စာစုတို

အဲလိုထူး – အမေ့ရဲ့သားအတွက် IDOL

Art – Than Htay Maung

အဲလိုထူး – အမေ့ရဲ့သားအတွက် IDOL
(မိုးမခ) မေ ၁၃၊ ၂၀၁၆

အမေဈေးကပြန်လာရင် သေနပ်ခါးလေးအဖွေးသားနဲ့မြင်ချင်တယ်..၊ ဦးဦးဒေါ်ဒေါ်ကိုကိုမမ…ဟုတ်ခဲ့ခင်ဗျ၊ အမေက..ကတ္တီပါဖိနပ်ကလေးဝယ်ပေးမှာပေါ့သားရဲ့၊ ခြေသည်းလက်သည်းသန့်စင်အောင်ညှပ်ပြီး.. အင်္ဂလိပ်ဘောင်းဘီတိုလေးနဲ့..၊ ငါ့သားက..ဖြူဖြူသွယ်သွယ်လေး..၊ ဆံပင်ဘေးခွဲကိုအုန်းဆီလေးထည့်ပြီး၊ ကျောင်းမှာလည်း..လက်ရေးလှအောင်ရေးပါသားရယ်.၊ အမေ..လို့ ပျစ်ပျစ်နှစ်နှစ်ကြီးဆိုတာထက်.. ဟိုကောင်လေးညီအစ်ကို..သူ့အမေကို..မေမေ..လို့ခေါ်တာ အမေကြားတယ်..၊ အမြဲတမ်းဖြူစင်ဝင်းပကြည်မြလို့..၊ အမေရင်အေးတာပေါ့သားရယ်..၊ လောက်လေးခွနဲ့ ဟိုလျှောက်ပစ်ဒီလျှောက်ပစ်လုပ်မယ့်အစား.. ကြက်တောင်ရိုက်ပါ့လား..သားရဲ့၊ ဘောင်းဘီတိုဖြူဖြူလေးနဲ့..၊ ကင်းဘတ်ဖိနပ်ဖြူဖြူလေးနဲ့..၊ ခြေအိပ်ဖြူဖြူလေးနဲ့..၊ လူပုံပန်းကလည်း ဖြူဖြူသွယ်သွယ်လေး..၊ ဟိုဘက်ပြေး..ဒီဘက်ပြေးတိုင်း ဆံပင်လေးတွေကလှုပ်လှုပ်..လှုပ်လှုပ်နဲ့..၊ ရေမထမ်းနဲ့သား၊ ညစ်ပတ်တယ်..၊ အမေ..ရေတွင်းမှာသွားချိုးမယ်..၊ စားကြိုးစားသားရယ်..၊ ဘာဆုရရ… သူ့သားလေးကိုနက်ကတိုင်လေးစည်းပေးပြီး ရှုးဖိနပ်အနက်နဲ့..၊ အမေလေ…ငါ့သားလေးဖြစ်လိုက်ပါတော့…ဆုတောင်းတာ..။

စံနမူနားထားတာလွဲရင်..တောက်လျှောက်ဘဝဆုံး၊ ကောင်းတာတော့… လူတိုင်းကြိုက်တဲ့နှင်းဆီခိုင်၊ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ဖို့… နံပတ်တစ်…ငွေရှာကောင်းရမှာလား..၊ ဘာပဲဖြစ်ဖြစ်လေ..၊ ကိုယ့်ဘဝအတွက်လည်းလိုအပ်တယ်ဆိုတော့ အသက်ကရပ်မနေသလို ခေတ်အခြေအနေတွေလည်း ရွေ့လျားပြောင်းလဲနေတယ်၊ အမေသိပ်ဖြစ်စေချင်တဲ့…မျှော်လင့်တဲ့…စံနမူနာထားကြိုးစားစေလိုတဲ့ ဖြူဖြူစင်စင်သန့်သန့်ပြန့်ပြန့် ခေတ်မီမီ ကောင်လေး …….၊  ခေတ်ရေစီးကြောင်းထဲရောက်သွားတယ်..၊ စိုင်းစိုင်းခမ်းလှိုင်ဖြစ်သွားတယ်လို့မပြောပါဘူး၊ ပညာရေးဆုံးခန်းမတိုင်ဘဲ.. ပိုက်ဆံနဲ့ရင်းရတဲ့သင်္ဘောသား..၊ ကိုယ်က..ရုံးစာရေးလေးဘဝနဲ့ အမေ့ကိုဝန်ထမ်းဆန်ဆယ့်နှစ်ပြည်ပဲပေးနိုင်တယ်..၊ သင်္ဘောသားလေးအမေကတော့.. သားပို့သမျှကိုအမြင်ကျယ်ကျယ်နဲ့အတိုးရင်းပွားတွေလုပ်ထား.၊ အမေ…သူတို့ကိုကြည့်ပြီး…အားကျမျက်ရည်တွေဝေ့နေမှာပေါ့..၊ ငါ့သားလည်း..သူ့လိုဖြူဖြူသွယ်သွယ်လေးပါကွယ်….လို့။

တိုက်ခန်းနေတယ်ဆိုတဲ့ဂုဏ်အင်္ဂါက ပေါ့သေးသေးမဟုတ်။ ရေခဲသေတ္တ္တာ..အိမ်ဖော်နဲ့၊ ရလိုက်တဲ့ချွေးမချင်းလည်း မတူပြန်ဘူး..၊ သင်္ဘောသားလေးမိန်းမက သူဌေးသမီး..အသုံးကြီးကြီး။ ငါ့သားလေးမှာတော့…သူလိုကိုယ်လို ရုံးစာရေးမနဲ့ညားရတယ်လို့..။ လင်မယားနှစ်ယောက်ဘယ်လောက်ရှာရှာ.. လကုန်ရင်လခက ဒီလောက်ပဲဟာကို။ ဟော..ဟိုဘက်မှာတော့…ကားစီးနေကြပြီ။ အမေလည်းတရားစခန်းကို ကိုယ့်သားလေးမောင်းတဲ့ကားနဲ့ သွားချင်တာပေါ့သားရယ်..။ မွေးလာတဲ့အမေ့မြေးလေးကစာတော်လို့ တော်သေးတာပေါ့..။

အပြောင်းအလဲက တဟုန်ထိုးတက်ရင် အန္တ္တ္တရယ်ကြုံတတ်တယ်။ ပညာရည်နည်းတဲ့သင်္ဘောသားတွေ…နောက်ကောက်ကျလာတယ်။ အမေလုပ်သူအကွက်ရွှေ့တဲ့စီးပွားရေးရင်းနှီးမြုပ်နှံမှုက အလှည့်အပတ်တွေထူပြီး ဟိုရှောင်ရဒီပုန်းရ.. အမှုအခင်းတွေရင်ဆိုင်ရတော့တယ်..။ သင်္ဘောမတက်ရလို့ထိုင်စားလုပ်နေရတဲ့ဇာတ်ကွက်မှာ သူဌေးသမီးက တစ်ပြားသားမှမလျှော့..။ မွေးထုတ်လိုက်တဲ့ကလေးကလည်းအင်္ဂါမစုံ..ဉာဏ်ရည်မမီ….။ အကုသိုလ်က အချိန်ကိုက်ရောက်လာတတ်တယ်ဆိုတဲ့ ကလင်ဒါကျအတိုင်း…. ယာဉ်တိုက်မှုတခုမှာ.. လူလည်းဒုက္ခိတဖြစ်၊ တဘက်လူသေသွားတာကြောင့် ကုန်လိုက်တဲ့ငွေတွေသောက်သောက်လဲ။ အားကျမခံပါပဲ..သူဌေးသမီးက ငွေကြေးအတိုင်းအတာတခုကိုအလွဲသုံးစားလုပ်ပါတယ်ဆိုပြီး….။

အမေ..၊ မလွယ်ဘူးအမေ..၊ ကျွန်တော်…ရုံးမှာစဉ်းစားတယ်၊ ကျွန်တော့်ထက်ရာထူးနှစ်ဆင့်လောက်ကြီးတဲ့ အရာရှိကြီးလိုမျိုး နောင်လေးငါးနှစ်ဆို ကျွန်တော်လည်းဖြစ်မှာပဲ..။ သူ့ကိုကျွန်တော်အားမကျဘူးအမေ..၊ သူ့ဘဝကြီးက အဆင်မပြေလှပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်မှအချိန်မီ..ထူထောင်မထားတာ။ ပင်စင်ပဲသွားရတော့မယ်..ဘယ်မှာလဲသူ့ကိုယ်ပိုင်ဟန်။ အရှိန်နဲ့အေးရာအေးကြောင်းအလိုက်သင့်လိမ့်နေတဲ့ဘီး..၊ ကဲ..အမေ..၊ အမေ..စကိုင်းနက်ကြည့်ချင်လား..၊ တရာပွဲတွေချည်းသီးသန့်လာတဲ့လိုင်းပါတယ်..၊ ကိုရီးကားတွေ အမြဲတမ်းလွှင့်ပေးတယ်..၊ တခြားလူရောင်းမှာမဟုတ်ဘူးအမေ..၊ အမေသိပ်သဘောကျတဲ့သင်္ဘောသားကောင်လေးရောင်းမှာ..၊ သူတို့..မိသားစုလိုက်ဘဝပျက်သွားပြီ..။ သူလည်းဒုက္ခ္ခိတဖြစ်သွားပြီ။ သူ့သားလေးကဥာဏ်ရည်မမီ…..၊ မိန်းမကထောင်ကျတော့မယ်..၊

သူ့အမေ အမေသိပ်သဘောကျပါတယ်ဆိုတဲ့…. သူ့ရဲ့လည်ဝယ်မှုတွေက အလှည့်အပတ်လွန်ပြီး.. ကြွေးတောင်းသူတွေကို ရှောင်နေရတယ်။ ဒါကြောင့်..သူတို့တိုက်ခန်းကိုရောင်းပြီး….မြို့စွန်မှာ ပုန်းဖို့အိမ်ငှားရှာနေတယ်..။

သူ့တို့ပစ္ခ္ခ္စည်းတွေကိုဝိတ်လျှော့တဲ့အနေနဲ့ ထုတ်ရောင်းနေတယ်..။ ပေါချောင်ကောင်း……။

အမေဘယ်လိုသဘောရလဲ..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts