သာဂိ သူတို့အာဘော် နိုင်ငံတကာရေးရာ

နိုင်ငံတကာသာဂိ – အမေရိကန် ရွေးကောက်ပွဲ နိုင်ငံရေး ဆပ်ကပ်ပွဲ


နိုင်ငံတကာသာဂိ – အမေရိကန် ရွေးကောက်ပွဲ နိုင်ငံရေး ဆပ်ကပ်ပွဲ
(မိုးမခ) မေ ၁၅၊ ၂၀၁၆

အစတုန်းက ရေးခဲ့တာက အမေရိကန်ရွေးကောက်ပွဲရာသီဟာ အားကစားပွဲတွေ အပန်းဖြေပွဲတွေလို အချိန်ဖြုန်း အပျော်ရှာသလိုပဲလို့ ရေးဖူးတယ်။ အခုတော့ ဆပ်ကပ်ပွဲလို့ ပြောရမယ်။ ဆပ်ကပ်ပွဲဆိုတာက ပွဲကြည့်သူ ပရိသတ် ရင်သတ်ရှုမော အသည်းတယားယား တထိတ်ထိတ် ဖြစ်အောင် လုပ်တဲ့သူက လုပ်၊ ကြည့်တဲ့သူက ကြည့်။ ပြီးတော့လည်း ပြီးသွားတဲ့ဟာကိုး။ အခုဟာက လက်ယာစွန်း ဓနရှင်ကြီး ဒေါ်နယ်ထရန်ကြီးက ရီပတ်ဘလစ်ကန်သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲအစစ်ကြီးကို ၀င်တော့မယ် အလားအလာက များလာပြီ။ ရီပတ်ဘလစ်ကန်ပါတီခေါင်းဆောင်တွေကိုယ်တိုင်က သူတို့ သမ္မတလောင်းကို သူတို့မှာ မယုံကြည်နိုင်ဘူး ဖြစ်နေတယ်။ သူတို့ပါတီကိုတောင် ပြန်ပြီး နင်းသွားလေမလား စိုးရိမ်နေရတော့ တနေ့ကပဲ လွှတ်တော်က ရီပတ်ဘလစ်ကန် အမတ်ခေါင်းဆောင် ပေါရိုင်ရင်နဲ့ သမ္မတလောင်းဖြစ်ချင်သူ ထရန့်တို့ တွေ့ဆုံ ဆွေးနွေးကြရပါတယ်။ ရိုင်ရင်က ခုထိကို ထရန့်ကို အပြည့်အ၀ထောက်ခံကြောင်း ထုတ်မပြောသေးတော့ ပရိသတ်ကအသည်းတယားယားပေါ့။

ဒီကြားထဲမှာ အိုဘားမားအစိုးရက အခြေခံပညာကျောင်းတွေမှာ transgender (မူရင်းလိင်စိတ်မှ ကွဲပြားနေသူ) တွေကို သူတို့လိုလားတဲ့ အိမ်သာခန်း (ကျား၊ မ အိမ်သာ) လွတ်လပ်စွာ သုံးခွင့်ပြုကြောင်း ဥပဒေပြဌာန်းလိုက်ပါတယ်။ ဥပမာ မလိင်ဖြစ်နေသောလည်း ဖိုစိတ် ဖြစ်နေသူက သူ့ကိုယ်သူ ဖိုအဖြစ် ကျားအိမ်သာ သုံးတာကို ဥပဒေအရ ခွင့်ပြတယ်ပေါ့။ အမေရိကန်ပြည်မှာ လွန်ခဲ့တဲ့ တနှစ်က လိင်တူ လိင်ကွဲ ဆက်ဆံလိုသူများ ထိမ်းမြားလက်ထပ်ခြင်း တန်းတူအခွင့်အရေးပေးကြောင်း ပြဌာန်းလိုက်ပါတယ်။ သည်နောက် မူရင်းလိင်စိတ်မှ ကွဲပြားနေသူတွေ (မြန်မာလို ယောကျာ်းလျာ၊ မိန်းမလျာ။ ဘိုလို ဂေးနဲ့ လက်စဘီယံ) တွေကို သူတို့ ပြောင်းချင်တဲ့စိတ်နဲ့ ကိုယ် ထုတ်ဖော်ခွင့် အသိအမှတ်ပြုခွင့်ကို ပေးလိုက်ပါတယ်။ အဲဒီကတဆင့် အစိုးရကျောင်းတွေမှာ သူတို့တွေ သူတို့သတ်မှတ်ထားတဲ့ လိင်စိတ်ရှိတဲ့ အိမ်သာကို လွတ်လပ်စွာ သုံးဖို့ သတ်မှတ်ပြန်ပါတယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်နဲ့ မစ္စစပီပြည်နယ်တို့က ပြည်နယ်အစိုးရတွေက လက်မခံတော့ သူတို့ဥပဒေတွေနဲ့ တားမြစ်တာ ကန့်ကွက်တာ လုပ်ကြပါတယ်။ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတွေ အပြန်အလှန် တရားစွဲကြနဲ့ အကြီးအကျယ် ဖြစ်နေပါတယ်။ ပြောချင်တာက ၂၀၁၆ အရေးကြီးတဲ့ သမ္မတနဲ့ လွှတ်တော် ရွေးကောက်ပွဲ ကာလမှာ ဒီ လိင်တူ လိင်ကွဲ ကိစ္စဟာ သမ္မတလောင်းတွေ အမတ်လောင်းတွေ မဲဆန္ဒရှင်တွေကြားမှာ အကြီးအကျယ် ရိုက်ခတ် ဂယက်ထနေတာကို ထောက်ပြတာပါ။

ဒါက ဆပ်ကပ်ပွဲများမှာဆိုရင် အရွေးခံမယ့် နိုင်ငံရေးသမားတွေအတွက် ကြိုးတန်းပေါ် လမ်းလျောက်ရတဲ့ အသည်းတယားယား ကိစ္စတခုပေါ့ဗျာ။ ရှေးရိုးစွဲတွေ လက်ယာစွန်းတွေက နိုင်ငံခြားသား ဆန့်ကျင်ရေး၊ ပြည်ပစီးပွားရေးလုပ်ငန်းများကို ကန့်သတ်ရေး၊ ဘာသာ သာသနာ မျိုးချစ်စိတ်ဓာတ်များ ထက်သန်ရေးတွေအပေါ်မှာ အားသန်နေကြတဲ့ကြားထဲမှာ ခေတ်ပေါ် အယူအဆ သဘောထား အသစ်များဖြစ်တဲ့ အသားအရောင်၊ လူမျိုး၊ လိင်တူ လိင်ကွဲ ၊ အလုပ်သမား၊ အမျိုးသမီးများ အခွင့်အရေး တန်းတူရရှိရေတို့အပေါ် မျက်စိစပါးမွှေး စူးနေကြတာဖြစ်နေရာက မွေးရာပါလိင်နဲ့ လက်ရှိစိတ် ကွဲပြားနေသူတွေ အိမ်သာကိစ္စပါ ၀င်လာတော့ အကြီးအကျယ် အုတ်အော်သောင်းနင်း ဖြစ်ရတာပေါ့ ခင်ဗျာ။ ဒါကို နိုင်ငံရေး သုံးသပ်သူတွေက wedging လုပ်တယ်။ သပ်လျိုတယ်လို့ ပြောကြပါတယ်။ အိုဘားမားတို့ သပ်လျိုတာက ကိုယ့်ပါတီကိုယ် မဟုတ်ဘဲ အခုကတည်းက အလဲအကွဲဖြစ်နေတဲ့ ရီပတ်ဘလစ်ကန် ပါတီကို သပ်လျိုတာလို့ ဆိုပါတယ်။ ရီပတ်ဘလစ်ကန်တွေ အထဲမှာကလည်း လက်ယာအစွန်းမရောက်ဘဲ အလယ်အလတ် ညှိညှိနှိုင်းနှိုင်းလုပ်လိုသူတွေ နိုင်ငံရေးဝါရင့်တွေ ရှိပါတယ်။ သာတူ ညီမျှ သဘောထားတဲ့ မဲဆန္ဒရှင်တွေလည်း ပါပါတယ်။ ပါတီက ခေါင်းတင်ထားတဲ့ အစွန်းရောက် အမာဂိုဏ်းသားတွေ ရွေးကောက်ပွဲ ၀င်ရင် အဲသည်လူတွေက စိတ်ပျက်ပြီး မဲမထည့်မှာ အားမပေးကြမှာကို ရီပတ်ဘလစ်ကန်ခေါင်းဆောင်တွေကိုယ်တိုင်က စိုးရိမ်နေကြတာပါ။ ထရန့်သာ သမ္မတလောင်း ဖြစ်ရင် ပံ့ပိုးမှုတွေ မလုပ်နိုင်ဘူးလို့ ငွေကြေးသြဇာကြီးသူ ကျောထောက်နောက်ခံပေးသူ အစုအဖွဲ့တွေကြားထဲ အသံတွေ ထွက်နေကြတော့။ ဒီ အိမ်သာကိစ္စက သူတို့ပါတီဝင်တွေ အချင်းချင်းကြားမှာ ပိုပြီး သွေးကွဲဖို့ ဖြစ်စေတယ်ဆိုပြီး သပ်လျိုမှုအဖြစ် သုံးကြတာ ဖြစ်ပါတယ် ခင်ဗျ။

သူတို့ ရွေးကောက်ပွဲ နိုင်ငံရေးက ဆပ်ကပ်ပွဲဆိုတော့ ပွဲဆူလေ လူများလေ လူစည်လေ အောင်မြင်လေလို့ပဲ သဘောထားကြသလား မသိပါဘူးခင်ဗျ။ အခုလို သပ်လျိုတာတွေအပြင် အတင်းအဖျင်းတွေ ဖြန့်ချိ အပုတ်ချတာတွေကလည်း အများအပြားဖြစ်ပါတယ်။ လက်ရှိမှာ တဖက်က ဒီမိုကရက်တစ်ပါတီ ပြိုင်ဖက်သမ္မတလောင်းတွေဖြစ်တဲ့ ဟီလာရီကလင်တန်နဲ့ ဘာနီးဆင်းဒါးတို့ကလည်း ပါတီတွင်းက လူငယ်မဲဆန္ဒရှင်တွေကြားထဲမှာ wedging တွေ ရှိပါတယ်။ ဘယ်သူက လက်ဝဲစွန်း ပိုရောက်သလဲ ပြိုင်နေကြတော့ လူငယ်တွေထဲက လောကနိဗ္မာန်စိတ်ကူးယဉ်ကြတဲ့ လက်ဝဲယိမ်း လူငယ်တွေအများအပြားက ဘာနီမှ ဘာနီပဲ တဲ့ဗျ။ ဘာနီမှ တက်မလာရင် မဲမပေးကြတော့ဘူးလို့ ကြိမ်းနေကြပါတယ်။

လက်ရှိ အမေရိကန်ပြည်ကိုယ်တိုင်ကလည်း အပြောင်းအလဲရဲ့ လမ်းခွ လမ်းဆုံ လမ်းခုလတ်ကို ရောက်နေတာပါ။ ရှေးရိုးစွဲ conversative လက်ယာယိမ်းတဲ့ မူဝါဒတွေ သဘောထားတွေနဲ့ပဲ ဆက်သွားကြမလား၊ လက်ဝဲယိမ်းသူတွေ လိုလားတဲ့ သာတူညီမျှ လောကနိဗ္မာန်မှာ စည်းစိမ်ဥစ္စာတွေ ဝေမျှစားသောက် နေထိုင်ကြမလား ဒါကို ရွေးကြရမလိုလို ဖြစ်နေတာပါ။ ဆပ်ကပ်ပွဲဆိုတော့ နှစ်ဘက်စလုံးက ဟုတ်မလိုလိုချည်းပဲ။ တကယ်တန်းမှာက အလယ်အလတ် အားလုံး ပါဝင်နိုင်တဲ့ မူဝါဒတွေ သဘောထားတွေ ထားနိုင်မှ ဖြစ်ကြမှာကိုး။ လက်တွေ့မှာ ကြည့်လိုက်ရင် တောင်အမေရိကတိုင်းပြည်တွေမှာ မူးယစ်ဆေးဝါးဂိုဏ်းတွေ၏ အကြမ်းဖက်မှုတွေ၊ အစိုးရ အကျင့်ပျက်ခြစားမှုတွေက ခြိမ်းခြောက်နေပါတယ်။ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းမှာက ဘာသာရေးအစွန်းရောက်အကြမ်းဖက်မှုများနဲ့ တိုင်းပြည်တွေ ပျက်စီးကွယ်ပျောက်မှုတွေ ရင်ဆိုင်နေရပါတယ်။ ရုရှားတို့ တရုတ်တို့လို တပါတီ အာဏာရှင်တွေကတော့ အမျိုးသားရေးမူဝါဒ ရှေ့တန်းတင်ပြီး မိမိအကျိုးစီးပွားများ ဖြန့်ကျက် စိုးမိုးရေး ကို ရှေ့တန်းတင်နေကြပါပြီ။ ဥရောပသမဂ္ဂဆိုတာ သာယာသော ဆိုရှယ်လစ်လူ့ဘောင်ကို တည်ဆောက်နေရင်းနဲ့ အလုံးအရင်းနဲ့ ၀င်ရောက်လာသော အခြားဒေသက လူများ၊ သဘောထားများကို ရင်ဆိုင်ဖြေရှင်းဖို့ အကြပ်အတည်းစုံ တွေ့နေရပါတယ်။ အနာဂတ်အတွက် မောင်းနှင်အားဖြစ်လာတော့မယ့် အာရှနိုင်ငံများကကော ဘယ်လိုတွေ ဖြစ်နေသလဲ။ ပြင်ပကမ္ဘာက ရိုက်ခတ်မှု ဂယက်တွေကို သူတို့ကိုယ်တိုင်လည်း ခံစား ရုန်းကန်နေကြရပါပြီ။ အမေရိကန်ဆပ်ကပ်ပွဲကြီးရဲ့ ရလဒ်ကတော့ နိုင်ငံတကာအတွက် သင်ခန်းစာတွေ ပြင်ဆင် အတုယူစရာတွေ ဖြစ်လာမှာကတော့ သေချာ နေကြောင်းပါခင်ဗျား။

ဆပ်ကပ်ပွဲကြည့်ပြီး အိမ်ပြန်တဲ့ ပရိသတ်တွေဆိုတာ ကိုယ်အိမ်မှာလည်း ဆပ်ကပ်ပွဲထဲက အကွက်ဆန်းတွေ စမ်းသတ် လုပ်ချင် လုပ်ကြည့်ကြမှာကိုး။ ရုပ်ရှင်တွေထဲကစတန့်ခန်းတွေလို “အမေရိကန်နိုင်ငံရေး ရွေးကောက်ပွဲဆပ်ကပ်ဆိုတာ ကျွမ်းကျင်သူများ အထူးလေ့ကျင့် ဖျော်ဖြေမှုသာ ဖြစ်ကြောင်း မိမိဘာသာ မိမိ အတုခိုး လုပ်ခြင်းကို ရှောင်ကြင်သင့်ကြောင်း” သတိပေးစာသားမှ မပါတာကိုးလေနော်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts