သူတို့အာဘော်

ဦးဝင်းထိန် – နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဘာကြောင့် လိုအပ်ပါသလဲ

ဦးဝင်းထိန် – နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဘာကြောင့် လိုအပ်ပါသလဲ
(DVB မှ ကူးယူဖော်ပြသည်) မိုးမခ၊ မေ ၁၄၊ ၂၀၁၆

အခုရက်ပိုင်းတွေမှာ လွှတ်တော်အသီးသီးကိုတင်သွင်းပြီး အတည်ပြုချက်ရရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးတဲ့ ဥပဒေဟာ လူအများစိတ်ဝင်စားတဲ့ အကြောင်းအရာတခု ဖြစ်နေပါတယ်။ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ခေါင်းဆောင်ကို နိုင်ငံတော်အတိုင်ပင်ခံအဖြစ် သတ်မှတ်ခန့်ထားနိုင်ရေးအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

အများသိပြီးဖြစ်သလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်မလာအောင် ရည်ရွယ်၍ ရေးသားထားခြင်း ဖြစ်တယ်ဆိုတာ ယုတ်စွဆုံး ဆိုက်ကားဆရာကြီးများတောင် သိပါတယ်။ ဒီဥပဒေဟာ အဲဒီပုဒ်မ ၅၉ (စ) ကို ဥပေဒကြောင်းအရ ရှောင်လွှဲနိုင်အောင် ကြိုးပမ်းချက်ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ အချက်တွေဟာ လူတဦးတယောက်ကို ရည်ရွယ်ပြီး ရေးထားတာ မဟုတ်ဘူးလို့ ဘယ်သူတွေက ဘယ်လောက်ပဲပြောပြော အများပြည်သူတွေက ယုံကြည်လက်ခံနိုင်ခြင်း မရှိပါဘူး။ ငါ့စကားနွားရ ပြောနေကြတာပဲဟု ဆိုနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးမှ စတင်ပါဝင်ကတည်းက အနာဂတ်မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားစေရမယ်၊ တိုင်းရင်းသား လူမျိုးပေါင်းစုံဟာ ချစ်ချစ်ခင်ခင်ရှိတဲ့ သာယာဝပြောတဲ့ နိုင်ငံတခု ဖြစ်စေချင်တယ်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ချထားပြီး ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ယနေ့အထိ ဒီရည်မှန်းချက်တွေကို လုံးဝမျက်ခြေပြတ်မခံဘဲ နိုင်ငံရေးလမ်းစဉ်တွေကို အခါအားလျော်စွာ ချမှတ်ခဲ့ပါတယ်။ ဒီလို နိုင်ငံရေးလမ်းစဉ် ချမှတ်ထားတဲ့အတိုင်း ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးခရီးကြမ်းကြီးမှာ အဲဒီပန်းတိုင်ကို ရှေးရှုပြီး လက်တွေ့ဆန်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

အဲဒီလို လုပ်ဆောင်ခဲ့လို့လည်းပဲ ယခင့်ယခင်က ဘယ်လိုမှ အလားအလာ မကောင်းဘူးလို့ဆိုရမယ့် အနေအထားကနေ၊ နှစ်ပေါင်း (၂၈) နှစ်ကျော်လာတဲ့ ဒီနေ့ ဒီအချိန်အခါမှာ နိုင်ငံရဲ့အာဏာ (၃) ရပ်များအနက်မှ အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြု ရေးအာဏာနှစ်ရပ်ကို လုံးဝလွှမ်းမိုးနိုင်တဲ့ အနေအထားရောက်နေပါပြီ။

ဒါပေမယ့် နိုင်ငံတော်ရဲ့ အနာဂတ်တိုးတက်ရေးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ဆိုတာ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရ ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ပါ။ ဘာ ကြောင့်လည်းဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေထဲမှာ ရှေ့နောက်မညီတဲ့ အချက်အလက် တွေရယ်၊ ဒီမိုကရေစီ စံချိန်စံနှုန်းများနဲ့ မညီတဲ့အချက်အလက်တွေ ပါနေလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ တိုင်းပြည်အနာဂတ် ကံကြမ္မာကို ဖန်တီးဖို့အတွက် နည်းလမ်း ရှာလာရပါတယ်။ ဒီလို နည်းလမ်းရှာရာမှာပဲ၊ ဘယ်အချက်ကို အခြေခံရမလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကွဲလွဲခြင်း၊ မဆန့်ကျင်ခြင်းဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဆိုလိုရင်းက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မလုပ်ရဘူးလို့ ပြဋ္ဌာန်းထားတဲ့ ကိစ္စတွေကို မထိပါးဘူး။ ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဆိုရင်တော့၊ အဲဒီ ဖွဲ့စည်းပုံကိုပဲ အကာအကွယ်ယူပြီး လိုအပ်သလို နည်းလမ်းရှာရမယ်ဆိုတဲ့ အချက်ပါပဲ။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့နဲ့၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးကတော့ အဓိကပေါ့။

အခုလောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတရုံးဝန်ကြီး တာဝန်ယူထားပြီးဖြစ်နေပါတယ်။ သို့သော် သူ့ရဲ့ ထက်မြက်တဲ့ နိုင်ငံရေး အမြော်အမြင်ကြောင့် နိုင်ငံတော် အတိုင်ပင်ခံရာထူးကို ရယူခြင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်ပါဘူး။ အလားတူပဲ တချို့က စွပ်စွဲသလို ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်တယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဦးဆောင်တဲ့ ပုဂ္ဂိုလ်အများစု ပါဝင်တဲ့ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ လွှတ်တော်နှစ်ရပ်ရဲ့ ခေါင်းဆောင်များ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များကို ရွေးချယ်တာဝန်ပေးတဲ့အခါမှာ ပြည်သူလူထုက လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံကြတယ်ဆိုတာ အများအသိပါ။ ထို့အတူပဲ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ယူခြင်းကိုလည်း အများပြည်သူက လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံကြတယ်ဆိုတာကို သိရပါတယ်။ ကျနော်တို့ပြည်သူများဟာ (ဆိုက်ကား ဆရာကြီးများအပါအ၀င်) နိုင်ငံရေးအသိအမြင် ကြွယ်ဝနေကြပါပြီ။ နိုင်ငံရေးလုပ်ဆောင်မှုတခု လုပ်တိုင်း ဘာကြောင့် ဘယ်လိုဆိုတာ ကောင်းကောင်း သဘောပေါက်ကြပါတယ်။

ကြုံလို့အရေးပါတဲ့ အချက်တရပ်ကို ဖော်ထုတ်တင်ပြလိုပါတယ်။ ဒါကဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တနိုင်ငံလုံးရဲ့ ၈၀ ရာခိုင်နှုန်း ထောက်ခံမှု ရထားတယ်ဆိုတဲ့အချက်ပါ။ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်နိုင်ဖို့ လုပ်ပိုင်ခွင့် Mandate ပေးထားပြီးပြီဆိုတဲ့ အချက်ပါပဲ။

တခုကတော့ နိဂုံးချုပ်အနေနဲ့ ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့မူကို စွဲကိုင်ထားပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ (တပ်မတော်ပါတီများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ) အမြန်ဆုံး ယုံကြည်မှု တည်ဆောက်ပြီး အေးဆေးငြိမ်းချမ်းလုံခြုံတဲ့ အနေအထားတခုရောက်အောင် ကြိုးစားမှာဖြစ်လို့ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကမှ ၄င်းတို့ ရပ်တည်မှုအတွက် စိုးရိမ်ပူပန်ရန်မလိုကြောင်း ထပ်ဆင့်အတည်ပြုပါတယ်။

ဦးဝင်းထိန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts