သတင်းဆောင်းပါး မောင်မောင်စိုး

မောင်မောင်စိုး – ငြိမ်းချမ်းရေးလမ်းခုလတ်က စစ်ပွဲများ

Art – Than Htay Maung


မောင်မောင်စိုး – ငြိမ်းချမ်းရေးလမ်းခုလတ်က စစ်ပွဲများ

(မိုးမခ) မေ ၁၂၊ ၂၀၁၆

အစိုးရသစ်၏ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချ မ်းရေး ခြေလှမ်းများ စတင်နေစဉ်မှာ သေနတ်သံ အမြောက်သံများ နေရာအချို့တွင် ထွက်ပေါ်နေသည် ကြားသိနေရသည်။ အဆိုပါ စစ်ပွဲများနှင့်အတူ စစ်ဘေးဒုက္ခသည်များလည်း ပေါ်လာနေသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း

၂၀၁၆ ခုနှစ်သင်္ကြန်ကာလတွင် ရသေ့တောင်မြို့နယ် ပုဏ္ဏားကျွန်းမြို့နယ်များတွင် AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် မြန်မာစစ်ဖက်တို့ တိုက်ပွဲများပြန်လည်ပေါ်ပေါက်လာသည်။ ယင်းကာလမှစ၍ မြန်မာစစ်ဖက်ကလည်း AA လက်နက်ကိုင်တပ်ဖွဲ့အား စစ်အင်အားဖြည့်တင်း၍ ထိုးစစ်
ဆင်ခဲ့ရာ ယနေ့ကာလထိဖြစ်သည်။ တိုက်ပွဲသတင်းအသေးစိတ်အခြေ အနေများ ထပ်မံပေါ်ထွက်မလာသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း  လောရမတောင်တန်းတဝိုက်တွင် အမြောက်သံများကြားနေရဆဲဟု ဒေသခံများဆိုသည်။

တိုက်ပွဲများဖြစ်ပွါးနေသောကြောင့် လောရမ ( သြရမ ) တောင်တန်း တဝိုက်ရှိကျေးရွာများမှ စစ်ဘေးဒုက္ခသည် ၁၂၀၀ ကျော်ခန့် ဘူးသီးတောင်၊  ရသေ့ တောင်၊ ကျောက်တော်မြို့နယ်တွေက ကျေးရွာများရှိ စာသင်ကျောင်း ဘုန်းကြီးကျောင်းများတွင် ဖြန့်ခွဲနေထိုင်ကြသည်ဟု ငစင်ရင်ကိုင်း ကျေးရွာသို့ရောက်ရှိခိုလှုံနေရသည့် စစ်ဘေးဒုက္ခသည်များကို အကူအညီပေးနေသည့် ရခိုင်အမျိုးသားပါတီနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများက ဆိုပါသည်။ အဆိုပါ စစ်ဘေးဒုက္ခသည်အရေအတွက်မှာ ထပ်၍တိုးလာဖွယ် ရှိသည်ဟု ဆိုပါသည်။ နောက်ပိုင်းသတင်းများအရ ရခိုင်စစ်ဘေးဒုက္ခသည် ၁၈၀၀ ခန့်အထိရှိလာပြီး ကိုယ်ဝန်ဆောင် ၂၂ ဦးပါဝင်သည်ဟုဆိုပါသည်။

အိုင်စီအာရ်စီ နိုင်ငံတကာကြက်ခြေနီအသင်း၏ သတင်းထုတ်ပြန်ချက် အရ ဘူးသီးတောင်မြို့နယ်ရှိ စည်တောင်ကျေးရွာ၊ ကျောက်တော်မြို့နယ်ရှိ သလူ ချောင်းကျေးရွာနှင့် ပညာဝကျေးရွာများရှိ နေရပ် စွန့်ခွာရွှေ့ပြောင်းရသူ  ၅၀၀ ခန့်ကို အရေးပေါ် အကူအညီတွေပေးခဲ့ပါသည်ဟုဆိုသည်။ အိုင်စီ အာရ်စီဟာ မီးဖိုချောင်သုံးပစ္စည်းများ ခြုံစောင်များ ခြင်ထောင်များနှင့် မီးဖွား ရာမှာ အသုံးပြုတဲ့ တစ်ခါသုံး ပစ္စည်းတွေစသည့် အစားအစာမဟုတ်သော ပစ္စည်းတွေကို ဝေငှခဲ့သည်ဟုဆိုသည်။ ၎င်းအခြေအနေအ တိုင်းသာ ဆက်သွားပါက မကြာခင်မှာရေပြသနာ စိုးရိမ်စရာဖြစ်လာဖွယ်ရှိတာကြောင့် အိုင်စီအာရ်စီဟာ ဒီရက်သတ္တပတ်အကုန်မှာ ရေဖြန့်ဖြူးသွားဖို့ စီစဉ်ထားရှိသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များလည်း စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး ကူညီရန် စီစဉ်နေသည်ဟု ဆိုသည်။ နောက်ဆက်တွဲသတင်းများတော့ မကြားသိရသေးပါ။

ရခိုင်ပြည်နယ်အတွင်း စစ်တွေအပါအဝင် မြို့ကြီးအတော်များများတွင် ၂၀၁၆ မေလ ၁ ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ်တွင်း စစ်ပွဲများရပ်တန့်ရေး နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်  လူထုဆန္ဒပြပွဲများ ဖြစ်ပွါးခဲ့သည်။ မေလ ၂ ရက်မှ စတင်သည့် အမျိုးသားလွှတ်တော်တွင်လည်း ရခိုင္အမ် ဳိ းသားပါတီ မွ အမ် ဳိးသားလွှတ်တော်အမတ် ၁ ဦးက ရခိုင်ပြည်နယ်တွင်း စစ်ပွဲများ ရပ်တန့်ရေးနှင့် AA ရခိုင်လက်နက်ကိုင်အဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးရန် အရေးကြီးအဆို တင်သွင်းခဲ့သည်။ ထိုအဆိုအား မြန်မာစစ်ဖက်မှကှိုယ်စားလှယ်များ နှင့် ကာကွယ်ရေးဝန်ကြီးမှ ကန့်ကွက်ဆွေးနွေးခဲ့ကြပြီး ၎င်းအဆိုကို အမျိုးသားလွှတ်တော်တွင် မှတ်တမ်းတင်သည့် အဆင့်တွင်သာထားရှိခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ မန်တုန် ၊ သီပေါ၊  ကျောက်မဲတဝိုက်ရှိ တောင်တန်းများပေါ်တွင်လည်း ၂၀၁၆ မေလ ၁ ရက်နေ့မှစ၍ တိုက်ပွဲသံများ ဆက်တိုက်ဆိုသလိုပြန်လည်ဖြစ်ပွါးလာခဲ့ပြန်သည်။ အဓိက တိုက်ပွဲဖြစ်ပွါး နေသူများမှာ TNLA တအန်းပလောင်လက်နက်ကိုင်တပ်ဖွဲ့နှင့် RCSS ရှမ်း တောင် လက်နက်ကိုင်တပ်ဖွဲ့များကြားဖြစ်သည်။

၎င်း အဖွဲ့ ၂ ခုကြား တိုက်ပွဲများသည် ၂၀၁၅ နိုဝင်ဘာလကုန်ပိုင်းမှ စတင်ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့လပိုင်းက တိုက်ပွဲများ ခေတ္တရပ်သွား သော်လည်း ယခုလဆန်းမှစ၍ တိုက်ပွဲများ ပြန်လည်ပြင်းထန်စွာဖြစ်ပွါးခဲ့သည်။ ၂၀၁၅ အတွင်း အစိုးရနှင့် NCA အပစ်ရပ်လက်မှတ်ထိုးခဲ့ RCSS ရှမ်းတောင်မှ တပ်ဖွဲ့ဝင် အင်း ၂၅၀၀ ခန့်သည် မူလက ၎င်းတို့အင်အား ၅၀ ခန့်စီသာ ရှိသည့် ကျောက်မဲနှင့် နမ့်ခမ်းဒေသသို့ အလုံးအရင်းနှင့် ဝင်ရောက်
နေရာယူခဲ့ကြသည်။ ထိုသို့ဝင်ရောက်နေရာယူခြင်းသည် မြန်မာစစ်ဖက်၏ သဘောတူညီမှု ဟု အများက သုံးသပ်ကြသည်။

ထိုသို့ RCSS ရှမ်းတောင်တပ်ဖွဲ့များ ဝင်ရောက်နေရာယူသည့် နယ်မြေများသည် မူလက TNLA တအန်းပလောင် လက်နက်ကိုင်တပ်ဖွဲ့များ လှု ပ်ရှားရာ နေရာများဖြစ်ကြရာ လက်နက်ကိုင်တပ်ဖွဲ့ ၂ ခုကြား လှုပ်ရှား စိုးမိုးနယ် မြေနယ်ဆိုင်ရာ အငြင်းပွါးမှု ဖြစ်ပွါးကြတော့သည်။ ဤသို့ဖြင့် အစိုးရနှင့်
မြန်မာစစ်ဖက်၏ ကျောထောက်နောက်ခံဖြင့် နယ်မြေတိုးချဲ့ရယူရန်ကြိုးစားလာသော RCSS ရှမ်းတောင်တပ်ဖွဲ့အား နယ်ခံ TNLA တအန်း ပလောင် လက်နက်ကိုင်တပ်ဖွဲ့က တားဆီးရာမှ ကြီးမားသည့် လက်နက်ကိုင်ပဋိပက္ခ ပြန်လည်ပေါ်ပေါက်လာတော့သည်။ ပထမအကြိမ် ဖြစ်ပွါးခြင်းကို ညှိနှိုင်း
ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ဘဲ ဒုတိယအကျော့ ၂၀၁၆ မေလ ၁ ရက်နေ့မှ စတင်၍ ပြန်လည်ဖြစ်ပွါးခဲ့သည်။

၂၀၁၆ မေလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ TNLA တပ်ဖွဲ့က RCSS တပ်ဖွဲ့အား နေ့စဉ်မပြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ စုစုပေါင်း ၂၃ ကြိမ်ဖြစ်ပွါး ပြီး RCSS တပ်ဖွဲ့မှ ၎င်းတို့နယ်တွင်း တိုးချဲ့နေရာယူထားသော စခန်း ၇ ခုအား သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA တပ်ဖွဲ့မှကြေငြာခဲ့သည်။ ထိုအတောအတွင်း မေလ ၅ ရက်နေ့၌ TNLA တပ်ဖွဲ့နှင့် မြန်မာစစ်ဖက်မှ စစ်ကြောင်းများ နမ့်ခမ်း အနီး၌  ၂ ကြိမ်တိုင် တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဆိုသည်။အလားတူ မေလ ၉ ရက်နေ့ကလည်း နမ့်ဆန်မြို့ နယ်အတွင်း မြန်မာစစ်ဖက်နှင့် TNLA တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဆိုပါသည်။

မေလ ၇ ရက်မှစ၍ တိုက်ပွဲများခေတ္တ ငြိမ်သက်သွားပြီး ၎င်းပြသနာ ညှိနှိုင်းဆွေးနွေးဖြေရှင်းရန် UNFC အပါ အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ စေ့စပ်ညှိနှိုင်းပေးနိုင်ရန် ကြိုးစားနေကြသည်ဟုဆိုပါသည်။

၎င်းစစ်ပွဲကြောင့် ကျောက်မဲသို့ စစ်ဘေးဒုက္ခသည် ၈၀၀ နီးပါးခန့် ပြန်လည်ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းများတွင် ဖြန့်ခွဲနေထိုင်ကြသည်ဟု ဆိုပါသည်။ ပထမအကြိမ် တိုက်ပွဲများကြောင့် ပြေးလာရသူအချို့လည်း နန့်ဖတ်ကာ တွင် ရှိနေသေးသည်ဟု သတင်းများက ဆိုပါသည်။ ဤစစ်ပွဲကြောင့် စိုးရိမ်စရာကောင်းသည့်အချက်တခုမှာ လက်နက်ကိုင်တပ်ဖွဲ့ ၂ ခုကြား ပဋိပက္ခအား အကြောင်းပြု ပြီး ရှမ်းနှင့် တအန်းပလောင်ကြား လူမျိုး ရေးမုန်းတီးမှု ၊ သွေးထိုးလှုံ့ ဆော်မှု များဖြစ်သည်။ ဒေသခံအချို့ ကတော့ အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းတာ ခံရနေသည့်သဘွယ်ဖြစ်သည်ဟု ဆိုပါသည်။

တအန်း ပလောင်လူငယ်အဖွဲ့အစည်းများ၏ စီစဉ်မှု ဖြင့် ရှမ်းမြောက်ဒေသ စစ်ဘေးရှောင်ပြည်သူများ အတွက် ဂီတရံပုံငွေပွဲတခုပြုလုပ်သည်။ ရံပုံငွေရှာရန် စစ်ပွဲများရပ်တန့်၍ ငြိမ်းချမ်းရေးသို့ ဦးတည်နိုင်ရေးအတွက် လှုံ့ ဆော်ရန် ရည်ရွယ်ချက်ထားရှိပုံရသည်။ အဆိုပါဂီတရံပုံငွေပွဲကို မေလ ၁၂ ရက်နေ့၌ ရန်ကုန်မြို့ MCC တွင်ကျင်းပမည်ဖြစ်သည်။

ဝမ်ဟိုင်းဒေသ

SSPP/SSA ရှမ်းမြောက် လက်နက်ကိုင်တပ်ဖွဲ့ ဌာနချု ပ်ရှိရာဒေသ၌ ၂၀၁၅ အောက်တိုဘာ နိုဝင်ဘာလများအတွင်း ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွါးပြီး စစ်ဘေးဒုက္ခသည် သောင်းနှင့်ချီ၍ ထွက်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲပင် မကျင်းပနိုင်ခဲ့ပေ။ တိုက်ပွဲများပြီး၍ စစ်ဘေးဒုက္ခသည် အများစု နေရပ် ပြန်နိုင်သော်လည်း ဟိုက်ပါ ဒုက္ခသည်စခန်းမှ ၁၀၀၀ ကျော် ခန့်မှာ  အကြောင်းအမျိုးမျိုးကြောင့် နေရပ် မပြန်နိုင်သေးဟု ဆိုသည်။

ယင်းအခြေအနေအောက်တွင် ၂၀၁၆ ဧပြီလကုန်ပိုင်းမှစ၍ အဆိုပါ ဒေသတွင် ခပ်လှုပ်လှုပ် ပြန်ဖြစ်လာသည်ကို တွေ့ရသည်။ ပြသနာအစမှ တန့်ယန်းနှင့် မိုင်းရှူးကြား သံလွင်မြစ် အနောက်ဖက်ကမ်းရှိ လွယ်လန်း ၊ လွယ်စေး တောင်ကြောပေါ်မှ SSPP/SSA တပ်စခန်းများကို မြန်မာစစ်ဖက်မှ ဖယ်ရှားခိုင်းရာ SSPP/SSA တပ်ဖွဲ့မှ ဖယ်ရှားပေးရန် ငြင်းဆန်ရာမှ တင်းမာမှုများ စတင် ခဲ့သည်။ SSPP/SSA အနေနှင့် ထိုဒေသများတွင် ရှမ်း တော်လှန်ပုန်ကန်မှု စတင်ကထဲက အခြေချလာသည်ဖြစ်ရာ မဖယ်ရှားနိုင်ဟု ဆိုခဲ့သည်။

၂၀၁၆ ဧပြီလ ၃၀ ရက်နေ့ ၊ လားရှိုး ၊ ရမခ စစ်တိုင်းဌာနချုပ်တွင် မြန်မာစစ်ဖက်ခေါင်းဆောင်များနှင့် SSPP/SSA ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် လွယ်လန်း၊ လွယ်စေးဒေသစခန်းများအား မေလ ၁၂ ရက် တွင် နှစ်ဖက်စစ်ဆေးရန် သဘောတူခဲ့သည်ဟု သတင်းများကဆိုပါသည်။ သို့သော် မြန်မာစစ်ဖက်က တောင်းဆိုသော ကတုတ်ကျင်း၊ ဗုံးခိုကျင်း ၊ လိုက်ကျင်း များအား ဖျက်ဆီး ပြန်ဖို့ပေးရမည်ဆိုသော မြန်မာစစ်ဖက်၏ တောင်းဆိုချက်ကို လိုက်နာရန်မဖြစ်နိုင်ကြောင်း SSPP/SSA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်ဟု သျှမ်းသံတော်ဆင့်သတင်းတွင်ဖေါ်ပြထားသည်။

ဝမ်ဟိုင်း ပတ်ဝန်းကျင်ဒေသများတွင် နှစ်ဖက်တပ်အင်အားများ ဖြည့်တင်းနေပြီး စစ်ရေးအရတင်းမာမှု များရှိနေသည်ဟုဆိုပါသည်။ SSPP/SSA သည် တပြည်လုံးအပစ်ရပ်ရေး NCA တွင်  လက်မှတ်ရေးထိုး မထားသော်လည်း ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ်ရေးထိုးထား
သည်ဖြစ်ရာ မြန်မာစစ်ဖက်နှင့် ညှိနှိုင်းဆွေးနွေးမှု များလည်းရှိသည်။ သို့ သော် တပ်နေရာချမှု နယ်မြေအငြင်းပွါးမှု များကြောင့် မကြာခဏ မြန်မာစစ်ဖက်နှင့် လက်နက်ကိုင် ပဋိပက္ခရှိပြီး နောက်ဆုံးအနေနှင့် ၂၀၁၅ အောက်တိုဘာမှစ၍ ၂ လကြာမျှပြင်းထန်စွာ တိုက်ပွဲများဖြစ်ပွါးခဲ့သေးသည်။

လက်ရှိ လွယ်လန်း၊ လွယ်စေးဒေသနှင့်ပတ်သက်၍ စစ်ရေးအရတင်းမာမှုများ နှစ်ဖက်တပ်အင်အားဖြည့်တင်းမှုများ ဖြစ်ပေါ်နေရာ အချိန်မရွေး လက်နက်ကိုင် ပဋိပက္ခပေါ်ပေါက်နိုင်သည်ဟု ဆိုရပေမည်။ သတိထားစောင့်ကြည့်ရမည့်ဒေသဖြစ်သည်။

ကချင်ပြည်နယ်

လအတန်ကြာ တိုက်ပွဲဖြစ်ပွါးမှု တိတ်ဆိတ်နေသော KIA ကချင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ထိမ်းချု ပ်ရာဒေသများတွင် ဧပြီလဆန်းမှ စ၍ တိုက်ပွဲများ တစတစ ပြန်လည်ဖြစ်ပွါးနေသည်ကို ကြားသိနေရပါသည်။

၂၀၁၆ ဧပြီလ ၇ ရက်နေ့က မြစ်ကြီးနား – ဗန်းမော်ကားလမ်း ဘန်ဒေါင်ယန်အနီး KIA၏ ဆွတ်ရှန်စခန်းအား၎င်း၊  ဧပြီလ ၈ ရက်နေ့တွင် နမ့်ဆန်ယန် အနီး ဘန်ဒေါင်ယန်နှင့် လဇိန်ကောင်ကြား KIA ၏ အင်ဘူကောင်စခန်းအား၎င်း မြန်မာစစ်ဖက် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး
KIA တပ်ဖွဲ့ဝင်များ ဆုတ်ခွါပေးခဲ့ရသည်ဟု ဆိုသည်။

ထိုနောက်ပိုင်းတွင်လည်း မြန်မာစစ်ဖက်၏ ဆက်လက်ထိုးစစ်ဆင်မှုကြောင့် နောက်ထပ်စခန်းငယ် ၃ ခုခန့် KIA တပ်ဖွဲ့များ စွန့်ခွါခဲ့ရသည်ဟု ဆိုသည်။ KIA တပ်ဖွဲ့ဝင်များဆုတ်ခွါပြီးနောက် ၎င်းစခန်းများအား မြန်မာစစ်ဖက်မှ ဝင်ရောက်နေရာယူခြင်းမရှိဘဲ ပတ်လည်တောင်ကုန်းများတွင် နေရာ
ယူထားသည်ဟု ဆိုပါသည်။

ဧပြီလ ၁၇ ရက်နေ့တွင် နမ့်ဆန်ယန်အနီးရှိ KIA ၏ ပေါင်ဆယ်ဇွန်စခန်းအား မြန်မာစစ်ဖက်က တိုက်ခိုက် သိမ်းယူခဲ့သည်ဟုဆိုသည်။ မြစ်ကြီးနား – ဗန်းမော် ကားလမ်းအနောက်ခြမ်း၌ စစ်ရေးလှုပ်ရှားမှု များ များပြားလာခဲ့သည်ဟု ဆိုရပါမည်။

ဧပြီလ ၃၀ ရက်နေ့ညပိုင်းတွင် မြန်မာစစ်ဖက်တပ်ဖွဲ့ဝင်များနှင့် KIA တပ်ဖွဲ့ဝင်များ  ထိတွေ့ ပစ်ခတ်သံများကို ကြားနေရသည်ဟု ဒေသခံများက ဆိုကြပါသည်။

အလားတူပင် KIA တပ်ဖွဲ့များလှုပ်ရှားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း တိုက်ပွဲများကြို ကြား ဖြစ်သည်ကိုတွေ့ရသည်။ ဧပြီ ၂၁ ရက်နေ့က ပန်ဆိုင်းဒေသ၊ ပန်စတိုင်း ရွာအနီးတွင်၎င်း ဧပြီ ၂၉/၃၀ ရက်များက မုန်ဂျီးလိုင်းပါ အနီးတွင်၎င်း မြန်မာစစ်ဖက်တပ်ဖွဲ့ဝင်များနှင့် KIA လက်အောက်ခံတပ်များ တိုက်ပွဲများဖြစ်ပွါးခဲ့သည်ဟု ဆိုပါသည်။

မေလ ၅ ရက်မှစသည့် ဖါးကန့်ဒေသတိုက်ပွဲများကတော့ ရက်ဆက်လို ဖြစ်ပွါးသည်ကို တွေ့ရသည်။ မေလ ၅ ရက်နေ့က ဖါးကန့် – ကပ်မော်လမ်းပေါ် ရှိ ဆိုင်းဖရာရွာအနီးတွင် မြန်မာစစ်ဖက် တပ်ဖွဲ့များနှင့် KIA ရင်း ၆ တို့ စတင် တိုက်ပွဲဖြစ်ရာမှ လုံးခင်း- နမ့်ဂျန်လမ်း ၊ ပျားအုံ – တံတားညီနောင်၊ လုံးခင်း ၉ မိုင်လမ်း၊  ကာမိုင်း – မအူပင် လယ်ကွင်း၊  ဆိုင်းတောင် ဖါးပြင်လမ်း စသည့် နေရာများတွင် နှစ်ဖက်တပ် လှုပ်ရှားမှုများနှင့် တိုက်ပွဲများ ဖြစ်ပွါးသည်ဟု ကြားသိရသည်။ မေလ ၈ ရက်နေ့က ဖါးကန့်မြို့ ပေါ်တွင် ဗုံးကွဲမှု ၅ ကြိမ် မှ ၇ ကြိမ်ခန့်ထိ ဖြစ်ပွါးခဲ့သည်ဟု သတင်းများကဆိုပါသည်။

ထို့ပြင် ဧပြီလ ၈ ရက်နေ့၌ မုန်စီး ( မုန်းဂျီး) ဒေသ၌ မြန်မာစစ်ဖက်နှင့် KIA တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာစစ်ဖက်မှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ မြန်မာစစ်ဖက်အနေနှင့် နယ်မြေလုံခြုံရေး ၊ လမ်းလုံခြုံရေး ရှင်းလင်းဆောင်ရွက်စဉ် ထိတွေ့မှု များဖြစ်ပွါးသည်ဟု သတင်းထုတ်ပြန်ဖွယ် ရှိသည်။ KIA ကမူ မြန်မာစစ်ဖက်က အင်အားသုံး၍
၎င်းတို့စခန်းများအား တိုက်ခိုက်ခဲ့သည်ဟု ပြောဆို စွပ်စွဲထားပါသည်။

လက်ရှိ KIO/KIA အနေနှင့် NLD အရပ်သားအစိုးရသစ်နှင့်ဆွေးနွေးရန် အရပ်ဖက်ပုဂ္ဂိုလ်များပါသော အဖွဲ့များ ဖွဲ့စည်းထားသည်ကိုတွေ့ရသည်။ သို့သော် တိုက်ပွဲများကိုတော့ ရှောင်လွှဲ၍ရမည် မဟုတ်တန်ရာပေ။ တိုက်ပွဲ အရှိန်မြင့်တက်မည်လော လျှော့ချကြမည်လော စောင့်ကြည် ရပေအုံးမည်။

ကရင်ပြည်နယ်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ နယ်အတွင်း မြိုင်ကြီးငူဘုန်းကြီးမှ ဦးစီး၍ အိပ်မက်အရ ဘုရားတည်သည်ဆိုကာ လူအင်အား လက်နက်ကိုင်အင်အား အချို့ အပါ၊  အင်အားသုံး၍ အင်္ဂလိကန် ခရစ်ယန်ဘုရားကျောင်းအတွင်း စေတီတည်ဆောက်ခြင်းကို ဆက်တိုက်ဆိုသလို  လုပ်ဆောင်လာသည်ကိုတွေ့ရသည်။ ထိုအချင်းအရာအတွက် ခရစ်ယန်ဘာသာဝင်များအတွက် စိတ်မချမ်းမြေ့စရာ ဖြစ်ဖြစ်ခဲ့သလို ဗုဒ္ဓဘာသာဝင်များအတွက်လည်း အရှက်ရစရာဖြစ် ခဲ့သည်။

အဆိုပါပြသနာသည် သာမန် ခရစ်ယန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များကြား ပြသနာသက်သက် မဟုတ်ဘဲ ကရင်ဗုဒ္ဓဘာသာဝင်များနှင့် ကရင်ခရစ်ယန်ဘာသာဝင်များကြား ပြသနာလည်း ဖြစ်နေသည်။ ဘာသာမတူသည့် ကရင်လူမျိုးကြားက ပြသနာလည်းဖြစ်နေသည်။ ထိုနှစ်ဖက်စလုံး
နောက်တွင်လည်း လက်နက်ကိုင်တပ်ဖွဲ့အသီးသီး ရှိနေသည်။ ၎င်းပြသနာအား လက်ရှိအစိုးရက ပြတ်ပြတ်သားသား ကိုင်တွယ်ရန် အခက်အခဲရှိနေပုံ ရသည်။ သို့ဖြစ်ရာ ထိုပဋိပက္ခမှနေ၍ လက်နက်ကိုင်ပဋိပက္ခအထိ ဖြစ်ပွါး မလာစေရန် သတိထားစောင့်ကြည်ရန် လိုအပ်ပေသည်။

ဆွေးနွေးပွဲနှင့်တိုက်ပွဲ

ငြိမ်းချမ်းရေးဆွေးနွေးပွဲ နိုင်ငံရေးဆွေးနွေးပွဲ တလျောက် တိုက်ပွဲများ ရပ်တန့်နေလိမ့်မည်ဟု ပြော၍ မရပေ။ စစ်ပွဲများသည် နိုင်ငံရေးဆွေးနွေးပွဲ များအတွက် ခလုတ်ကသင်းများတော့ ဖြစ်သည်။ သို့သော် ကျော်လွှားနိုင်အောင်တော့ ကြိုးစားရပေလိမ့်မည်။ စိုးရိမ်စရာတခုရှိသည်မှာ စစ်ပွဲများ အရှိန်မြင့်မားလာပြီး ဆွေးနွေးပွဲများ ပျက်ပြားသည်အထိ ထိခိုက်နိုင်သည် ကိုမူ အထူးသတိပြုရန် လိုပေသည်။

နိဂုံး
သို့သော် ပြောစရာရှိသည်မှာ မြန်မာပြည်တောင်ပိုင်းရှိ NCA လက်မှတ်မထိုးသည့် မွန်ပြည်သစ်ပါတီ NMSP သည်၎င်း ၊ ကရင်နီတိုးတက်ရေးပါတီ KNPP သည်၎င်း၊  မြန်မာပြည်မြောက်ပိုင်းရှိ NCA လက်မှတ်မထိုးသည့် ဝတိုင်းရင်းသားအဖွဲ့ UWSP/ UWSA သည်၎င်း ၊ မိုင်းလားအဖွဲ့ NDAA သည်၎င်း မြန်မာစစ်ဖက်နှင့် မည်သည့်တိုက်ပွဲမျှမဖြစ်သည်ကတော့ ထူးဆန်းသည်ဟု ဆိုရပေမည်။

မြန်မာပြည်၏ တိုင်းရင်းသားပြသနာနှင့် လက်ရှိအဖြစ်အပျက်များသည် ထူးခြားမှု ရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။ ငြိမ်းချမ်းရေး လမ်းခုလတ်တွင် စစ်ပွဲများ ဖြစ်နေသည်ကလည်း အမှန်ပင်ဖြစ်သည်။ ထိုစစ်ပွဲများကို ကျော်လွှားသွားနိုင်ရန် မျှော်လင့်မိသည်။ ထိုစစ်ပွဲများကြောင့် လမ်းခုလတ်တွင် မရပ်တန့်စေလိုပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts