Ni July ကဗျာ

နီဇူလိုင် – ငါတို့အရပ်သားအစိုးရစစ်စစ်ကြီးနဲ့

Design by Nijuly

နီဇူလိုင် – ငါတို့အရပ်သားအစိုးရစစ်စစ်ကြီးနဲ့

(မိုးမခ) မေ ၁၉၊ ၂၀၁၆

ငါတို့အရပ်သားအစိုးရစစ်ကြီးကို
အနှစ်နှစ်အလလ
တောင့်တခဲ့တဲ့မျှော်လင့်ချက်တွေနဲ့
ငါတို့ယုံစားခဲ့တယ်..။
မီးပြတ်..ရေရှား..
အို..ဒါလေးများ…။
ကုန်ဈေးနှုန်းတွေတရိပ်ရိပ်တက်လည်း
အံကြိတ်ခံစား.
အို..ဒါလေးများ..။
ငါတို့အရပ်သားအစိုးရစစ်ကြီးကို
အနှစ်နှစ်အလလ
ခဲထားခဲ့တဲ့အားတွေနဲ့
ငါတို့ ကျားကန်ခဲ့တယ်..။

ပြဿနာပေါင်းသောင်းခြောက်ထောင်ထဲက
ငါတို့ အရပ်သားအစိုးရစစ်ကြီးကို
ကြက်မွှေးလေးနဲ့သာသာလေးတောင် မသပ်ရက်ဘူး..။

ဒီနေ့တော့
ရက်ပေါင်းတစ်ရာမပြည့်သေးတဲ့
ငါတို့အရပ်သားစစ်စစ်အစိုးရကြီးဟာ
နေပူပူလမ်းမပေါ်က ဆန္ဒပြအလုပ်သမားတွေကို
မစာမနာ
အချုပ်ကားပေါ်ဆွဲတင်
ညင်ညင်သာသာ
အင်အားသုံးဖြေရှင်းပြလိုက်တယ်…။

အေးလေ..ဖမ်းမှာပေါ့…။
အလုပ်သမားတွေက
သူများသာသနာမြေထဲ ဘုရားသွားတည်သလို
ကုသိုလ်ကောင်းမှုမှ မလုပ်တတ်ကြတာ..။

အေးလေ…ဖမ်းမှာပေါ့
အလုပ်သမားတွေက
သူတို့မွေးရာပါအခွင့်အရေးလေးများ ရှိမလားလို့
သူတို့မွေးရာပါအစာအိမ်ပြဿနာအတွက်
သူတို့မွေးရာပါ ..ခြေထောက်ကလေးတွေနဲ့
ပူပူလောင်လောင်အညာနွေလမ်းမတွေပေါ်မှာ
လမ်းလျှောက်ရုံပဲလျှောက်တတ်ကြတာ..။

အေးလေ..ဖမ်းမှာပေါ့
အလုပ်သမားတွေမှာ
ခရမ်းရောင်မပျက်သေးတဲ့လက်သန်းလေးတွေပဲရှိပြီး
ဘာ..လက်နက်မှ မရှိကြတာ..။

ငါနားမလည်တာက
နေပြည်တော်ကို
ဒီ..အလုပ်သမားသပိတ်ရောက်သွားရင်
ငါတို့အရပ်သားအစိုးရစစ်စစ်ကြီး
ဒလိမ့်ခေါက်ကွေး ပြုတ်ကျမှာလား
တိုင်းပြည်ကြီး အဖတ်ဆည်မရအောင်ပျက်မှာလား..။

ဒါဆိုလည်း
အရင်အစိုးရရဲ့ လက်ပံတန်းဇာတ်ကွက်လို
နေပြည်တော်အ၀င်မှာ
ယပ်တောင်ကလေးတချောင်းစိုက်
ဓာတ်ရိုက်ဓာတ်ဆင်လုပ်လိုက်ပါလား..။

အခုတော့
ဒီနေ့မြင်ကွင်းတွေက
သရဏံဂုဏ်တင်အပြီး
ညောင်ရေအိုးလေးရိုက်ခွဲလိုက်သလို
ငါတို့အရပ်သားအစိုးရစစ်စစ်ကြီးရယ်
ငါတို့ရယ်…။

နီဇူလိုင်
၁၈.၅.၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts