက်နေ့တွင် မိုင်းရှူးဘက်တွင် တိုက်ပွဲငယ်တခု စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ မေ ၁၃ ရက်တွင် ကျောက်မဲအရှေ့တောင်ဖက် မိုင် ၂၀ ခန့်အကွာရှိ ပုန်းဝိုးဒေသတွင် မြန်မာစစ်ဖက်မှ တပ်ရင်းတပ်ဖွဲ့များနှင့် SSPP တပ်ဖွဲ့ဝင်များ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားသည်။ မြန်မာစစ်ဖက်မှ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးနှင့် ပစ်ကူပေးခဲ့သည်ဟု ဆိုပါသည်။ ထို့နောက် မေ ၁၄ / ၁၅ ရက် များတွင်လည်း ပုန်ဝိုးဒေသတွင် ဆက်လက်တိုက်ပွဲများဖြစ်ပွားပြီး မြန်မာစစ်ဖက်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဆက်လက်အသုံးပြု တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

မေလ ၁၆ ရက်နေ့ညနေတွင်လည်း ကျောက်မဲနှင့်နောင်ပိန်ကြားတွင် မြန်မာစစ်ဖက် စစ်ယာဉ်တန်း အား တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟုဆိုသည်။

မေလ ၁၈ ရက်မနက်ပိုင်းတွင် သီပေါမြို့နယ် နမ့်မရွာအနီး လွယ်ပိန်းဆိုင်းတောင်တွင် မြန်မာ စစ်ဖက်နှင့် SSPP တပ်ဖွဲ့ဝင်များ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံများက ဆိုပါသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားရာ နေရာသည် နန့်ပေါင်နှင့် ၄ မိုင်အကွာတွင် ရှိသည်ဟု ဆိုပါသည်။ ၎င်းဒေသသည် ဝမ်ဟိုင်းဌာနချုပ် အနောက်မြောက်ခြမ်း သီပေါမြို့နယ် အနောက်တောင် ခြမ်းရှိ နမ့်မကျေးရွာအုပ်စု နားနို့ကျေးရွာအုပ်စုများအတွင်းရှိ SSPP/SSA လုံခြုံရေးတပ်စခန်းများ အခြေစိုက် ရာ ဝမ်လုံ ပိန်းဆိုင်း ပါးတစ် ဟိုလွယ်နားဆိုင်းတို့အား တိုက်ခိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးအသုံးပြု၍ တိုက်ခိုက်နေသည်ဟု သတင်းများကဆိုပါသည်။သို့နှင့် စစ်ဘေးရှောင်ဟုဆိုသူ ဒေသခံများ ပိုမိုများ ပြားလာဖွယ်ရာ ရှိပါသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသော SSPP မှာ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် ထိုးထားသော်လည်း NCA လက်မှတ်မထိုးရသေးသောအဖွဲ့ဖြစ်သည်။ လက်ရှိအချိန်တွင် SSPP ထိမ်း ချုပ်ရာအခြားဒေသများ၌ တိုက်ပွဲများဖြစ်ပွားနေထက် ပို၍ စိတ်ဝင်းစားဘွယ်ကောင်းသည်မှာ
လွယ်လန်း လွယ်စေး ဒေသပြဿနာဖြစ်သည်။ အဆိုပါဒေသသည် SSPP အတွက်သာမက UWSA ဝ တိုင်းရင်းသားအဖွဲအတွက်ပါ အရေးပါသည်ဖြစ်၍ ထိုတောင်တန်းဒေသ၌ တိုက်ပွဲများဖြစ်ပွားလာပါက UWSA မည်သို့ တုံ့ပြန်သဘောထားမည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

တကယ်တော့ ၂၀၁၁ သြဂုတ်လ ၁၈ ရက် သမ္မတဟောင်း ဦးသိန်းစိန်ငြိမ်းချမ်းရေး ကမ်းလှမ်းသည်မှ စ၍ ယနေ့တိုင်မပြတ်လှပေ။ စစ်ရှိန်မြှင့်သွားလိုက် လျော့သွားလိုက်နှင့် တလျှောက်လုံး ဖြစ်၍နေသည်။ အသုံးပြုကြသော လက်နက်များကြည့်ရသည်မှာ တိုက်ပွဲအရှိန်မသေးလှ။ ၁၂၀ မမ ၁၀၅ မမ လက်နက်ကြီး ပစ်ကူများလည်း ပါသည်။ လေကြောင်းမှ တိုက်ခိုက်ရေးရဟတ်ယာဉ် သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်များလည်းပါသည်။ တိုက်လေယဉ် ဗုံးကြဲလေယာဉ်များလည်းပါသည်။ တိုက်ပွဲများကြောင့် ကျဆုံး ဒဏ်ရာရသူများမှာလည်း မနည်းလှဟုဆိုကြသည်။

သို့ဖြစ်ရာ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် တိုက်ရင်း ဆွေးနွေး ဆွေးနွေးရင်း တိုက်ဟုဆိုရပေမည်။ တိုက်ပွဲအရှိန်လည်းမညီ အချို့နေရာများတွင် တက်၍ အချို့နေရာများတွင် နိမ့်သည်။ အထူးသဖြင့် မြောက်ပိုင်းရှိ အဖွဲ့များနှင့် အဖြစ်များသည်ဟုဆိုရမည်။ သို့ဖြစ်ရာ ရှေ့အလားအလာမှာလည်း တိုက်ရင်းဆွေးနွေး ဆွေးနွေးရင်းတိုက် ဖြစ်ဖွယ်ရှိသည်။ ဆွေးနွေးရင်း တိုက်ပွဲများဖြစ်ပွားရခြင်းမှာ
ဆွေးနွေးပွဲတွင် ဖိအားပေးနိုင်ရန် အသာစီးအနေထားရနိုင်ရန်ကြိုးစားကြခြင်းလည်း ဖြစ်ဖွယ်ရှိသည်ဟု အကဲခပ်များက သုံးသပ်ကြပါသည်။

တိုက်ပွဲနှင့်ဆွေးနွေးပွဲ

ယခုအချိန်၌ ထူးခြားချက်တခုတော့ရှိသည်။ ၎င်းထူးခြားချက်မှာ ငြိမ်းချမ်းရေးဆွေးနွေးသည့် အခြေအနေ အချိန်အခါတွင် ပေါ်လာသည့် ထူးခြားချက်ဟု ဆိုရမည်။ မြန်မာစစ်ဖက်သည်၎င်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည်၎င်း တိုက်ပွဲဖြစ်ရသည့်အကြောင်းကို တဖက်နှင့် တဖက်နှင့် အပြစ်ပုံချခြင်းဖြစ်သည်။

ယခင်ဆွေးနွေးပွဲမရှိစဉ်ကာလကတော့ ရှင်းသည်။ မြန်မာစစ်ဖက်ကလည်း တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များအား သောင်းကျန်းသူဟူ၍ သဘောထား၍ တိုက်ခိုက်သည့်အတွက် တွေ့သည့်နေရာတိုက်မည် လိုအပ်သည့် စစ်ဆင်ရေးလုပ်မည်သာ ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း မိမိရည်မှန်းချက်အတွက် မြန်မာစစ်ဖက်မှ တပ်ဖွဲ့ဝင်များ ကို တွေ့သည့်နေရာတိုက်မည် သို့မဟုတ် စီးရသည့်အခြေအနေဖန်တီး၍ တိုက်ခိုက်မည်သာ ဖြစ်သည်။

သို့သော် အပစ်ရပ်ရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲရည်မှန်းချက်များကြောင့် စစ်ရှိန်လျှော့ချရန် ကြိုးပမ်းနေသည့်ကာလတွင် တိုက်ပွဲများဖြစ်ပွားလာပါက တဖက်နှင့်တဖက်နှင့် မည်သူကြောင့်ဖြစ်သည် မည်သူကစ၍ဖြစ်သည် မည်သူလွန်သည် စသည်တို့နှင့်ပတ်သက်၍ အပြန်အလှန်စွပ်စွဲခြင်း ချေပခြင်းတို့ကား ငြိမ်းချမ်းရေးကို ဦးတည်သည့်ကာလ၏ထူးခြားချက်ဟု ဆိုရမည်။ ဒိုင်လူကြီးမရှိဘဲ ထိုးသတ်နေသည့် လက်ဝှေ့သမားများ၏ငြင်းဆိုချက်များဟု ဆိုနိုင်သည်။

ထို့ပြင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများစစ်ပွဲများနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပရန် ပြင်ဆင်နေသည့်ကာလအတွင်း ဖြစ်ပွားနေသည့်နှင့်ပတ်သက်၍ အငြင်းပွားမှုများရှိသည်။ အချို့က NLD အရပ်သားအစိုးရက မြန်မာစစ်ဖက်ကို မထိမ်းချုပ်နိုင်၍ ဟုဆိုကြသည်။ အချို့က တပ်သည် အခြေခံဥပဒေပါ အခွင့်အရေးအတိုင်း တိုင်းပြည်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေ သည်ဟု ဆိုသည်။

အငြင်းပွားဖွယ်ရာ တော်များသည်။ လက်တွေ့ကျကျကြည့်လျှင် မြန်မာငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ပစ်ရင်းခတ်ရင်း တိုက်ရင်းခိုက်ရင်း ဆွေးနွေးရမည့် အခြေအနေရှိသည်။ သေနတ်သံလုံးဝတိတ်မှ ဆွေးနွေးရမည့် ပုံတော့မပေါ်ချေ။ သေနတ်သံကြားမှ ဆွေးနွေးရမည့် အလားအလာရှိသည်ဟု ဆိုရမည်။
ယခင်သမ္မတဟောင်းလက်ထက်ကလည်း သေနတ်သံကြားတွင် ဆွေးနွေးခဲ့ရသည်ကို တွေ့ခဲ့ရသည်။ ယခုလည်း ဤသို့နှင်နှင် ဖြစ်ဖွယ်များပေသည်။ လူတဦးချင်းအရ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခြေအနေကားရှိနေသည့်အတိုင်းသာ မျက်မှောက်ပြုရပေမည်။

အချို့ကား အမှားအမှန်ကို စောစီးစွာ ခွဲဝေပိုင်းခြားချင်ကြသည်။ သို့သော် တကယ်တမ်းလက်တွေ့တွင် အမှန်အမှားသည် အချိန်မတန်မီ ခွဲခြား၍မရချေ ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပြင်ဆင်မှုများ
ယခင်အစိုးရလက်ထက် NCA လက်မှတ်ထိုးထားသောအဖွဲ့ ၈ ဖွဲ့မှာ

၁။ KNU ကရင်အမျိုးသားအစည်းအရုံး
၂။ KPC ကရင်ငြိမ်းချမ်းရေးကောင်စီ
၃။ DKBA ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်
၎။ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ
၅။ ALP ရခိုင်လွတ်မြောက်ရေးပါတီ
၆။ CNF ချင်းအမျိုးသားတပ်ဦး
၇။ PNLO ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်
၈။ ABSDF ကျောင်းသားတပ်မတော် တိုဖြစ်ကြသည်။

၎င်းအဖွဲ့အစည်းများနှင့်ပတ်သက်၍ NCA သဘောတူချက်အရ ဖွဲ့စည်းထားသော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှ ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။

NCA လက်မှတ်ထိုးရာတွင်မပါသော UNFC အဖွဲ့ဝင်များ အနေနှင့်လည်း NLD အစိုးရသစ်နှင့် ဆက်လက်ဆွေးနွေးနိုင်ရန် ၂၀၁၆ ဖေဖော်ဝါရီလ ၁၈ မှ ၂၁ ထိ ကျင်းပသော UNFC အစည်းအဝေးတွင် “နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေးကော်မတီ ” DPN ကိုဖွဲ့စည်းခဲ့သည်။ DPN အဖွဲ့ဝင်များမှာ …

၁။ ခူဦးရယ် အဖွဲ့ခေါင်းဆောင် KNPP
၂။ စဝ်စိုင်းထူး ဒုအဖွဲ့ခေါင်းဆောင် ၁ SSPP/SSA
၃။ ဆွန်လွတ်ဂွမ်မော် ဒုအဖွဲ့ခေါင်းဆောင် ၂ KIO/KIA
၎။ တာပန်လ အဖွဲ့ဝင် PSLF/TNLA
၅။ ဦးဖုန်းနိုင်ဝင်း ။ MNDAA
၆။ စဝ်ဆေအွန် ။ SSPP/SSA
၇။ နိုင်ရွှေသိန်း ။ NMSP
၈။ ဒူဝါဘောင်ဝမ်လရော် ။ KNO
၉။ ဦီးမင်းထွန်း ။ ANC
၁၀။ ဦးဆော်လမွန် ။ LDU
၁၁။ တာ့ညီလူ ။ WNO
တို့ ဖြစ်ကြသည်။

UNFC တွင် အဖွဲ့ဝင်ဖြစ်ကြသော MNDAA (ကိုးကန့်) နှင့် TNLA (တအန်း ပလောင်) တို့သည် UNFC တွင် အဖွဲ့ဝင်မဖြစ်သေးသည့် ၎င်းတို့၏ မဟာမိတ် ULA/AA ( ရခိုင်) နှင့် ၃ ဖွဲ့ပေါင်း၍ ရွေးကောက်ပွဲမတိုင်မီက ၎င်း၊ ရွေးကောက်ပွဲအပြီးတွင်၎င်း NLD အစိုးရသစ်နှင့်ဆွေးနွေးရန် သူတို့၏ သဘောထားကို ထုတ်ပြန်ထားခဲ့သည်။

ငြိမ်းချမ်းရေးလက်မှတ် တကြိမ်ထိုးပြီးပြီဖြစ်၍ NCA လက်မှတ်ထပ်ထိုးရန်မလိုဟု သဘောထားသော UWSA ( ဝ ) NDAA ( မိုင်းလား ) တို့သည်လည်း NLD အစိုးရသစ်နှင့်ဆွေးနွေးရန် လိုလားကြောင်း နှင့် ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့ထားကြောင်း ပြောဆိုထားပါသည်။ ပြီးခဲ့သောလက NLD လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေးနှင့် အလွတ်သဘောတွေ့ဆုံရာတွင် UWSA မှ သူတို့ ၏လိုလားသောသဘောထားကို ဖော်ပြခဲ့သည်ကို တွေ့ရသည်။

ချုပ်၍ပြောရလျှင် NCA လက်မှတ်ထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားအဖွဲ့များသည် NLD အစိုးရသစ်နှင့်ဆွေးနွေးရန် အားသန်လျက်ရှိသည်ဟု ဆိုရပေမည်။

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts