စာအုပ်စင် အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

အရှင်ဇဝန ( နိုင်ငံရေး အကျဉ်းသားဟောင်း) – ကျေးဇူးစကားနှင့် ရင်ခုန်မော်ကွန်း


အရှင်ဇဝန ( နိုင်ငံရေး အကျဉ်းသားဟောင်း) – ကျေးဇူးစကားနှင့် ရင်ခုန်မော်ကွန်း
(မိုးမခ) မေ ၁၀၊ ၂၀၁၆

ငယ်စဉ်အခါက မက်ခဲ့ရသောအိမ်မက်တို့သည် အချိန်ကာလအကန့် တကန့် ရောက်သောအခါ ပုံစံတမျိုးပြောင်းသွားတတ် ကြောင်း ဘဝပေးအသိဖြင့် သိလိုက်ရသည်။ ကဗျာတွေကို ချစ်မြတ်နိုး၍ ကဗျာတွေမှ လောကအလှထဲ တိုးဝင် ခံစားမိသော ကာလတခုရှိခဲ့သည်။ တခြားသူတို့ ဖန်တီးသော ကဗျာများကို တမြတ်တနိုး ခံစားရင်း ကိုယ်တိုင်လည်း ကဗျာများကိုထုဆစ် ခဲ့ကြသည်။ တချိန်တွင် ကဗျာတို့ ဖူးပွင့် စေသည့် ရင်ဘတ်ပိုင်ရှင် ဥယျာဉ်မှူးဟူသောဂုဏ်ကို ချဉ်ခြင်းတပ်ခဲ့ဘူးသည်။

မြန်မာပြည်၏ ၈၈ သမိုင်းလှိုင်းတံပိုးဖြင့် မုန်တိုင်းထန်သော သက္ကရာဇ်တို့ကြား နှလုံးသားဖြင့် လောကကို ရှုစားသူ လူတယောက်အတွက် ပြည်သူတို့၏ နက်ရှိုင်းသော ဘဝအနာသည် ကိုယ်တွေအတွက်လည်း ရင်ဝအနာဖြစ်ခဲ့ရသည်။ မီးတောက်မီးလျှံတို့ဖြင့် လောင်ကျွမ်းနေသူတို့ကို ဆွဲထုတ်ဖို့ ကြိုးစားရင်း လောကငရဲထဲ ကိုယ်တွေကိုယ်တိုင် လောကဓံ မီးပြင်းပြင်း အလောင်မြိုက်ကိုခံလိုက်ရသည်။ လောကငရဲထဲက ဒဏ်ရာကို ကဗျာဆေးဖြင့်ကုသရင်း ကွန်ကရစ်တောထဲ ခရီးခဲကို ဖြတ်ကျော်ခဲ့ရသည်။

ဖြတ်ကျော်ခဲ့ရသော ဆယ်စုနှစ် တခုခွဲကျော်ကျော် ကာလအတွင်း ပုံစံမျိုးစုံစွာကို ဘဝဒဏ်ရာ အဖြစ်ဖြင့် သိမ်းဆည်း ရရှိခဲ့သည်။ မြင်တွေ့မိသမျှကို ပြန်လည် ပုံဖော်မိသည်များထဲက တချို့ကို စာဝါကျတို့အဖြစ် ပုံဖော်ဖြစ်ခဲ့သည်။ ဒီအထဲ အတူတူ အံတင်းခံဖော်ရဲဘော်များ တယောက်ပြီးတယောက် ရောဂါဝေဒနာတွေနှင့် နပမ်းလုံးရင်း နာတာရှည်ရောဂါသည်တွေ ဖြစ်ကုန်ကြသည်။ တချို့လည်း စားဝတ်နေရေး ခရီးခဲထဲ ဘဝ နလံမထူပဲရှိကြသည်။ တချို့ကတော့တော်လှန်ရေးခရီးကို မျက်စေ့မှိတ် စွန့်ခွာရင်း ဘဝနံရံ ခြားသော တမလွန်ဆီ ပြေးခိုဝင်သွားကြရှာသည်။ ဒီတော့ သူတို့၏ အဖြစ်သနစ် မြင်ကွင်းမှ ရလာသော အနာ တို့က နရသိန်မှ နောက်ဆက်တွဲ မလိုချင်ပဲရသော အနာတို့ ဖြစ်ရပြန်သည်။

ထိုစိတ်နှင့် ကိုယ်ပေါ်က ဒဏ်ရာများစွာတို့ကို ကဗျာအဖြစ် အသွင်းပြောင်းကြည့်ဖူးသည်။ ခံစားချက်နှင့် ရင်ထဲရှိုက်သံတိုင်းကို ကဗျာဝတ်ရုံ ဆင်သဖို့ မတတ်နှိုင်ခဲ့။ စကားပြေ အဖြစ် ဖွင့်ထုတ်လိုက်ခြင်းက ရင်နှင့် ထမ်းထားရသော ဒဏ်ရာအထုတ်၏ ဝန် တခဏတာ လျှော့သွားသလိုရှိသည်။ ဒီလိုနှင့် မျက်မြင်ကိုယ်တွေ့ ကိုယ့်နဘေးမှ ဘဝ ရှင်သန်ခြင်းစံအိမ် မီးမှိတ်ပြီး တခန်း တကဏ္ဌ လိုက်ကာချခဲ့သူရော ရှင်သန်ကျန်ရစ်သူရော သူတို့၏ သမိုင်းအပေါ် တာဝန်ကျေပွန်ခဲ့မှူတို့ကိုစာစီ ကြည့်ရင်း တယောက်ပြီး တယောက် အကြောင်းက တပုဒ်ပြီးတပုဒ် သော စာတို့ဖြစ်လာရသည်။ စကားပြေ အစီအကုံးနှင့် အကျွမ်း တဝင်မရှိခဲ့ခြင်း ကြောင့် စာစီကုံးသောအခါ အစပထမက စကားပြောဟန်တွေ ဖြစ်၍နေသည်။ ထိုမှ တဖန် ရေးဟန်ကို ကူးပြောင်းရေးဖွဲ့ခဲ့ သည်။

ယခုဤစာအုပ်ပါ စာပန်ချီးအမှူန်းခံ သူတို့၏ ဘဝရုပ်ပုံ တပိုင်းတစသည် သူတို့တွေ သမိုင်းခရီးထဲ ထိတွေ့မိခိုက်မှ စိတ်ထဲ စွဲနေသော ပြကွက်ကို ရေးဖွဲ့လိုက်ခြင်းဖြစ်သည်။ ရုပ်ပုံလွှာရေးသော ပန်းချီဆရာသည် ကိုယ့်ဆွဲမည့်သူ၏ ပကတိ ရုပ်ဟန်ထဲမှ သူ့အနုပညာ ကသိုဏ်းထဲ ထိရှမိသော ဟန်ကို ပဓာနထားရေးဆွဲပါသည်။ စိတ်ထဲငြိသော အကွက်ကို အမိအရ ပုံဖော်ပါသည်။ ဤ အတိုင်းပင် ကိုယ်နှင့် ရက်ရှည်လများ အတူတူထိတွေ့နေရသူဖြစ်သော်လည်း နေ့စဉ်ဘဝ တွေထဲက ရင်ထဲ ထိရှမိသည်ကိုသာ ယူပြီး စာပန်းချီ ချယ်သလိုက်ပါသည်။ မြင်တွေ့ထိရှသောအရာတို့ကို စာရေးသားလိုက်သောအခါ ရှင်သူအကြောင်းကော သေဆုံးသွားခဲ့သူတွေ အကြောင်းပါ ပါဝင်လာသည်။

ဒီစာအုပ်တွင်တော့ လောကကြီးထဲက ထွက်ခွာသွားသူတို့၏ ရုပ်ပုံလွှာကိုရွေးထုတ်စီစဉ်လိုက်ပါသည်။ ယခုစာအုပ်ပါသူတို့ စွန့်လွှတ်စွန့်စား အသက်ပင် ပေးသွားကြ သော ကြီးမားသော သမိုင်းကို မိမိစာကြောင့် မသေးသိမ်စေလို။ ဤသည်မှာ အရင်းခံ စိတ်ဖြစ်ပါသည်။ ကိုယ့်စာကြောင့် ဘဝပေး တာဝန်ကျေခဲ့သူတို့ တန်ဖိုး ပိုမိုမြင့်ဖို့ စိတ်ဇောဖြင့်သာ အာထုတ် ရေးသား မည်ဟူသော ဆန္ဒသည် ယခု စာများရေးစဉ် ပန္နက်ချထားသော သန္နိဌာန် ဖြစ်ပါသည်။ သို့သော် တောမကျွမ်းသော မုဆိုးလို စကားပြေ နှင့်မယဉ်ပါးသော အဖြစ်က ကိုယ်ရေးသော စာတို့ကို လိုရာမရောက်စေမှန်း သိပါသည်။ သိပင် သိသော်လည်း ဘဝနှင့်ရင်းခဲ့ကြသူတို့၏ တကယ့် အဖြစ်မှန် ဘဝကို စာမှတ်တမ်း အဖြစ် တခမ်းတနား မဖြစ်သော်လည်း နိုင်သမျှ ဖြင့်အားထုတ်ရင်း စာတအုပ်အဖြစ် စုစည်းမိခြင်း ဖြစ်သည်။ စာ အဖြစ် ရေးသားမှတ်တမ်းတင် သောအခါ ကဗျာ များရေးဖွဲ့သူ အဖြစ်မှ စကားပြေရေးဖွဲ့သူ အဖြစ် စတင်ကြိုးပမ်းမိသောအခါ စာအပုဒ်တိုင်းလိုလိုကို ကဗျာတပုဒ်ရေးစဉ်ကလို ရင်ထဲ ထိထိရှရှ ခံစားမိမှ ချရေး ခြင်းအလုပ်ကို လုပ်ဖြစ်ပါသည်။ လှုပ်ရှား သွားလာနေထိုင်ခဲ့သည်များကို အာရုံ မိသလို ရေးဖြစ်ပါသည်။

ထောင်သံတိုင်ကြားက မြင်မိသမျ များကို မိမိနေရာမှ မြင်မိသလို ရေးချယ် လိုက်ခြင်းသည် အရေးခံ သူ၏ ခရေစေ့ တွင်းကျ ဘဝအစိတ်အပိုင်းမဟုတ်ပဲ စာရေးသူ နှင့်ထိတွေ့မိသမျှထဲက ကိုယ်ကသူတို့အပေါ် အမြင်မျှသာ ဖြစ်ပါလိမ့်မည်။ တခြားသူတဦးတယောက်ယောက်က ယခု ရေးထားသူများ အပေါ် တထပ်တည်း မြင်သူ ရှိသလို မမြင်သူလည်းရှိနှိုင်ပါမည်။

ယခုစာအုပ် သည် ထောင်တွင်း အတူဖြတ်သန်းခဲ့သော ရဲဘော်တို့၏ အကြောင်းချည်းမဟုတ်။

၈၈ မတိုင်ခင်ထဲက အတူတူ စာရေးဖက်ကဗျာရေးဖက် ၈၈ သမိုင်းကို အတူတကွ ဖြတ်သန်းဘက် ရဲဘော်တိုက်မောင်း အကြောင်းလည်း ပါဝင်ပါသည်။ သူကားထောင်ကျခဲ့သူမဟုတ်သော်လည်း ကြီးမားသောသူ၏ စွန့်လွှတ်စွန့်စား မှူတို့ကို အလေးအမြတ်ပြုချင်၍ ဖြစ်ပါသည်။ တော်လှန်ရေးခရီးခဲအတွင်း သူနှင့် ထိစပ်ဖူးသူမှန်သမျှ သူ့ကို တဖွဖွ တသသ ရင်ထဲက ချီးမြှောက်မှူတို့ဖြင့် ဂုဏ်တင် ပြောကြမြဲဖြစ်သည်။သူ့အကြောင်းက သူတော်လှန်ရေးနယ်မြေမှာ အတူတူနေခဲ့သူတွေ၏ မျက်မြင် အဖြစ်အပျက်တို့ဖြင့် တသီးတသန့် စာတအုပ်ရေးသင့်သည့် တော်လှန်ရေးသားကောင်း တယောက်ဖြစ်ပါသည်။ သို့သော် သူနှင့်မိမိက တော်လှန်ရေးနယ်မြေမရောက်ခင် နှစ်များတွင်သာ အတူတူလက်တွဲဖော်ဖြစ်ခဲ့သည်။ ဒီတော့ သူ၏ တော်လှန်ရေး ဘဝ များကို ရေးမပြနှိုင်ဖြစ်ရသည်။ ဒီတော့ကိုယ်ကလည်း ကိုယ်နှင့်ထိစပ်မိသမျှထဲက သူ့အကြောင်းကို ချယ်မှူန်းပြီး သူ့ကို တန်ဖိုး ထားဂုဏ်ပြုလိုသည်။ သူရဲဘော်များကိုလည်း မြင်သမျှ တွေ့သမျှ ရေးကြဖို့ ဒီလိုရေးခြင်းသည် သူတို့ချစ်သော ကိုတိုက်မောင်း အကြောင်းကို ဖွင့်ဆိုခြင်းထက် သူတို့ဖြတ်သန်းသောသမိုင်းတခုကို မှတ်တမ်းပြုခြင်း ပါဟု တိုက်တွန်း ပါသည်။

အထူးသဖြင့် ဤ စာများကိုရေးဖြစ်အောင် လမ်းဖွင့်ပေးသော မိုးမခ တာဝန်ခံ မောင်ရစ်ကို ပထမဦးစွာ ကျေးဇူးတင် စကားဆိုချင်ပါသည်။ မောင်ရစ်သာ သူဝက်ဘ်ဆိုဒ်တွင် နေရာတခုပေး ဖော်ပြခဲ့ခြင်းမရှိလျှင် စာတအုပ် ဖြစ်သည်အထိ ရေးဖြစ်မည်မထင်။ ထို့ကြောင့်သူ့စေတနာနှင့် နေရာပေးမှူကို အလေးထား မှတ်တမ်းပြုပါသည်။

ထိုနောက် ဒီစာအုပ်အတွက် စိတ်ရှည်ရှည် စောင့်စားရင် စာတအုပ်ဖြစ်သည်အထိ တာဝန်ယူပေးသော စာရေးဆရာ သာအေးညကို အထူးကျေးဇူးတင်ပါသည်။ စာအုပ်အတွက် အမှာစာရေးသားပေးသော စာရေးဆရာအောင်မော် နှင့် ဆရာမကြီး ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ) တို့ကိုလည်း အထူးပင် ကျေးဇူးစကားဆိုချင်ပါသည်။ မိမိရေးသောစာတို့ ဟိုနားသည်နား တပုဒ်စ နှစ်ပုဒ်စသာ မြင်ဘူးသူမိမိအတွက် စာတအုပ် အဖြစ် အားထုတ်ရခြင်း၏ ရင်ခုန်ရသ သည် ဘဝတွင် ပထမဦးဆုံးခံစားရသော စိတ် လှုပ်ရှားမှူပင်ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts