စာစုတို ဖိုးထက်

ဖိုးထက် ● သတိ၊ ပြုပြင်ထိန်းသိမ်းရမှာတွေက များ

ဖိုးထက် ● သတိ၊ ပြုပြင်ထိန်းသိမ်းရမှာတွေက များ
(မိုးမခ) မေ ၁၆၊ ၂၀၁၆

 

ယနေ့ တိုးတက်ပြီးသော ကမ္ဘာ့နိုင်ငံများတွင် maintenance ဆိုသည့် ပြုပြင်ထိန်းသိမ်းရေးကိစ္စအား ငွေကြေးများစွာ၊ လူအင်အားများစွာ၊ စက်မှုအင်အားများစွာဖြင့် ဂရုတစိုက်အရေးပေးကြသည်။ ကျွန်တော်တို့ ရွှေနိုင်ငံကြီးမှာကား….

ကျွန်တော်တို့လူမျိုးသည် ပစ္စည်းကောင်း အလွန်ကြိုက်သည်။ ကုန်ချင်သလောက်ကုန်။ ကောင်းရင်ပြီး ရောစိတ်ထားမျိုးက များသည်။ စားသောက်ဆိုင်ကြီးများ၊ လက်ဖက်ရည်ဆိုင်ကြီးများ၊ စတိုးဆိုင်ကြီးများ အစရှိ သဖြင့် ဆိုင်ကြီး ခန်းကြီးများကို ငွေကုန်ကြေးကျခံတည်ဆောက်ကြသည်။ သုံးစွဲထားသမျှပစ္စည်းတွေက အကောင်းစားတွေချည်း။ အပေါစား တခုမှ မပါ။ မြန်မာပြည်ကသူဌေးများလောက် အကောင်းကြိုက်တတ်တာ မြန်မာပြည်က သူဌေးများပဲရှိပေလိမ့်မည်ဟု မှတ်ချက်ရဲရဲကြီး ပေးချင်သည်။ မိမိစီးပွားရေးအတွက် ဘတ်ဂျက် မသတ်မှတ်ထား။ ဒါလေးက ပိုကောင်းတယ်ဆိုရင် ဒါလေးပဲ လုပ်လိုက်ပေါ့ဆိုသည့် သူဌေးတွေချည်း ကျွန်တော် တွေ့ရသည်။ ထို့ကြောင့်လည်း သိန်းတစ်ရာမှန်းထားသည့်အလုပ်က သိန်းနှစ်ရာတွေ ဖြစ်ကုန်တတ်ကြသည်။

သို့သော် ပြုပြင်ထိန်းသိမ်းရေးအတွက် ငွေကုန်ရတော့မည်ဆိုလျှင် မြန်မာပြည်က သူဌေးလောက် လက် ပေါက်ကပ်တာ ကမ္ဘာမှာ ဘယ်သူမှမရှိ။ နိုးတူး။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက် သည်ဆိုသည့်ပညာပေးအစီအစဉ်ပြသနေသော တန်ဖိုးကြီး LCD တီဗီကြီးမှာ ကင်းမျှင်များ၊ ဖုန်များက မြင် မကောင်း။ တိုးလို့တွဲလဲ ၀ါယာကြိုးများက  ဖိတ်ဖိတ်တောက် ဧည့်ကြိုကောင်တာထက်မှာ မလေးရှား စုန်းကား ထဲက စုန်းမကြီး၏ဆံပင်တွေလို မြင်လို့ပင်မကောင်း။ “ဒါလေးတွေ ပြင်ပါလားခင်ည။ ကျွန်တော်တို့ ဈေး အသက်သာဆုံးဖြစ်အောင် ညှိပေးပါ့မယ်” ဟုပြောမိတော့ ဘော်လာမချက်နဲ့မောင်ရင်ဆိုသည့်အကြည့်ဖြင့် အကြည့်ခံရသည်။

ပြီးခဲ့သော သင်္ကြန်တွင်းက ရန်ကုန်မြို့နှင့်မလှမ်းမကမ်းရှိ နိုင်ငံကျော်မြို့လေးတခုသို့ ကျွန်တော် ရောက် သွားသည်။ ဒုလ္လဘ၀တ်ရင်း၊ တရားစခန်းဝင်ရင်း၊ ဆောက်တည်ရာမရဖြစ်ခဲ့သောစိတ်တွေကို ပြန်လည်ထိန်း ညှိဖို့ကြိုးစားရင်း။ သို့သော် သင်္ကန်းကြီးတဖားဖားဖြင့် ဘုန်းတော်ကြီးကျောင်း၏လျှပ်စစ်ဆိုင်ရာလုပ်ငန်းတွေကို ၀င်ပြီး ကူညီပေးခဲ့ကြသည်။ မီးတွေဆင်၊ ရေတွေပြင်။ ကျွန်တော်တို့လုပ်အားတွေကို ဆရာတော်ဘုရားက အသိ အမှတ်ပြုသည့်အနေဖြင့် ကျွန်တော်တို့ကို ဦးစားပေးရှာသည်။ အရေးပေးရှာသည်။ ကျွန်တော်စိတ်ဝင်စားမှန်း သိသဖြင့် ဆရာတော့်ကျောင်းနှင့်မလှမ်းမကမ်းရှိရွာကလေးအတွက် ကိုရီးယားနိုင်ငံမှလှူထားသည့် နေအား လျှပ်စစ်စက်ရုံလေးကို ခေါ်သွားခဲ့သည်။

နေအား လျှပ်စစ်ထုတ်လုပ်သည့်အရည်အသွေးရှိသော ဆိုလာပြားများက ပေတစ်ရာပတ်လည် မြေ ကွက်အပြည့်။ ဘက်ထရီအိုးများ၊ အားသွင်းစက်များကို ဆက်သွယ်ထားသည်။ ခက်တာက ဖုန်အလိမ်းလိမ်း တက်။ ပင့်ကူမျှင်တွေက မြင်လို့ပင်မကောင်း။ ပျက်တာတွေက ပျက်။ သုံးမရတာတွေကများ။ ရာခိုင်နှုန်း ငါး ဆယ်ခန့်သာ ကောင်းတော့သည်။ ၆၀ ကီလိုဝပ် ထုတ်လုပ်နိုင်သည့် ဆိုလာနေအားလျှပ်စစ်စက်ရုံလေးက လူ သူလေးပါးစွန့်ပစ်ထားသည့် ဇရပ်တဆောင်လေးလို ရှိနေသည်။ အလှူရှင်တွေဖြစ်ကြသည့် ကိုရီးယားတွေက တော့ ဆိုလာပြားတွေလှူသည်။ ဘက်ထရီတွေ လှူသည်။ မီးပေးသွယ်တန်းမှုများ အဆင်သင့် လာချိတ်ဆက် နိုင်ဖို့ လျှပ်စီးဖြတ်လမ်းကိရိယာ (circuit breaker) များ တပ်ပေးခဲ့သည်။ သူတို့ရည်ရွယ်ခဲ့ပုံက ရွာကလေး အတွက် ၀ါယာကြိုးသွယ်တန်းခြင်းအား မိမိအစီအစဉ်ဖြင့် မိမိလုပ်ခဲ့စေချင်ပုံရသည်။ ရွာကလေးက အလှူရှင် တွေ၏ရည်ရွယ်ရင်းကို မသိတာဘဲလား၊ မလုပ်တာဘဲလား။ သူတို့၏ဘထ္တရီအိုးကြီးတွေကို မလာပြီး အားသွင်း ခြင်းသာ ပြုကြသည်တဲ့။ သဲတရှပ်ရှပ်၊ ဖုန်တလောလောအဆောက်အဦလေးကို ကျွန်တော်တို့ ကျောခိုင်းထွက် ခဲ့စဉ်မှာ အားသွင်းဖို့ဘက်ထရီအိုးကြီးများကိုမလာသော ရွာသားတယောက်စ၊ နှစ်ယောက်စကို မျက်နှာချင်းဆိုင် ဖြတ်သန်းခဲ့ကြသည်။

ဆယ်စုနှစ်တခုစာလောက် နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်မျိုးစုံလုပ် ကျွန်သက်ရှည်ခဲ့သော ကျွန် တော်တယောက် မြန်မာနိုင်ငံကိုပြန်ရောက်ကတည်းက စကားကြီးကြီးကျယ်ကျယ်တွေမပြောဖြစ်ဖို့ အလွန်သတိ ထားသည်။  အရာရာမှာ စနစ်ကျပြီးသားနိုင်ငံများနှင့်ချိန်ထိုးပြီး စိတ်တိုင်းမကျတာတွေ၊ ဘ၀င်မကျတာတွေ အများကြီးဖြစ်သော်လည်း ဒါတော့ဒါပေါ့။ ဖြည်းဖြည်းပြင်ကြမှာပါလို့ဆရာကြီးပုံစံမဖမ်းဘဲ တယောက်တည်း တိုး တိုးတိတ်တိတ်တွေးပါသည်။ နေရာတကာမှာဝင်ငန်ရမှ စိတ်ကျေနပ်ကြသော ပဲခူးဆားတွေများသည့် ဒီခေတ် ကြီးမှာ ဘယ်ကိစ္စမဆို ငါဘာမှမပြောဘဲနေရင် ခေတ်နောက်ကျတော့မှာပဲဆိုသည့်စိုးရိမ်သည့်စိတ်ထားမျိုး နည်း နိုင်သမျှ နည်းချင်တာလည်း ပါသည်။

သို့ပေသိ ပြုပြင်ထိန်းသိမ်းရေးကိစ္စအား ခပ်ပေါ့ပေါ့တွေးကြသည်ကို တွေ့ရတာများလာတော့ ကျွန်တော် သည်လည်း ပဲခူးဆားဖြစ်စေတော့။ ပြုပြင်ထိန်းသိမ်းသည့်နေရာမှာ ရုပ်ဝတ္ထုတွေတင်ပဲလား။ စိတ်ဓာတ်တွေ ရော၊ စနစ်တွေရော၊ အတွေးအခေါ်အဟောင်းတွေရော။ အားလုံးအားလုံး အသစ်အသစ် ဖြစ်ချင်သော်လည်း မဖြစ်နိုင်ပါ။ သာဓကအားဖြင့် အုပ်ချုပ်သူလူတန်းစားများ။ သမ္မတ ပြောင်းနိုင်သည်။ ၀န်ကြီးတွေ ပြောင်းနိုင် သည်။ ငါးနှစ်ပြည့်တိုင်း ဒီလိုပဲလွယ်လွယ်ပြောင်းလို့ရပြီဆိုကြပါစို့။ သို့သော် သက်ဆိုင်ရာဦးစီးမှူးတွေ၊ ညွှန်မှူး တွေကို လွယ်လွယ်ပြောင်းလို့မရ။ သူတို့၏လုပ်သက်၊ အတွေ့အကြုံများအရ အစိုးရဘယ်လိုပဲ ပြောင်းပြောင်း သူတို့က အမာခံကျောရိုးတွေအဖြစ် ကျန်နေခဲ့ရမှာ ဖြစ်သည်။ သူတို့၏လုပ်ရည်ကိုင်ရည်တွေက အောက်ခြေ စီး ပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့်ကိစ္စတွေကို ကြီးစွာသက်ရောက်မှုဖြစ်စေသည်။ လုပ်နည်းကိုင်နည်း အမှားတွေ၊ စနစ်အမှားတွေကို အသစ်မပြောင်းချင်လျှင်သော်မှကြည့်ကောင်းအောင်၊ အဆင်ပြေအောင် ပြုပြင် ထိန်းသိမ်းစေချင်ကြသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၏ အစည်းအဝေးခန်းမတခုထဲသို့ ကျွန် တော်ရောက်သွားသည်။ လာသည့်ဦးစီးမှူး၊ ညွှန်မှူးတွေက ဌာနပေါင်းစုံ။ စည်းဝေးပွဲက အနည်းငယ် အရေးကြီး သည်ဟုဆိုသော် ရကောင်း၏။ စည်းဝေးပွဲသို့ အချိန်မီအောင် လေးလေးစားစား လာကြသည်။ စကားအသုံး အနှုန်း၊ အပြောအဆို၊ ပြောပေါက်ဆိုပေါက်တွေက အရင်ခေတ်နှင့် လုံးဝမတူ။ မတူရေးချ မတူ။ အပြုသဘော ဆောင်လာသည်။ အလုပ်ကိုအလုပ်နှင့်တူအောင် လုပ်ရတော့မယ်ဟု သိကြဟန်တူသည်။ သို့သော် ခက်တာက စည်းဝေးပွဲအစီအစဉ် အာဂျင်ဒါမရှိ။ ထို့ကြောင့် ရှိရှိသမျှလူတွေက မိမိထင်ရာမြင်ရာကို ထထပြီး ပြောချင်သည့် အချိန် ပြောနိုင်သည်။ အချိန်အကန့်အသတ်မရှိ။

ကျွန်တော့်ဗဟုသုတအရ နိုင်ငံ့ခေါင်းဆောင်တွေ၏အရေးကြီးအစည်းအဝေးလုပ်တာပဲ ဖြစ်ဖြစ်၊ အစည်း အဝေးကို ဘယ်လိုလုပ်ရမယ်လို့ ကောင်းစွာသိသောအဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ခေါင်းစဉ်တွေ၊ အာဂျင်ဒါတွေ ခွဲ လာသည်။ ဘယ်အပိုင်းကို ပြောမှာလဲ။ ဘယ်အပိုင်းကို အဓိကထားပြီး ဘယ်အကြောင်းအရာကို ဒီစည်းဝေးပွဲ မှာ နည်းနည်းစထားခဲ့မလဲ။ ဘယ်အရာကိုတော့ နောက်အစည်းအဝေးမှာ အဓိကဆွေးနွေးဖို့ ဘယ်သူတွေကို ဘယ်လိုတာဝန်ပေးလိုက်မလဲ။ ဒီလိုမျိုးနည်းလမ်းတွေဖြင့် ပြဿနာတွေအလုပ်တွေကို ပြီးပြတ်စေရသည်။ ဆွေး နွေးငြင်းခုံရသည်။ အခုကျတော့ ဈေးထဲကလက်ဖက်ရည်ဆိုင်မှာ လေထိုင်ကန်သလိုမျိုး တယောက်တပေါက်။ အချင်းချင်းလည်း ပြောသည်။ တဖက်ကိုလည်း ပြောသည်။ ပြောသမျှကိုလည်း မှတ်တမ်းမှတ်ရာထားတာ ကျွန် တော်မမြင်။ လူ့ဦးနှောက်က ဘယ်လောက်များမှတ်သားနိုင်မှာမို့လို့လဲ။ အရေးကြီးကိစ္စမှန်သမျှ အဖြူအမည်း သဲသဲကွဲကွဲဖြစ်အောင် စာရွက်စာတမ်းဖြင့်လုပ်ကြရသည်မဟုတ်လား။ စည်းဝေးပွဲမှတ်တမ်းပြီးရင် ရှိလာမယ်လို့ ကျွန်တော် မထင်။ ရှိခဲ့ရင်သော်မှပဲ ၀က်လချီးလည်နေသည့်စည်းဝေးပွဲမှတ်တမ်းကြီးသာ ဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့ပြောင်းဖို့ ကြိုးစားခဲ့ကြသည်။ ခေါင်းဆောင်နောက်ကို ဖ၀ါးထပ်မျှ လိုက်ခဲ့ကြသည်။ ခေါင်း ဆောင်၏စိတ်စေတနာနှင့်အလုပ်ကို ကောင်းမွန်စွာ သိကြသည်။ အလုပ်တိုင်းမှာ စိတ်ကောင်းစေတနာရှိရုံဖြင့် ပြီးတာမဟုတ်။ I will try my best ဆိုတိုင်း မင်းရဲ့အကောင်းဆုံးက ဘယ်လောက်လဲဆိုတာလည်း ပြန်မေး သင့်သည့်မေးခွန်းသာ ဖြစ်သည်။ ကျွန်တော်တို့မှာ လုပ်စရာအလုပ်တွေက တပုံတပင်။ ရှင်းစရာ အမှိုက်သရိုက် တွေက မြင်လို့ပင်မကောင်း။ စနစ်အဟောင်း၊ အတွေးအခေါ်အဟောင်းတွေ လုံးဝအသုံးမ၀င်ဘူးလို့ မဆိုချင်ပါ။ သူ့နေရာနဲ့သူ ရှိရဦးမှာပါပဲ။ ဒါပေသိ ပိုကောင်းသွားအောင်၊ ပိုတင့်တယ်သွားအောင်၊ ပိုပြီးအလုပ်ဖြစ်သွားအောင် ပြုပြင်ထိန်းသိမ်းသင့်ကြပါသည်။

ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားရှင်က လူသည် မကောင်းမှုတွင် မွေ့လျော်သည်ဟု ခပ်ရဲရဲကြီး မိန့်ခဲ့ သည်။ မှန်၊ မမှန် ကိုယ့်စိတ်ကိုယ်သာ ပြန်ကြည့်ကြစေချင်သည်။ အပျက်ဘက်ကိုဦးတည်နေသည့် စိတ်အခံ များ။ ဒါတွေက ဖြစ်တတ်သည့် လူ့သဘောလူ့မနော။ ထူးဆန်းအံ့သြစရာမရှိ။ ဘုရားရှင်က အနာကိုပြပြီး ဆေး ကုနည်းကျမပေးဘဲထားခဲ့တာမဟုတ်။ ကုသဖို့ဆေးက “သတိ” ဆိုသည့်ဆေး။ ဘယ်တော့မှပိုသည့်မရှိသည့် ဆေး။

စိတ်ဆိုးစိတ်ယုတ်တွေကို တိုက်ထုတ်ပစ်ဖို့ “သတိ” လိုသလို၊ ခေတ်ဟောင်းစနစ်ဟောင်းကြီးကို ချန် ထားခဲ့ဖို့ “ပြုပြင်ထိန်းသိမ်းရေး” အရေးကြီးပါသည်။ သတိထားပါ။ ပြုပြင်ထိန်းသိမ်းကြပါလို့ ကျွန်တော် ဖိုးထက် ကတိုက်တွန်းလျှင် ဒီပဲခူးဆား တယ်ငန်သကိုးလို့ မထင်ကြစေလိုပါ။

ဖိုးထက်

သရုပ်ဖော် – သန်းဌေးမောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts