မောင်လူရေး – ပါးချပ်တပ်ထားသော မျက်စိဖြင့် ကြည့်သော ပညာရေး
(ရွှေခြင်္သေ့ ကလေးစံ ဌာနေ၊ ရွှေဘိုမြို့က ထုတ်တဲ့ စာအုပ် မိတ်ဆက်)
(မိုးမခ) မေ ၁၀၊ ၂၀၁၆
အစိုးရက ဘာကိုမှ သေသေချာချာ တာဝန်ယူမထားသော ကလေးများရှိသည်။
လက်ဖက်ရည်ဆိုင်များ စားသောက်ဆိုင်များတွင် မျက်လုံးထဲမှာ ရွှင်ပျမှု အရည်မဲ့ကာ တောင့်တင်းခြေလှမ်းများ နှင့် ကလေးများသည် ဒုနှင့်ဒေး။
မိဘက ပထွေးက မိထွေးက ဦးလေးက အဒေါ်က ဘုန်းကြီးက ဆရာက ရိုက်နှက်ခြင်းစသည့် အကြောင်း အမျိုးမျိုးဖြင့် လမ်းပေါ်ရောက်လာကာ နေပူကျက်ကျက်ထဲ၊ မိုးရေစက်လက်ထဲ၊ အေးခဲမှုထဲ၊ မျက်လုံးရောင် ခြောက်ခြောက်ဝင်းဝင်း၊ လက်ထဲမှာလည်း ဆေးလိပ်၊ ကွမ်း၊ အရက်ပုလင်း၊ ကော်ဗူး၊ လက်နက်တစုံတရာနှင့် လမ်းဘေးမှာပင် ကျင်လည်နေသည့် ကလေးတွေ တော်တော်များများကြီးကို ရှိသည်။
အလုပ်ရုံ၊ လမ်းဘေးဆိုင်လေးများ၊ ဈေး၊ ကားဂိတ်၊ ဘူတာ၊ သဘောင်္ဆိပ်၊ တပ်၊ ကလေးထောင်၊ လူကြီးထောင်၊ အချုပ်ခန်းနှင့် ပြည့်တန်ဆာခေါင်းများလက်ထဲမှာလည်း ကလေးတွေ၊ ကလေးမလေးတွေ များစွာ။ HIV/AIDS ကြောင့် မိဘမဲ့သွားသော၊ မိခင်ဆီမှ HIV ပိုးကူးစက်ခံထားရသော လူ့အသိုင်းအဝန်းအပြင်သို့ သိသိသာသာ ရော မသိမသာပါရောက်နေသည့် ကလေးများလည်း အလွန်များပြားစွာ။
သူတို့သည် ထမင်းတနပ်နှင့် တနပ်ကြား အလွန်ဝေးလံစွာ လျှောက်နေကြရသည်။ ကျောခင်းစရာ တနေရာနှင့် တနေရာကြား အလွန်ပင်ပန်းစွာ တွားသွားနေကြရသည်။ သူတို့နှင့် လက်တကမ်းတွင် သေဘေးသည် အမြဲ ကပ်ပါနေသည်။
သူတို့၏ စိတ်အဟာရမှာ နာကျင်မှုသာ ဖြစ်သည်။ သွေးသည် သူတို့၏ ချဉ်ခြင်း။ လိင်သည် သူတို့၏ အစိတ်အပိုင်း။
သူတို့မှာ ပညာရေး မရှိ။ ပညာသင်ခြင်း မရှိ။ ပညာသင်ကြားရခြင်း မရှိ။ ပညာသင်ရဖို့ အခြေအနေ မရှိ။ ပညာသင်ပေး သူ မရှိ။ သင်ပေးသည့် နည်းနာ မရှိ။ သင်ပေးသည့် ကျောင်း မရှိ။ လက်ခံသည့် နေရာ မရှိ။
သူတို့တွင် မှတ်ပုံတင် မရှိ။ နိုင်ငံသားဟု အသိအမှတ်ပြုထားသော လိုင်စင်တစုံတရာ မရှိ။ လုံခြုံသော နေရာ မရှိ။ ကျန်းမာရေးစောင့်ရှောက်မှု မရှိ။ ကာကွယ်ဆေးထိုးစီမံချက် မရှိ။ သူတို့၌ လူမှုပတ်ဝန်းကျင် မရှိ။ လူ့ပတ်ဝန်းကျင်၏ သွန်သင်မှု မရှိ။ လူမှုဘဝ၏ နေ့တဓူဝဆက်ဆံရေး မရှိ။ သူတို့အတွက် ကားလက်မှတ် မရှိ။ ရထားလက်မှတ် မရှိ။ လေယဉ်လက်မှတ် မရှိ။ တည်းခိုခန်း မရှိ။ အစည်းအဝေး မရှိ။ ညီလာခံ မရှိ။ ဖိုရမ် မရှိ။ ကြားနာပွဲ မရှိ။
လူမှုဖူလုံရေး လူမှုဘဝလုံခြုံရေးဆိုသော ဝေါဟာရနှင့် လူကယ်ပြန်ဝန်ကြီးဌာနဆိုင်းဘုတ်သည် ယင်းကလေး ငယ်များ၏ဘဝနှင့် တစိမ်းပြင်ပြင်။
လူတိုင်းအတွက် ပညာရေးဆိုသောကြွေးကြော်သံနှင့် ပညာရေးဝန်ကြီးဌာနအလံတော်သည် ယင်းကလေးငယ် များကို ကလူကျီဆယ်လျက်။
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသည် ယင်းတို့ကို နိုင်ငံသားစာရင်း မသွင်းသေး။
ကလေးတိုင်း အခွင့်အရေးရှိကြသည်ဆိုသော ကလေးသူငယ်ဖွံ့ဖြိုးရေး နိုင်ငံတကာအဖွဲ့အစည်းများ၏ဆောင်ပုဒ် သည်လည်း ယင်းကလေးငယ်များကို သရော်လှောင်ပြောင်နေတုန်း။
ပညာရေးပြုပြင်ပြောင်းလဲမှုတောင်းဆိုသံများသည်လည်း ယင်းကလေးငယ်များ၏အပေါ်မှ လျှံတက်သွားသည်။
ပညာရေးဘတ်ဂျက် ပညာရေးအစီအမံ မြားတံသည်လည်း ယင်းကလေးငယ်များရှေ့မှောက်တွင် ကောက်ကွေး လျက်။
ပညာရေးဥပဒေတွင်ပါသော ကျောင်းအမျိုးအစား(၉)မျိုးလုံးသည် သူတို့လေးတွေအတွက် မဟုတ်။
ပညာရေးကို ထိုးထွင်းကြည့်သော မျက်လုံးအပေါင်းသည် ပါးချပ်တပ်ထားသော မြင်းများပမာ ကိုယ့်ရှေ့က ကျောင်းလွယ်အိပ်လွယ်ထားသော ကလေးများကိုသာ မြင်ကြပြီး ဘေးဘက်က လွယ်အိပ်မလွယ်နိုင်သော ကလေးငယ်များကို မမြင်ကြ။
ကျွေးမွေးစောင့်ရှောက်သူမဲ့ကလေးငယ်များ၏ စားရေး ဝတ်ရေး နေရေး ကျန်းမာရေးကို မမြင်ကြ။
သူတို့ကလေးတွေ ဘယ်လို ဘယ်ပုံ ရှင်သန်နေကြသည်ကို မမြင်ကြ။
ဤ “ဆောင်း နှင်း ဝေ မှုန် ပြာ ရီ မှိုင်း ညှို့ မှောင်” စာအုပ်သည် ယင်းကလေးငယ်များ၏ လူမှုဖူလုံရေးနှင့် လူမှုဘဝလုံခြုံရေးကို ရည်ရွယ်ပြီး ရေးသားထုတ်ဝေပါသည်။
ရွှေခြင်္သေ့ကလေးစံဌာနေ
ရွှေဘိုမြို့။
Thank you so much for the truly happening article.